Monday, July 22, 2013

ထိုင်းနိုင်ငံရောက် ရခိုင်ပြည်သူများ ဝါဆိုသင်္ကန်း ကပ်လှူပွဲ ပြုလုပ်

မြတ်နိုးခင်

ထိုင်းနိုင်ငံ၊ စမူစခွန်ခရိုင်၊ မဟာချိုင်မြို့၊ ဝပ်ဘင်ဖိုင်တိယောက် (ခေါ်)ဆဲပုတ် ဘုန်းကြီးကျောင်းတွင် ရခိုင်ပြည်သူများစုပေါင်းပြီး ဝါဆိုသင်္ကန်း ကပ်လှူပွဲကို ဇူလိုင်လ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၂ ရက်နေ့တွင် ကျရောက်မည့် ဝါဆိုလပြည့်နေ့ ဓမ္မစကြာနေ့တွင် မလုပ်ပဲ ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြုလုပ်ရခြင်းနှင့် ထိုဝါဆိုသင်္ကန်းကပ်လှူပွဲ ပြုလုပ်ရခြင်းကို ဦးဆောင်ပါဝင်သူ ကိုသွေးမင်းထက်က ယခုလိုပြောသည်။

" အမှန်တော့ ၂၂ ရက်နေ့မှ ဝါဆိုလပြည့် ဖြစ်ပေမယ့် ၂၁ ရက်နေ့လုပ်ရတာက အလုပ်သမားတွေက ဒီနေ့မှ အားကြလို့ပါ။ ဒီမှာက အများစုက စက်ရုံအလုပ်သမားတွေ ဖြစ်တာကြောင့်မို့လို့ သူတို့အလုပ်ပိတ်တဲ့အချိန်မှာပဲ လုပ်လို့ရပါတယ်။ ရည်ရွယ်ချက်က နှစ်တိုင်းလုပ်နေကြဖြစ်သလို ဗုဒ္ဓဘာသာတွေရဲ့ ရိုးရာ ဓလေ့ထုံးတမ်း စဉ်လာအရဖြစ်သလို နေ့ထူးနေ့မြတ်လည်း ဖြစ်တဲ့အတွက် ဒီဝါဆိုသင်္ကန်းကပ်လှူပွဲကို ပြုလုပ်ရတာ ဖြစ်ပါတယ်။ " ဟု ပြောသည်။

သင်္ကန်းကပ်လှူရန်အတွက် သံဃာတော် ၅ ပါးကိုပင့်ပြီး ဆဲပုတ် ဘုန်းကြီးကျောင်းမှ သံဃာတော် ၂ ပါးနှင့် ဘန်ကောက် တက္ကသိုလ်မှာ ပညာသင်နေကြသော သံဃာတော် ၃ ပါးတို့ဖြစ်ကြောင်း သိရသည်။ ၄င်းပွဲသို့ ရခိုင်တိုင်းရင်းသားများအပါအ၀င် အခြားဗမာတိုင်းရင်းသားများမှလည်း စုစုပေါင်းလူဦးရေ ၃၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝါဆိုသင်္ကန်းကပ်လှူပွဲကို ယခုတစ်ကြိမ်ပြုလုပ်ရခြင်းသည် ၂ ကြိမ်မြောက်ပြီးဖြစ်ပြီး ယခင်နှစ်ကလည်း ပထမအကြိမ် ဝါဆိုသင်္ကန်းကပ်လှူပွဲကို မဟာချိုင် ရပ်ကွက် နိမ့်ခွန် ရပ်ကွက်တစ်ခုတည်းမှ လူငယ်များမှ ဦးဆောင်ကျင်းပခဲ့ပြီး ဟောက်စပိုင် အိမ်ယာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝါဆိုလပြည့်နေ့ ဓမ္မစကြာနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ် တစ်ရက် ဖြစ်သည့်အပြင် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်တွင် မြတ်စွာဘုရားရှင်သည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ ဝါဆိုလပြည့်နေ့ နေဝင် လထွက်အချိန်တွင် ပဉ္စဝဂ္ဂီ ငါးဦးတို့အား ဘုရားအဖြစ်ကို ဝန်ခံသောအားဖြင့် ဓမ္မစကြာတရားတော်ကို ဟောကြားတော်မူခဲ့သောကြောင့် ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာနေ့ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်း ဖြစ်ပါသည်။

No comments: