Monday, July 22, 2013

သံလွင်မြစ်ကြောင်းရှိ ကျွန်းများဝယ်ယူရန် တရုတ်နှင့် ဂျပန်တို့ စိတ်ဝင်စား

Dawei Watch | တနင်္လာနေ့၊ ဇူလိုင်လ ၂၂ ရက် ၂၀၁၃

မွန်ပြည်နယ်၊ မော်လမြိုင်နှင့် မုတ္တမကြား သံလွင်မြစ်ကြောင်းရှိ ကျွန်းများကို အာရှစီးပွာရေးအင်အားကြီး နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်နှင့် စင်ကာပူနိုင်ငံများမှ ဝယ် ယူရန် စိတ်ဝင်စားနေကြောင်း မုတ္တမမြို့ ရှေးဟောင်းအမွေအနှစ်များ ရှာဖွေဖော်ထုတ် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ သန်းဦးမှ ပြောသည်။

မုတ္တမ အရှေ့ဘက်တောင်တန်း ဟိုတယ်ဇုန်မှ ဟိုတယ်များ ဆောက်လုပ်ရန် မြေနေရာများကို လာရောက် ဝယ်ယူကြပြီးနောက် ၎င်းကျွန်းများပေါ်တွင် ဟိုတယ်များ ဆောက်လုပ်ရန်အတွက် လက်ဦးမှုအနေနှင့် လာရောက်ဝယ်ယူခြင်းဖြစ်ကြောင်း ဒေါက်တာသန်းဦးက ပြောသည်။

“သူတို့ဘက်ကတော့ ဈေးနှုန်းကမ်းလှမ်းတာမျိုး မရှိဘူး။ ဒေသခံတွေရဲ့ ခေါ်ဈေးကို အဓိကထားမေးတယ်။ဘောင်တင်ကျွန်း (တာပတ်ထားသောကျွန်း)တစ်ဧကကို အရင်က သိန်း ၄၀ ခန့်လောက်ရှိတယ်” ဟု ဒေါက်တာ သန်းဦးက ပြောသည်။

ဒေသဖွံ့ဖြိုးရေးကို အဓိကထားပြီး အမှန်တကယ် လုပ်ငန်းလုပ်ဆောင်မည့်သူများကိုသာ ရောင်းချပေးသွားမည်ဟု ကိုတေးကျွန်းကို ပိုင်ဆိုင်ထားသူလည်းဖြစ်သည့် ဒေါက်တာသန်းဦးက ပြောသည်။

မွန်ပြည်နယ်ရှိ ဟိုတယ်ဇုန် မြေဈေးကွက်များ ဈေးကစားမှု ထိန်းချုပ်ရန်အတွက် မွန်ပြည်နယ်စီးပွားရေးနှင့် စီမံကိန်း ဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ဟိုတယ်ဇုန်မြေနှင့် ပတ်သက်သည့် ဥပဒေတစ်ရပ် ထုတ်ပြန်ရန်ရှိသည်ဟု ပြောဆိုထားကြောင်း မုတ္တမဟိုတယ်ဇုန်ပေါ်တွင် ဟိုတယ်တည်ဆောက်နေသည့် သီရိဟံသာကုမ္ပဏီမှ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးအောင်ကျော်မိုးက ပြောသည်။

“ဥပဒေရှိမယ်ဆိုရင် မြေကစားတာတွေ မဖြစ်တော့ဘူးပေါ့” ဟု ဦးအောင်ကျော်မိုးက ပြောသည်။

သံလွင်မြစ်ကြောင်းပေါ်၌ အောင်မင်္ဂလာ၊ မြရတနာ၊ ကိုတေးကျွန်းများ အပါအဝင် ကျွန်းပေါင်း ၂၀ နီးပါးရှိသည်။ ယင်းကျွန်းများသည် ပုဂ္ဂလိက တစ်ဦးတည်းပိုင်သော ကျွန်းများနှင့် အများစုပေါင်းပိုင် ဆိုင်သောကျွန်းများဖြစ်ပြီး အချို့ကျွန်းကြီးများမှာ ဧက ၄၀ နီးပါးရှိသည်။ အချို့နေရာများတွင် သီးနှံများ စိုက်ပျိုးထားကြသည်။

No comments: