Friday, July 19, 2013

ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ဖို့ အားယူ နေတဲ့ မွန်ပြည်နယ်

ရွှေဟင်္သာ

ပည်နယ် စီးပွားရေး ဖွံဖြိုး တိုးတက်ရေး အတွက် အခြေခံ ထွက်ကုန် စပါးနှင့် ရာဘာကို အမှီသဟဲ ပြုသလို အခြား တစ်ဖက်၌လည်း ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက် အောင်လည်း လုပ်ဆောင် သင့်ကြောင်း မွန်ပြည်နယ် စီးပွား/စီမံ ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးမှ ပြောသည်။

“ကျွှန်တော်တို့ မွန်ပြည်နယ်ရဲ့ အဓိက ထွက်ကုန်က စပါးနဲ့ ရာဘာပဲ ရှိတာလေ၊ ပြည်နယ် စီးပွားရေး ဖွံ့ဖြိုးဖို့ဆိုတာ အခြား စီးပွား ကဏ္ဍ တွေကိုလည်း လုပ်ရမှာ၊ အဲဒီ ထဲက ခရီးသွား လုပ်ငန်း ကတော့ ဖြစ်နိုင်ခြေ ရှိတဲ့ အရာ တစ်ခုပါ၊ အဲဒီ ကိစ္စကိုလည်း ကျွှန်တော်တို့ စပြီး အကောင် အထည် ဖော်နေပါပြီ” ဟု ဒေါက်တာ မင်းနွယ်စိုးမှ ပြောသည်။

ပြည်နယ် ခရီးသွား လုပ်ငန်း ဖွံဖြိုး တိုးတက်ရေး အတွက် မွန်ပြည်နယ် အစိုးရမှ ကဏ္ဍကြီး များကို ချမှတ် ဆောင်ရွက် နေသည် ဖြစ်ကာ ၄င်းတို့မှာ (၁) ဟိုတယ်ဖွံ့ဖြိုး တိုးတက်ရေး၊ (၂) ခရီး သွားလာမှု ဖွံ့ဖြိုး တိုးတက်ရေး၊ (၃) ဧည့်လမ်းညွှန် ကဏ္ဍ (၄) သယ်ယူ ပို့ဆောင်မှု ကဏ္ဍ ဝန်ဆောင်မှု ပေးရေး၊ (၅) နိုင်ငံခြားသား များအား ဆွဲဆောင်မှု ဖြစ်စေမည့် အမှတ်တရ ပစ္စည်း ထုတ်လုပ် ရေးနှင့် ရောင်းဝယ်ရေး ဈေးကွက်၊ (၆) ခရီးသွား ဧည့်သည် များအတွက် အာမခံနှင့် လုံခြုံရေး စသည့် ကဏ္ဍ များကို အကောင် အထည် ဖော်ဆောင် နေပြီ ဖြစ်ကြောင်း ဆိုပါသည်။

မွန်ပြည်နယ် မုတ္တမမြို့ အနီးရှိ မုတ္တမ ဟိုတယ်ဇုန်မှ ဟိုတယ်များ စတင် ဆောက်လုပ် နိုင်ရန် အတွက် ဒီဇိုင်းများ စတင် ဆွဲနေပြီ ဖြစ်ကာ မကြာမီ ဆောက်လုပ် နိုင်တော့မည် ဖြစ်ကြောင်းနှင့် ၄င်းမုတ္တ ဟိုတယ်ဇုန် ဟိုတယ်ဇုန်အပြင် သဘာဝအခြေခံ ခရီးသွားဇုန်၊ ဘာသာရေးဇုန် တို့လည်း ပါဝင် ပါသည်။

မွန်ပြည်နယ် အစိုးရမှ မုတ္တမ ဟိုတယ်ဇုန် အပါအ၀င် ကင်မွန်းစခန်း ဟိုတယ်ဇုန်၊မော်လမြိုင် ဟိုတယ်ဇုန် ဟူသည့် ဟိုတယ်ဇုန် သုံးခုကိုပြည်နယ်၏ ခရီးသွား လုပ်ငန်း တိုးတက်ရေး စီမံကိန်း အတွက် ချမှတ် ဆောင်ရွက် နေလျက် ရှိကြောင်း ပြည်နယ် ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးမှ ပြောသည်။

“ဟိုတယ်တွေ ဖွံ့ဖြိုး တိုးတက်ဖို့ ဆိုတာက အရေ အတွက်ရော အရည် အသွေးရော ကောင်းမွန်အောင် ဂရုစိုက် သွားရမယ်၊ ဧည့်လမ်းညွှန် တွေက မရှိ မဖြစ် လိုအပ် ချက်ပါ၊ လည်ပတ် သူတွေ လုံခြုံရေး အတွက် Tourist Police တွေလည်း ထားဖို့ လိုတယ်၊ လိုအပ်ချက် တွေကလည်း အများကြီး ရှိနေ ပါတယ်” ဟု ပြည်နယ် စီးပွား/စီမံ ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးက ပြောသည်။

ခရီးသွား ဧည့်သည် များအား ဆွဲဆောင်မှု ရှိသည့် နေရာ တစ်ခု ဖြစ်သည့် ပေါင်မြို့နယ် ဇင်းကျိုက် ကျေးရွာရှိ ဇင်းကျိုက် ရေတံခွန်ကို အဆင့်မြင့် အပန်းဖြေ စခန်းအဖြစ် လုပ်ဆောင် သွားရန်လည်း ရှိနေ ပါသည်။ ယမာန်နေ့ ညနေ (၄) နာရီ ခန့်၌လည်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်မှ ဇင်းကျိုက် ရေတံခွန်ရှိ အပန်းဖြေစခန်း ဆောက်လုပ်ရန် ရာထားသည့် နေရာအား သွားရောက် ကြည့်ရှူ့ ခဲ့ပါသည်။ ၄င်းပြင် မော်လမြိုင်မြို့ရှိ သံလွင်ဥယျာဉ် ၌လည်း အဆင့်မြင့် ဈေးဝယ် စင်တာ တစ်ခု တည်ဆောက်ရန် ရှိနေပါသည်။

ဤသည်ကား ပြည်နယ် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် မွန်ပြည်နယ်မှ ပြင်ဆင် နေမှုများ ဖြစ်ပါသည်။ သို့သော်လည်း ၄င်းလုပ်ငန်းစဉ်များ အကောင် အထည် ဖော်နိုင်ရန် အတွက်မူ နိုင်ငံတော် ဘဏ္ဍာဖြင့် အသုံးပြု အကောင်အထည် ဖော်နိုင်ဖွယ် မရှိ ဖြစ်နေကာ ပုဂ္ဂလိက ရင်းနှီး မြုပ်နှံသူ များအား အဓိက မှီခို နေရ ပါသည်။

လက်မှု လုပ်ငန်း ထွက်ကုန်များ ထွက်ရာ ကျော်ကြားသည့် မော်လမြိုင် တစ်ဖက်ကမ်းရှိ ဘီလူးကျွှန်းနှင့် တံတား တစ်စင်း တည်ဆောက်ရန် အတွက် သမ္မတ ဦးသိန်းစိန် ကပင် သဘောတူ ထားသော်လည်း ၄င်းစီမံချက် များကိုမူ ပြည်နယ် အစိုးရမှ စီမံ ခန့်ခွဲခွင့် မရှိပဲ ပြည်ထောင်စု အစိုးရနှင့်သာ သက်ဆိုင် သည်ဟု ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးမှ ပြောသည်။ ၄င်းတံတား တည်ဆောက်ရေး လုပ်ငန်း သည်လည်း လာမည့် ၂၀၁၄-၂၀၁၅ ခုနှစ်များ အတွင်းမှသာ စတင် အကောင်အထည် ဖော်နိုင်မည် ဖြစ်ကြောင်းလည်း ဆိုပါသည်။

ထိုင်းနိုင်ငံ မဲဆောက်မှ မော်လမြိုင်သို့ လေကြောင်း ခရီးစဉ် သည်လည်း လာမည့် စက်တင်ဘာလ အတွင်း စတင် ပြေးဆွဲမည် ဖြစ်သည်။

မွန်ပြည်နယ်သည် ပထဝီ အနေအထား အရသော် လည်းကောင်း ရာသီ ဥတု အနေအထား အရသော် လည်းကောင်း လည်ပတ်ရန် ကောင်းသည့် ဒေသ တစ်ခု ဖြစ်သည်။ မွန်ပြည် နယ်တွင် နာမည် ကျော်ကြားသည့် လည်ပတ်ရန် နေရာ အချို့မှာ ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုး စေတီတော်၊ မော်လမြိုင် မြို့ပေါ် တဝိုက်၊ မုဒုံ မြို့နယ်ရှိ အတောင် (၄၀၀) ပြည့် ကျောက်တလုံး လျောင်းတော်မူ ဘုရား၊ သံဖြူဇရပ် မြို့အနီးရှိ ကြာကန် စစ်သင်္ချိုင်း၊ သေမင်း တမန် မီးရထားလမ်း၊ စက်စဲ ကမ်းခြေ၊ ကျိုက္ခမီ ဘုရားတို့မှာ လူသိ များသည့် လည်ပတ်စရာ နေရာများ ဖြစ်သည်။

No comments: