Wednesday, July 17, 2013

စစ်တပ်နှင့် ကုမ္ပဏီများ မြေသိမ်းမှုကို လွှတ်တော်တွင် ပြင်းပြင်းထန်ထန် ဝေဖန်

မင်းမင်း၊ သိင်္ဂီထွန်း

မြန်မာနိုင်ငံ တစ်နံတလျား မြေသိမ်းယူမှုများနှင့် ပတ်သက်၍ လွှတ်တော်အတွင်း ဇူလိုင်လ ၁၅ ရက်က ဆွေးနွေးခဲ့ကြရာ လွှတ်တော်အမတ်များက စစ်တပ်အပါအ၀င်၊ အာဏာပိုင်များ၊ ကုမ္ပဏီများကို အပြင်းထန်ဆုံး စကားလုံးများဖြင့် ဝေဖန်ခဲ့ကြသည်။

မအူပင်မြို့နယ်၏ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးစိန်ဝင်းက လယ်မြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်၏ တွေ့ရှိချက်များတွင် ကုမ္ပဏီများ၊ ဌာနဆိုင်ရာ ပုဂ်္ဂိုလ်များ၊ အုပ်ချုပ် ရေးမှူးများသည် လယ်မြေ သိမ်းခံရမှုများအတွက် လိမ်လည်နေကာ၊ လယ်သမားများအပေါ် ဓါးပြတိုက် ကဲ့သို့ လုပ်ဆောင်နေသည်ဟု ဝေဖန် ပြောဆိုသွားသည်။

ဓားပြတိုက်သလို ခံစားနေရ


“ကုမ္ပဏီတွေကလည်း လိမ်တာ တွေ့ရပါတယ်။ အုပ်ချုပ်ရေးတွေကလည်း ဖုံးဖိတာ တွေ့ရပါတယ်။ ဌာန ပုဂိ္ဂုလ်တွေကလည်း ဖာပေးတာတွေ တွေ့ရပါတယ်။ အုပ်စုလိုက် အနုကြမ်းစီးပြီးတော့ တောင်သူလယ် သမားတွေအပေါ်မှာ မြေဓါးပြတိုက်သလို ဆောင်ရွက်ကြတာ တွေ့ရှိရပါတယ်”ဟု ဆွေးနွေးသွားခဲ့သည်။

လယ်မြေများ သိမ်းယူမှုတွင် အုပ်ချုပ်ရေးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆက်နွယ်နေသည့် ကုမ္ပဏီများလည်း ပါဝင်နေသည်ဟု ဦးစိန်ဝင်းက ဆိုလိုက်ပြီး တိုင်းနှင့် ပြည်နယ်အစိုးရများ၊ ပြည်ထောင်စု အစိုးရတို့ ဖြေရှင်းပေးရန် တာဝန်ရှိသော်လည်း တိကျသည့် လမ်းညွှန်မှု မရှိဟုလည်း သူက ဆိုသည်။

“မူဝါဒများ ချမှတ်တိုက်တွန်းမှု မပါရှိသည့်အတွက် သက်ငယ်ချောင်းနဲ့ ခေါင်းလောင်းထိုးသလို အကျိုးမရှိ အရာမထင် ဖြစ်နိုင်ပါကြောင်း တင်ပြအပ်ပါတယ်”ဟု ဆွေးနွေးသွားသည်။

“တိတိကျကျ၊ ပြတ်ပြတ်သားသား လမ်းညွှန်မှု မပြုနိုင်ပါက ပြည်သူလူထုက ကျွန်တော်တို့ဟာ အတိတ် မေ့တဲ့သူ၊ရွှေပျောက်ချင်ယောင်ဆောင်တဲ့သူ မပြတ်သားသောသူ၊ ဟိုလိုလို ဒီလိုလို အမတ်များအဖြစ် အပြစ်တင် အခေါ်ခံရမှာ သေချာပါတယ်”ဟု ဦးစိန်ဝင်းက ဆွေးနွေးသွားခဲ့သည်။

လယ်မြေတွေဟာ တပ်နဲ့ ဘာမျှမဆိုင်

လက်ပန်တန်းမဲဆန္ဒနယ်မှ ဦးကျော်မင်းကမူ တပ်မှ လယ်မြေများသိမ်းယူထားမှုကို ဝေဖန်လိုက်ပြီး ထိုမြေများကို လယ်သမားတို့လက်အတွင်း အမြန်ဆုံး ပြန်အပ်ရန် တောင်းဆိုလိုက်သည်။

“ဒီလယ်ယာမြေတွေဟာ တပ်ရင်း တပ်ဖွဲ့တွေနဲ့ ဘယ်လိုမှ မဆိုင်ဘူးလို့ ထင်မြင်မိပါတယ်။ အခု သိမ်းဆည်းခံရတဲ့ လယ်သမားတွေ အားလုံးဟာ ဒီလယ်ယာမြေတွေကို သူတို့ကိုယ်တိုင် သူတို့သွေးတွေ၊ သူတို့ချွေးတွေနဲ့ မြေလွတ်မြေရိုင်းတွေကနေပြီးတော့ လယ်ချောဖြစ်အောင် ဖော်ဆောင်ခဲ့တဲ့ လယ်သမား တွေဖြစ်ပါတယ်။ သိမ်းဆည်းတဲ့သူတွေကတော့ ဒီလယ်ယာမြေတွေ ချောတော့မှ သိမ်းဆည်းတာ ဖြစ်ပါ တယ်”ဟု ဝေဖန် ဆွေးနွေးခဲ့သည်။

လိုတာထက် ပိုသိမ်းသည့် စစ်တပ်

သနပ်ပင်မြို့နယ်မှ ဦးမြင့်ဦးကလည်း တပ်မှ လယ်မြေသိမ်းယူမှု အခြေအနေများကို တင်ပြခဲ့ပြီး လိုအပ်သည်ထက် ပိုမို သိမ်းယူမှုများ အများအပြား ရှိနေသည်ဟု ဦးမြင့်ဦးက ဆွေးနွေးသည်။

“တပ်ဝန်းအပြင်ဘက်ကို သိမ်းဆည်းတာ၊ လိုအပ်တာထက်ပိုပြီး သိမ်းဆည်းတာ တစ်ဆက်တစ်စပ်တည်း မဟုတ်ဘဲ သိမ်းဆည်းတာ မြို့ကျော်၊ နယ်ကျော်ပြီးတော့ သိမ်းတာတွေ နောက်တစ်ခါ တိုင်းကျော်၊ ပြည်နယ်ကျော်ပြီးတော့ သိမ်းတာတွေအထိ ရှိပါတယ်”ဟု ဦးမြင့်ဦးက ဆွေးနွေးခဲ့သည်။

တိုင်စာပေါင်း မြောက်များစွာ ရရှိထားပြီး လယ်မြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်၏ စစ်ဆေးမှုများ နှောင့်နှေးနေမှုများလည်း ရှိနေသည်ဟု ဆိုသည်။

စစ်တပ်က ပိုပြီး သြဇာရှိလို့လား

အလားတူပင် လယ်မြေများ သိမ်းဆည်းထားသည့် စစ်တပ်ကို မကွေးမဲဆန္ဒနယ်မှ ဦးမြင့်သိန်းက မေးခွန်း ထုတ်လိုက်သည်။

“ကနေ့ တပ်ပိုင်မြေ မကျူးကျော်ရ၊ ရဲစခန်းပိုင်မြေ မကျူးကျော်ရ၊ ဘယ်ဝန်ကြီးဌာနပိုင်မြေ မကျူးကျော်ရ ဆိုပြီးတော့ နိုင်ငံတော်က ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ရေထု၊ မြေထု၊ လေထုမှန်သမျှ နိုင်ငံတော်က ပိုင်သည်လို့ ဆိုထားတယ်။ အဲ့တော့ နိုင်ငံတော်ထက်သူတို့က ပိုပြီးတော့ သြဇာအာဏာများ ရှိနေပါသလား။ လန ရှိတယ် ၊ လန ရှိတယ်ဆိုပြီး တောင်သူလယ်သမားတွေဆီက မတရား သိမ်းနေတာက ဒါဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စပါ”ဟု ဦးမြင့်သိန်းက မေးခွန်းထုတ်သည်။

လယ်သိမ်းသူတွေကို အရေးယူသင့်

လယ်မြေများ သိမ်းဆည်းခံရခြင်းကြောင့် ဆန္ဒပြသည့် လယ်သမားများကို ဖမ်းဆီးခြင်းမှာ သဘာဝမကျဘဲ၊ သိမ်းဆည်းသူများကိုသာ အရေးယူသင့်သည်ဟုလည်း ဦးမြင့်သိန်းက ထောက်ပြလိုက်သည်။

“ဒီလယ်ယာမြေလည်း သိမ်းဆည်းခံရလို့ ပြန်ရဖို့အရေး တင်ပြတဲ့ လယ်သမားတွေကျတော့ အဖမ်းခံရ၊အ ဆီးခံရနဲ့ ဒီနေ့အချိန်ထိ အချုပ်ထဲမှာ ရှိနေကြတယ်ဆိုတာ ကျွန်တော်တို့ တရားဥပဒေ စိုးမိုးရေးကို နိုင်ငံ တော်ရဲ့ Image ကို ထိခိုက်စေတယ်လို့ ခံယူပါတယ်။ မတရားသိမ်းဆည်းတဲ့ ပုဂိ္ဂုလ်များကို မတရားမှုတ ရားဥပဒေနဲ့ပဲ ထိုက်သင့်တယ်”ဟု ဦးမြင့်သိန်းက ထောက်ပြပြောဆိုသည်။

လယ်သိမ်းပွဲတွေ ခြိမ်းခြိမ်းညံ

ထန်းတစ်ပင်မြို့နယ်မဲဆန္ဒနယ်မှ ဦးစိန်ထွန်းကမူ မြန်မာနိုင်ငံတ၀ှမ်း လယ်သိမ်းမှုများ ခြိမ်းခြိမ်းညံလျက် ရှိနေသည်ဟု ဆိုလိုက်ပြီး ဤအခြေအနေများသည် ဒီမိုကရေစီကျင့်ထုံးများကို လိုက်နာခြင်းမရှိခြင်းကြောင့် ဟု ဆိုသည်။

“ဒီကနေ့ မြေသိမ်းပွဲတွေ ခြိမ်းခြိမ်းညံပြီး တောင်သူ လယ်သမားကြီးတွေ အနာဂတ် ပျောက်နေတာဟာ ဘာကြောင့်ဖြစ်ပေါ်လာရသလဲဆိုတာ ပြည်ထောင်စုလွှတ်တော်ကြီးက သတိကြီးကြီးထားပြီးတော့ စဉ်းစားသုံးသပ်ရမယ့် အချိန်ကာလ ရောက်နေပြီလို့ ထင်မြင်ယူဆပါတယ်။ မြေသိမ်းပြဿနာတွေကို ကြည့်ခြင်းအားဖြင့် ဒီမိုကရေစီ စံချိန်စံညွှန်း ဒီမိုကရေစီ ကျင့်ထုံးကျင့်နည်းတွေကို လက်ခံကျင့်သုံးခြင်း မရှိလို့သာ မြေသိမ်းပွဲတွေ ဖြစ်လာတယ်လို့ ထင်မြင်ယူဆမိပါတယ်။”

ဖွဲ့စည်းပုံပါ အခွင့်အရေး လယ်သမားတို့ မရ

ဦးစိန်ထွန်းက တပ်မတော်၊ ကုမ္ပဏီ၊ အဖွဲ့အစည်းများ ရရှိသည့် အခွင့်အရေးနှင့် တောင်သူလယ်သမားတို့ ရရှိသည့် အခွင့်အရေးမှာ ကွာဟလျက် ရှိနေသည်ဟုလည်း ထောက်ပြသွားခဲ့သည်။

“လယ်သိမ်းခံရတဲ့ လယ်သမားများအတွက်မှာတော့ လယ်သိမ်းယူသူ တပ်မတော်များ၊ ကုမ္ပဏီများ၊ သူဌေးကြီးများ၊ အဖွဲ့အစည်းများ ၊ လုပ်ပိုင်ခွင့် အာဏာရှိသူများနဲ့ ဥပဒေရဲ့ အကာအကွယ် ရယူခံစားမှုမှာ လွန်စွာ ကွာဟပြီးတော့ လယ်သမားတွေကို တရားစွဲ၊ ဖမ်းဆီး၊ ထောင်ချ အရေးယူနေတာတွေကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ အခွင့်အရေးတွေကို တောင်သူလယ်သမားတွေဟာ လုံးဝ တန်းတူညီမျှ မရတာပေါ်လွင်ပါတယ်”ဟု ဝေဖန် ထောက်ပြခဲ့သည်။

မူဝါဒ မှားယွင်းမှုကြောင့် လယ်သိမ်းမှုတွေဖြစ်

သံဖြူဇရပ်မြို့နယ်မဲဆန္ဒနယ်မှ ဦးသိန်းအောင်ကမူ လယ်သိမ်းမှုများသည် မူဝါဒမှားယွင်းမှုများကြောင့် ဖြစ်ရသည်ဟု ဆိုလိုက်ပြီး လယ်ယာသိမ်းမှုများမှာ လိုအပ်သည်ထက် ပိုမို များပြားလျက် ရှိနေသည်ဟု ဆိုသည်။

“တိုင်းပြည်အတွက်ကို အကြောင်းပြု၍ ကိုယ်ကျိုးရှာသူများ ၊ ပုဂ်္ဂိုလ်အကျိုးအတွက် သိမ်းယူမှုများလည်း လိုအပ်သည်ထက် ပိုမိုနေသည်ကို တွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ သုံးသပ်ချက်မှာ ထိုစဉ်ကချမှတ်တဲ့ မူဝါဒ မှားယွင်းခြင်းကြောင့် ဖြစ်ခဲ့ရပါတယ်။ မူဝါဒကြောင့် ယခုကဲ့သို့ မလိုအပ်ဘဲ လယ်သိမ်းမှု ဖြစ်ပွားခဲ့ရတယ်လို့ ယူဆရပါတယ်။ ယခု ဒီမိုကရေစီခေတ် ရောက်သောကာလတွင် မလိုအပ်ဘဲ သိမ်းဆည်းထားသော မြေများကို ပိုင်ရှင်သို့ပြန်ပေးရန် လိုအပ်နေပါသည်။ မြေယာ စုံစမ်းရေးကော်မရှင်သည် တစ်နှစ်မျှ စုံစမ်းစစ်ဆေးရေး လုပ်နေသည်လို့ ကြားသိရပါတယ်။ သို့သော် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်သို့ တစ်ခေါက်မျှ လာရောက်ခြင်း မရှိခဲ့ပါ။”

လယ်သမားတွေကို လက်နက်ပြ ခြိမ်းခြောက်

ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ဒေါ်စန္ဒာမင်းက လယ်သိမ်းသူများသည် လယ်သမားတို့ကို မဖြစ်စလောက် လျော်ကြေးသာပေးပြီး လက်နက်ပြ ခြိမ်းခြောက် လယ်သိမ်းယူသည်ဟု ပြောဆိုသွားခဲ့သည်။

“စီမံကိန်းလွတ်မြေတွေကို တောင်သူတွေက ပြန်ပေးမလားဆိုပြီး မျှော်နေပါတယ်။ ဒါ့အပြင် တပ်မတော် အရာရှိကြီးတစ်ဦးက တစ်ချိန်က သူ့ရဲ့လုပ်ပိုင်ခွင့်ကို အသုံးချပြီး လယ်သမားတွေရဲ့ မြေယာပိုင်ဆိုင်မှု စာရွက်စာတမ်း မပြနိုင်ခဲ့တဲ့ပေါ်မှာ အခွင့်ကောင်းယူပြီး အာဏာပိုင်နဲ့ပေါင်း၊ မြေခွန်တွေကို ၎င်းနာမည်နဲ့ ပြန် လည်ဆောင်ပါတယ်။ လယ်သမားတွေကို လက်နက်ပြ အတင်းခြိမ်းခြောက်ပြီး လယ်ယာမြေထဲကမောင်းထုတ်တဲ့ ကိစ္စတွေကို လယ်ဝေးမြို့နယ်မှာ မနေ့တနေ့ကပဲ ဖြစ်ခဲ့ရပါတယ်။” ဟု ထောက်ပြ ဝေဖန်သွားသည်။

ကုမ္ပဏီအချို့ကို အရေးယူပေးရန် တင်ပြ

ရန်ကုန်တိုင်း ထန်းတစ်ပင်အမတ် ဦးသိန်းရီကမူ ကုမ္ပဏီများ၏ လယ်မြေသိမ်းယူမှုများကို တင်ပြ ပြောဆို သွားခဲ့သည်။

“အချို့သော ကုမ္ပဏီများသည် လန ၃၉ ရရှိသည့်အခြေအနေများကို ပိုမို အသုံးပြု၍ နီးစပ်ရာ လယ်သမား ပိုင်မြေကို လက်ညှိုးထိုး မတရားသိမ်းပိုက် ရယူထားကြောင်း လုပ်ပိုင်ခွင့်မရရှိဘဲ လယ်သမားများက မိမိ လယ်မြေတွင် ၀င်ရောက်ထွန်ယက်သဖြင့် ကုမ္ပဏီများက တရားစွဲဆို အရေးယူဆောင်ရွက်ထားကြောင်း၊ ကုမ္ပဏီ၏ လုပ်ပိုင်ခွင့်မရှိဘဲ မတရား ကျူးကျော် အနိုင်ကျင့်မှုများကြောင့် လက်ငုတ် လယ်သမားမိသားစု မှာ စိတ်မချမ်းမသာနဲ့ ကြုံတွေ့ ခံစားရမှုများအပေါ် အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးနိုင်ရန် အကြံပြု တင်ပြအပ်ပါသည်။”

“ကျွန်တော်တို့မြို့နယ်မှာ ထူးကုမ္ပဏီမှ လယ်သမား ၂၇ ဦး၏ လယ်ယာမြေ ၇၀၀ ကို တစ်ဧကလျှင် သုံးသိန်းနှုန်းဖြင့် ၂၀၀၉ ခုနှစ်တွင် မြို့နယ် မယကနှင့် ညှိနှိုင်းပြီး ၎င်းအချိန်မှစ၍ ယနေ့အထိ စီမံကိန်းများ ဆောင်ရွက် လုပ်ကိုင်ခြင်း မရှိပါ။ မူလ လက်ငုတ် လယ်သမားများမှာ သီးစားခ မပေးရဘဲ ဆောင်ရွက်စေခဲ့ပါသည်။ ယခုအချိန်တွင် လယ်မြေ တစ်ဧက၏ ပေါက်ဈေးမှာ သိန်း ၅၀ သိန်း ၁၀၀ ဖြစ်နေသောကြောင့် လယ်သမားများဘ၀မှာ လွန်စွာနစ်နာနေပြီး လယ်ယာမြေများဆုံးရှုံးနစ်နာမှုကို စိုးရိမ်နေကြပါသည်။ သက်ဆိုင်ရာမှ ဒီလိုအခြေအနေတွေကို စုံစမ်းလေ့လာ ဖော်ထုတ်ပြီး ညှိနှိုင်းဆောင်ရွက်ပေးသင့်ကြောင်း အကြံ ပြု တင်ပြအပ်ပါတယ်။”

No comments: