Sunday, July 14, 2013

ရှမ်း တောင်ပိုင်းတပ်နှင့် အစိုးရကိုယ်စားလှယ်များ တွေ့

ဖနိဒါ | တနင်္ဂနွေနေ့၊ ဇူလိုင်လ ၁၄ ရက် ၂၀၁၃

ရှမ်းပြည် တောင်ပိုင်း တပ်မတော် (RCSS/SSA) နှင့် အစိုးရဘက်မှ နည်းပညာ အထောက်အကူပြုအဖွဲ့ Technical Team တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် သောကြာနေ့က တွေ့ဆုံခဲ့သည်ဟု နှစ်ဖက် ကိုယ်စားလှယ်များက ပြောသည်။

ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ၏ နည်းပညာ အထောက် အကူပြုအဖွဲ့မှ ဦးလှမောင်ရွှေ ဦးဆောင်ပြီး အဖွဲ့ဝင် ခြောက်ဦးနှင့် RCSS/SSA မှ အတိုင်ပင်ခံ ဦးခွန်ဆိုင်း ဦးဆောင်သော ကိုယ်စားလှယ် သုံးဦးတို့ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ကျောက်မဲနှင့် မိုင်းပန်မြို့တွင် ဆက်ဆံရေးရုံးဖွင့်လှစ်ရေး တင်ပြထားမှုအပေါ် ထပ်မံတင်ပြ ဆွေးနွေးခဲ့သည်ဟု RCSS/SSA မှ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်စိုင်းမိန်းက မဇ္ဈိမကို ပြောသည်။

“အဓိကတော့ ကျနော်တို့ ဆက်ဆံရေးရုံးတွေ ထပ်ဖွင့်ဖို့ တင်ပြထားတာ ရှိတယ်။ သူတို့က ဆုံးဖြတ်ချက် ပေးမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် အထက်ကို တင်ပြပေးဖို့ ပြောတယ်”ဟု ဆိုသည်။

ဆက်လက်၍ “နေ့လည် ၁ နာရီကနေ ညနေထိ တွေ့ဖြစ်တယ်။ ကျနော်တို့က နေပြည်တော်ကနေ ပြန်လာတဲ့နောက်ပိုင်း တချို့အကြောင်းအရာတွေက လုပ်ဖြစ်တယ်။ တချို့ မလုပ်ရသေးတဲ့ အကြောင်းတွေ နားလည်မှု ကွဲလွဲနေတာတွေ ဆွေးနွေးတယ်” ဟု ၎င်းက ဆက်ပြောသည်။

No comments: