Friday, July 5, 2013

တရားမ၀င် လမ်းကြောင်းမှ လူကုန်ကူးမှုများကို ကယ်ထုတ်နိုင်ခဲ့

ရွှေဟင်္သာ

တရားမ၀င် လမ်းကြောင်းဖြစ်သော မြန်မာနိုင်ငံတောင်ပိုင်း ကော့သောင်း ခရိုင် ပေါက်ခေါင်းကျေးရွာမှ တဆင့်ထိုင်းနိုင်ငံ ဆမုတ် ပရာကန် ခရိုင် မဲကလောင်၌ ရောင်းစား ခံထားရသော မြန်မာနိုင်ငံသား (၁၁) ဦးကို ကယ်ထုတ်နိုင်ခဲ့သည်ဟု ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့(MAT) က ဆိုပါသည်။

“ ဒီအသုတ်မှာ အားလုံးပေါင်း (၃၈) ဦး ရှိပါတယ်။ ငါးဖမ်းလှေအတွက် ရောင်းချထားတဲ့ သူတွေပါ။ ပထမမှာတော့ တစ်ယောက်ကိုဘဲ ကယ်ထုတ်နိုင်ခဲ့တယ်။ ပြီးမှ ရဲကို သွားခေါ်ခဲ့တာပါ။ ရဲကလည်း ဖမ်းဝရမ်း မပါလို့ ဆိုပြီး စက်လှေ သူဌေးက လှေကပ်ခွင့် မပေးပြန်ဘူး။ ဒါနဲ့ လှေပေါ်က ရှိနေတဲ့ လူတွေထဲက (၁၀)ဦးကဘဲ ထပ်မံရေကူးလာလို့ လွှတ်တာပါ” ဟု ဆိုပါသည်။

လွတ်လာသည့် အရောင်းစားခံရသူ (၁၁) ဦးအား ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့မှထိန်းသိမ်း ထားပြီး မကြာမီမြန်မာနယ်စပ်သို့ ပြန်လည် ပို့ဆောင်မည် ဖြစ်ကြောင်း ဆိုပါသည်။

ခိုးဝင်သည့် မြန်မာ အလုပ်သမား များသည် ပြီးခဲ့သည့် ဇွန်လ (၂၁) ရက်နေ့တွင် ကော့သောင်း မြို့နယ် ဆိပ်ဖူးကျေးရွာမှ တဆင့် နယ်စပ် ဖြတ်ကျော်ကာ ထိုင်းနိုင်ငံသို့ ဝင်ရောက် လာခဲ့ကြပါသည်။ ၄င်းတို့အား ထိုင်း၊ မလေးရှား နှင့် အင်ဒိုနီးရှား ကမ်းလွန်၌ ငါးဖမ်းရန်အတွက် ရောင်းစားထားခြင်းဖြစ်ပါသည်။

လုပ်အားခ အဖြစ် တစ်ဦးလျှင် ဘတ်ငွေ (၂၅၀၀၀) ဖြင့် ရောင်းစားထားပြီး ထိုထဲမှ ဘတ်ငွေ ၅၀၀၀ ကို၎င်းတို့အားရနောင်း မြို့၌ရှိစဉ် ထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။ ထိုင်းငါးဖမ်းလှေများသည် ကမ်းဝေး ခရီးစဉ်တခေါက်လျှင် ၃ နှစ်မှ ၆ နှစ်အထိ ကြာတတ်သည်ဟု ဆိုပါသည်။

ထို့အပြင် ဖျားနာရာတွင် ကုသမှု မရှိခြင်း၊ အစာငတ်ခြင်း၊ စိတ်ကြွဆေးသုံးပြီး အလွန်အကျွံခိုင်းခြင်း၊ လုပ်အားခ မပေးခြင်း၊ အာခံသူကို သတ်ပစ်ခြင်း၊ တခြားနိုင်ငံ၌ ငါးခိုးဖမ်း သဖြင့် အခန့်မသင့်ပါက ကျွန်းတစ်ကျွန်းပေါ်၌ ပစ်ထားခြင်းနှင့် ရင်ဆိုင် ခဲ့ကြရသော လုပ်ငန်းမျိုးဖြစ်ပါသည်။

ဤသို့ကြောင့် အင်ဒိုနီးရှား ကျွန်းတကျွန်းပေါ်တွင် ရာနှင့်ချီသော ငါးဖမ်းသမား မြန်မာနိုင်ငံသားများ အိမ်ပြန်မရ ရှိနေခဲ့ ဘူးကြောင်း ပြန်ရောက်လာသူများက ဆိုခဲ့ဘူးပါသည်။ (၂၀၀၆) ခုနှစ်တွင်လည်း ငါဖမ်းသမားများ အစာအဆိပ်သင့် မှုကြောင့် ထိုင်းနိုင်ငံ ဆိပ်ကမ်းကို ပြန်ရောက်လာရာက ဆေးရုံတင် ကုသရသည့်အမှုတွင် မတရားသော ထိုင်းငါးဖမ်းလုပ် ငန်းရှင်များ၏ လုပ်ရပ်ကြောင့် ပြသနာဖြစ်ကာ အရေးယူခဲ့ရဘူးပါသည်။

ဤမျှ ဒုက္ခ အန္တရာယ်ကြီးမားသော ထိုင်းရေလုပ်ငန်းတွင် မြန်မာနိုင်ငံသား သိန်းနှင့်ချီပြီး အလုပ်လုပ်နေကြပါသည်။ လူပျောက်မှု၊ အေအိုင်ဒီအက်စ်၊ လူရောင်းစားမှု မကြာခဏ ပြသနာရှိသော လုပ်သန်းမျိုးဖြစ်ပါသည်။

ယနေ့ခေတ် ကာလသည် ယခင်ခေတ် ကာလမျိုးအတိုင်း တရားမ၀င် ခိုးဝင်၍ ပြုသမျှ နုနေရသော ခေတ်မျိုး မဟုတ် တော့ပေ။ ထိုင်းအစိုးရနှင့် မြန်မာအစိုးရတို့သည် တရားဝင် လမ်းကြောင်းမှ အာမခံချက် ရှိသော စနစ်ဖြင့် အလုပ်လုပ် ခွင့်ရနေပါပြီး။ တရားဝင် မှတ်ပုံတင်ပြီး စာချုပ်စာတမ်းနှင့် အာမခံချက်ရှိသော အလုပ်မျိုးလုပ်ခွင့်ရနေပါပြီး။

ဤသို့ကြောင့် တရားဝင် လမ်းကြောင်းမှ အလုပ်လုပ်ကြမှသာ လူပျောက်ခြင်း၊ အနိုင်ကျင့်ခံရခြင်း၊ ကင်းရှင်မည်ဖြစ်သည့်အတွက် ခိုးဝင်လမ်းကြောင်းမှ တရားမ၀င်သည့် နည်းလမ်းများကို ရှောင်ရှား သင့်ပါကြောင်း တိုက်တွန်းအပ်ပါသည်။

No comments: