Friday, July 5, 2013

ဝ တပ်ဖွဲ့ နဲ့ အစိုးရတပ်တို့ကြား တင်းမာမှုဖြစ်နေ

ABC

ရှမ်းပြည်တောင်ပိုင်း ​မိုင်းတုံမြို့နယ် ​အတွင်းမှာရှိတဲ့ ​UWSA ​ဝ ​ပြည်သွေးစည်းညီညွတ်ရေး ​တပ်မတော်က ​စခန်းတစ်ခုကို ​ဆုတ်ခွာပေးဖို့ ​အစိုးရတပ်ဖက်က ​တောင်းဆိုခဲ့ပေမယ့် ​UWSA ​ဖက်က ​ဆုတ်ပေးခြင်းမရှိတဲ့အတွက် ​အစိုးရတပ်တွေက ​UWSA ​စခန်းကို ​ဝိုင်းထားပြီး ​စစ်ရေးတင်းမာမှု ​ဖြစ်ပေါ်နေတယ်လို့ ​တရုတ် ​မြန်မာ ​နယ်စပ်က ​စစ်ရေး ​လေ့လာစောင့်ကြည့်သူ ​ဦးအောင် ​ကျော်ဇော်က ​ရေဒီယို ​သြစတြေးလျ ​ကိုပြောပါတယ်။

“ထူးထူးခြားခြား ​တော့ ​မဟုတ်ဘူး။ ​စစ်ရေးတင်မာ ​မှု ​တွေ ​ကတော့ ​ရှိတယ်။ ​နှစ်ဖက်တပ်ဖြစ်နေတာကို ​နီးလည်းနီးနေတယ်လေ။ ​စစ်ပွဲဖြစ်အောင်တော့ ​မဖြစ်သေး ​ပါဘူး။”

လတ်တလော ​စစ်ရေးတင်းမာနေတဲ့ ​အခြေအနေကို ​ဖြေလျော့ဖို့အတွက် ​UWSA ​ခေါ်ဝပြည်သွေးစည်းညီညွှတ်ရေး ​တပ် ​ခေါင်းဆောင်တွေနဲ့ ​ကာကွယ်ရေးဦးစီးချုပ် ​ဗိုလ်ချုပ်မှူးကြီး ​မင်းအောင်လှိုင် ​တို့ဆွေးနွေးသွားမယ်လို့ ​UWSA ​ခေါင်းဆောင်တွေကပြောပါတယ်။

တွေ့ဆုံမဲ့နေ့ရက်ကို ​အတိအကျ ​မသိရသေးပေမဲ့ ​တောင်ပိုင်းဒေသ ​၀ပြည်သွေး ​စည်းညီညွတ်ရေး ​တပ်မတော် ​ပြဿနာကိစ္စကို ​ဆွေးနွေးသွားမယ်လို့ ​UWSA ​ဝိန်းကောင်ခရိုင် ​အတွင်းရေးမှူး ​ဦးစောလွင် ​က ​ပြောပါတယ်။

ပြည်ထောင်စု ​ငြိမ်းချမ်းရေး ​ဖော်ဆောင်ရေး ​လုပ်ငန်း ​ကော်မတီ ​က ​ဒုဥက္ကဌ ​ဦးသိန်းဇော်နဲ့ ​ကာကွယ်ရေး ​ဦးစီးချုပ်တို့ဟာ ​ဒီ ​၀ပြည်သွေးစည်းညီညွတ်ရေး ​တပ် ​ခေါင်းဆောင်တွေနဲ့ ​ဆွေးနွေး ​ဖို့ ​လုပ်ထားပေမဲ့ ​၀ ​ဘက် ​က ​မအား ​တာ ​ကြောင့် ​ဇူလိုင်လ ​၅ ​ရက်နေ့ ​မှာတော့ ​မတွေ့ဆုံဖြစ်ပဲ ​၆ ​ရက်နေ့ ​နောက်ပိုင်း ​မှာတွေ့ဖြစ်ဖို့ ​ရှိတယ်လို့ ​ဦးအောင်ကျော်ဇော်က ​ပြောပါတယ်။

“အစကတော့ ​သူတော့ ​လာဖို့ ​မရှိပါဘူး။ ​၀ဘက်က ​ဆွေးနွေးမှ ​ဖြစ်တော့မယ်ဆိုပြီး ​ပြေလို့ ​သူတို့ ​လာတာပါ။ ​သူတို့ ​က ​ချက်ခြင်းအကြာင်း ​ပြန်တယ် ​မနက်ဖန်တွေ့ဖို့ ​(ဇူလိုင် ​၅)၊ ​ဘာလို့ ​လည်း ​ဆိုတော့ ​မနက်ဖန်တော့ ​မတွေ့နိုင်ဘူး။ ​၂ ​ရက်၃ ​ရက်လောက်တော့ ​ခွာမယ်။ ​ကျနော်တို့ ​အဆင်သင့် ​မဖြစ်သေးလို့”

လတ်တလောမှတော့ ​မြန်မာစစ်တပ်ဟာ ​တိုင်းရင်းသား ​လက်နက် ​ကိုင်တွေနဲ့ ​မကြာခန ​ဆိုသလို ​စစ်ရေး ​တင်းမာမှု ​တွေ ​ရှိနေတာဟာ ​တမင်ပြသာနာ ​လုပ်နေတဲ့ ​ပုံစံနဲ့တောင် ​တူတယ်လို့ ​ဦးအောင်ကျော်ဇော်ကပြောပါတယ်။။

“ဗမာ ​အစိုးရ ​စတဲ့ ​ဇာတ်လမ်းလေ ​သူတို့ ​စတာ ​၂ ​လ ​၃ ​လ ​လောက်ရှိပြီ။ ​ကချင်နဲ့ ​အေးသွားရင် ​၀ ​ကို ​စလိုက် ​၀နဲ့ ​အေးသွား ​ရင် ​ရှမ်းကို ​စလိုက်၊ ​ရှမ်းနဲ့ ​အေးသွားရင် ​၀ ​ကို ​စလိုက်နဲ့ ​ဒီလိုဖြစ်နေတာလေ။ဗုံတီး ​သလို ​ပဲ ​ပတ်မ ​တီးသလို ​ပဲ”

လက်ရှိ ​နိုင်ငံ ​ဖွဲ့စည်းပုံ ​အခြေခံဥပဒေ ​ပုဒ်မ ​၅၆ ​(စ)အရ ​“ရှမ်းပြည်နယ်ရှိ ​ဟိုပန်မြို့နယ်၊ ​မိုင်းမောမြို့နယ်၊ ​ပန်ဝိုင်မြို့နယ်၊ ​နားဖန်းမြို့နယ်၊ ​မက်မန်းမြို့နယ်နဲ့ ​ပန်ဆန်းမြို့နယ် ​ခြောက်မြို့နယ်ကို ​ခရိုင် ​နှစ်ခရိုင်ဖွဲ့ပြီး ​ဝ ​ကိုယ်ပိုင် ​အုပ်ချုပ်ခွင့်ရ ​တိုင်း” ​အဖြစ်သတ်မှတ်ထားပါတယ်။

UWSA ​အနေနဲ့ ​ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ် ​အသိမှတ်ပြုဖို့ ​နိုင်ငံတော်အစိုးရကို ​တောင်းဆိုခဲ့ပေမဲ့ ​တစုံတရာ ​တုန့်ပြန်မှုမရှိသေးပါဘူး။ ဝ ​တပ်ဖွဲ့ဟာ ​၁၉၈၉ ​ခုနှစ် ​မေလမှာ ​ဗမာပြည်ကွန်မြူနစ်ပါတီ ​(ဗကပ) ​ကနေ ​ခွဲထွက်ခဲ့ပြီး ​နဝတ ​အစိုးရနဲ့ ​အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တဲ့ ​အဖွဲ့တစ်ဖွဲ့ ​ဖြစ်ပါတယ်။

ဝတပ်ဖွဲ့ဟာတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အနက်က ​အင်အားအကြီးမားဆုံးတပ်ဖွဲ့ဖြစ်ပြီး ​လက်နက်ကိုင် ​အင်အား ​၃ ​သောင်းလောက် ​ရှိမယ်လို့ ​ခန့်မှန်းထားကြကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မဝေစန္ဒာကျော်က ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: