Tuesday, July 23, 2013

လက်ပံတောင်းစီမံကိန်းစာချုပ်သစ်ချုပ်ဆိုမှု ပြည်သူကို ချပြရန် ဒေသခံတို့ တောင်းဆိုဆန္ဒပြ

သိင်္ဂီထွန်း | အင်္ဂါနေ့၊ ဇူလိုင်လ ၂၃ ရက် ၂၀၁၃

လက်ပံတောင်း ကြေးနီးစီမံကိန်းအတွက် ၀မ်ပေါင်ကုမ္ပဏီနှင့် အသစ်ချုပ်ဆိုသော စာချုပ်အား ဒေသခံများအား ချပြရန် အပါအ၀င် အချက်ကိုးချက်ဖြင့် ဇူလိုင်လ၂၁ ရက် နေ့လည်က လက်ပံတောင်းဒေသတွင် နှစ်နာရီခန့် လူအင်အား ၅၀၀ ခန့်က တရားဝင် ဆန္ဒပြခဲ့သည်။

“စာချုပ်သစ်ချုပ်ပြီးတည်းက စာချုပ်ပါ အချက်အလက်တွေကို ကျွန်မတို့ဒေသခံတွေကို ချပြတာ မရှိသေး ပါဘူး”ဟု ဆန္ဒပြသူတစ်ဦးဖြစ်သည့် အလယ်တောရွာမှ မစန္ဒာက မဇ္ဈိမကို ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ်(၁) သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် Wanbao Mining Ltd. တို့ ဇွန်လ ၁၀ ရက်က ပြင်ဆင်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

စာချုပ်တွင် စီမံကိန်းမှ ရရှိလာသည့် အကျိုးအမြတ်ကို နိုင်ငံတော်မှ ၅၁ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်မှ ၁၉ ရာခိုင်နှုန်းနှင့် Wanbao Mining Ltd. မှ ၃၀ ရာခိုင်နှုန်းဖြင့် ခွဲဝေခံစားရန် စာချုပ်ချုပ်ဆိုခဲ့ကြသည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ထားသည်။

ဆန္ဒပြသူများက “စာချုပ်အသစ်အား ဒေသခံပြည်သူများအား ချပြရေး” “ဖမ်းဝရမ်း ထုတ်ထားသူများအား ရုတ်သိမ်းပေးရေး” “ဖမ်းဆီးအရေးယူထားသူများအား ပြန်လွှတ်ပေးရေး” “ရဲသတင်းပေးသူများ အလိုမရှိ” “နေ့စားရဲများ အလိုမရှိ” စသဖြင့် ရေးသားထားသော ဆိုင်းဘုတ်များအား ကိုင်ဆောင်ကာ ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒထုတ်ဖော်သူများသည် ဆားလင်းကြီးမြို့နယ် တုံရွာထိပ်မှ ထန်းပင်ကြီးထိပ်ထိ မွန်းလွဲ၂နာရီမှ ၄နာရီ အထိ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး တုံရွာ၊ အလယ်တောရွာ၊ ရွာသစ်ရွာ၊ တောချောင်းရွာ၊ ဆည်တည်းရွာ၊ ကြားဘူးတာရွာ၊ မိုးကြိုးပြင်ရွာများက ဒေသခံများ ပါဝင်သည်။

လက်ပံတောင်းတောင် ကြေးနီစီမံဧရိယာရှိ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသောမြေတွင် ၀င်ရောက် လယ်ထွန်ခဲ့သော လယ်သမားနှစ်ဦးဖြစ်သူနှင့် လယ်သမားအရေး ကူညီသူ ကိုအောင်စိုးအား ဧပြီလက ဖမ်းဆီးသွား ကာရွှေဘိုအကျဉ်းထောင်တွင် အကျဉ်းချခဲ့သည်။ ထို့အပြင် လက်ပံတောင်းအရေးလှုပ်ရှားသူများနှင့် ဆန္ဒပြဒေသခံများကိုလည်း ဇွန်လထဲတွင် ဖမ်းဝရမ်းများ ထုတ်ထားခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ၀မ်ပေါင်ကုမ္ပဏီရှေ့တွင် ၂၀၁၂ခုနှစ် နိုဝင်ဘာ ၂၉ ရက်က သပိတ်စခန်းဖွင့်ကာ ဆန္ဒထုတ်ဖော်သော သံဃာများနှင့် ဒေသခံများအား အာဏာပိုင်များက အင်အားသုံး ဖြိုခွင်းခဲ့သည်။ ထိုသို့ဖြိုခွင်းမှုကြောင့် သံဃာအပါး ၈၀ ခန့်နှင့် ဒေသခံများ မီးလောင် ဒဏ်ရာများ ရရှိခဲ့သည်။

No comments: