Tuesday, July 23, 2013

KIO ၏ ငြိမ်းချမ်းရေးအကြံပေးအဖွဲ့ Technical Advisory Team ရုံး ကို မြစ်ကြီးနားတွင် တရားဝင်ဖွင့်လှစ်

KNG

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ငြိမ်းရေးဖော်ဆောင်ရေး နည်းပညာအကြံပေးအဖွဲ့ Technical Advisory Team ရုံးကို ဇူလိုင်လ ၂၃ ယနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ KIO ဆက်ဆံရေးရုံးတွင် တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုး ဆောင်အဖွဲ့ (PCG)မှ ဦးအင်ရှန်ဆန့်အောင် (Salang Nshang San Awng) ပြောသည်။

“ဒီမနက် ၇ နာရီမှာဆုတောင်းပွဲလုပ်တယ်၊ ၉ နာရီခွဲမှာ ဖဲကြိုးညှပ်ပြီး ဆိုင်းဘုတ်ဖွင့်တယ်၊ ၁၀ နာရီကနေ ၁၁ နာရီထိတော့ မဂျွယ်ခန်းမဆောင်မှာ အခမ်းအနားလုပ်တယ်၊ အဲဒီမှာ ဆရာကဘား ဆွမ်လွတ်ဂမ်၊ ဦးအောင်မင်းနဲ့ ၀န်ကြီးချုပ်တို့က မိန့်ခွန်းပြောတယ်၊ ဒီည ညစာစားပွဲရှိသေးတယ်” ဟု KNG ကချင်သတင်းဌာန သို့ ပြောသည်။

Technical Advisory Team ရုံးတွင် တာဝန်ခံအနေဖြင့် KIO လက်ထောက်နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂေါ့လူလအောင်၊ ဗိုလ်မှူးကြီး ဖုန်ဂန်ခွန်နောင်၊ ဗိုလ်မှူးကြီးဆင်ဝါး၊ ဆရာဒေါင်ခါးနှင့် ပြည်သူလူထုဘက်မှ ၁၀ ယောက်တို့သည် ယနေ့မှစ၍ ရုံးထိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ပြည်သူလူထုဘက်က ဆရာမလုနန်၊ ဆရာဘရန်မိုင်၊ မင်းဇိုင်းဒေါင်လွမ်း၊ ဆရာလရိပ် တို့ပါတယ်။ အခုတော့ အကုန်လုံးတော့ မ၀င်သေးဘူး။ ၈ လပိုင်းကုန်ဘက်မှာတော့ အားလုံးဝင်မယ်။ ဒီအတောအတွင်းမှာ သူတို့ Technical Advisory Team နဲ့ပတ်သက်ပြီး လိုင်ဇာမှာ အစည်းအဝေးရှိသေးတယ်” ဟု PCG (Pace-talk Creation Group) မှ ဦးအင်ရှန်ဆန့်အောင်က ပြောသည်။

ယနေ့ဖွင့်ပွဲတွင် အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် တို့တက်ရောက်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဘက်မှ ငြိမ်းချမ်းရေးခေါင်းဆောင် ဆရာကြီး ဦးဆွမ်လွတ်ဂမ်၊ ဗိုလ်မှူးကြီး လမာဂွမ်ဖန်း၊ ဗိုလ်မှူးကြီး ဇော်ရော်၊ ဗိုလ်မှူးကြီး မရန်ဇော်တောင် တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် UN မှ ကိုယ်စားလှယ်တစ်ဦး တက်ရောက်ကာ အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော NGO အဖွဲ့အစည်းများ၊ ကချင်အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် ပြည်သူလူထုများ စုစုပေါင်း ၁၀၀၀ ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။

No comments: