Thursday, July 18, 2013

စစ်တပ်သိမ်းထားသည့်မြေ ရန်ကုန်မြို့အကျယ်ထက်ပင် ပိုနေ၊ ၁၆ ပုံ ၁ ပုံသာ လယ်သမားကို ပြန်ပေးမည်

မင်းမင်း၊ သိင်္ဂီထွန်း

မြန်မာနိုင်ငံအနှံ့အပြားတွင် စစ်တပ်က သိမ်းဆည်းထားသည့် မြေပမာဏသည် ရန်ကုန်မြို့၏ စုစုပေါင်း အကျယ်အဝန်းထက်ပင် ပိုမိုများပြားနေကြောင်း ဇူလိုင် ၁၆ ရက်က လွှတ်တော်တွင် ကာကွယ်ရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ဝေလွင်၏ ဖြေကြားချက်များအရ လေ့လာတွေ့ရှိရသည်။

စစ်တပ်က နိုင်ငံအနှံ့တွင်သိမ်းထားသည့် မြေပမာဏမှာ ဧက ၂၉၇,ဝ၀ဝ ကျော် ရှိသည်ဟု ကာကွယ်ရေးဝန်ကြီးကပြည်ထောင်စုလွှတ်တော်တွင် ဝန်ခံခဲ့ရာ ထိုပမာဏသည် စတုရန်းမိုင် ၄၆၀ ကျော်နှင့် ညီမျှသည်။

ရန်ကုန်မြို့သည် ပြီးခဲ့သည့် ၂၀၁၂ခုနှစ်အထိပင် ၃၀၆ စတုရန်းမိုင်အကျယ်အဝန်းရှိကြောင်း တိုင်းအစိုးရက တရားဝင်ထုတ်ပြန်ထားရာ စစ်တပ်ကသိမ်းထားသည့် စုစုပေါင်းမြေပမာဏသည် ရန်ကုန်မြို့ဧရိယာထက်ပင် ပိုမိုကျယ်ဝန်းလျက်ရှိနေသည်။ အတိအကျဆိုရလျှင် စစ်တပ်သိမ်းထားသည့် မြေသည် ရန်ကုန်မြို့ထက် ၁၅၄ စတုရန်းမိုင် ပိုမိုကျယ်ပြန့်နေသည်။

သို့သော် ထိုသို့သိမ်းဆည်းထားသည့် မြေများထဲမှ ၁၆ ပုံ တစ်ပုံဖြစ်သည့် ဧက ၁၈,၃၀ဝ ကျော်ကိုသာ ပြန်ပေးနိုင်မည်ဟု ကာကွယ်ရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးဝေလွင် က လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။ ယင်းအရေအတွက်သည် တိုင်းနှင့် ပြည်နယ် ၁၀ ခုမှ စုစုပေါင်းပမာဏဖြစ်သည်ဟု သူက ဆက်ပြောသည်။

အခြားတစ်ဖက်တွင်မူ သမ္မတရုံးက ကာကွယ်ရေးဝန်ကြီးဌာနကို တပ်တည်ဆောက်ရန်သိမ်းထားသည့် မြေများပေါ်တွင် တောင်သူများကို သီးစားခချ၍ လယ်မလုပ်စေရန်၊ စစ်တပ်များအလိုက် တကယ်လိုအပ်သော အနည်းဆုံးမြေဧရိယာကိုသာအသုံးပြုရန်၊ ပိုနေသည့်မြေများကိုလည်း ပိုင်ရှင်ထံပြန်ပေးရန် ညွှန်ကြားထားသည်ဟုလည်း ဒုဗိုလ်ချုပ်ကြီး ဝေလွင်က အမတ်များကိုပြောကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်တွင် တနင်္သာရီတိုင်းနှင့်ကယားပြည်နယ်မှအပ ကျန် တိုင်းနှင့် ပြည်နယ် ၁၂ ခုမှ အမတ် ၄၅ ဦးက သိမ်းထားသည့်မြေများကို အစိုးရက အမြန်ပြန်ပေးရေး အဆိုကိုဆွေးနွေးခဲ့ကြရာ စစ်တပ်နှင့် အစိုးရကို အမတ်များက ပြင်းထန်စွာ ဝေဖန်ခဲ့ကြပြီး ဇူလိုင် ၁၆ ရက်က လွှတ်တော်တွင် ပြည်ထောင်စုအဆင့် ဝန်ကြီးခြောက်ဦးက ထိုကိစ္စများကို ရှင်းလင်းခဲ့သည်။

ထိုသို့ရှင်းလင်းရာတွင် ကာကွယ်ရေးဝန်ကြီးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီးဝေလွင်လည်း ရှင်းလင်းခဲ့သဖြင့် စစ်တပ်သိမ်းသည့်မြေများ ကိစ္စကို ယခုလို ပြည်သူများသိရှိခွင့်ရခြင်းဖြစ်သည်။

စစ်တပ်၏ မြေသိမ်းမှုများကို အမတ်များက လွှတ်တော်တွင် ပြင်းထန်စွာဝေဖန်ခဲ့မှုကို ကာကွယ်ရေးဝန်ကြီးက “တပ်မတော်က မြေသိမ်းတဲ့ကိစ္စတွေနဲ့ ပတ်သက်လာလို့ရှိရင် ဝေသာလီပြည်မှာ ဘီလူးစီးတယ်လို့ ခိုင်းနှိုင်းပြီးတော့ တပ်မတော်အပေါ်မှာ ခိုင်းနှိုင်းသွားတာတွေကလည်း တကယ့်တကယ်တွေးကြည့်ရင်တော့ ဝမ်းနည်းစရာကောင်းပါတယ်” ဟုလည်း လွှတ်တော်တွင် မှတ်ချက် ပြုခဲ့သည်။

ဦးသိန်းစိန်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံအနှံ့အပြား၌ မြေသိမ်းမှုများနှင့် ပတ်သက်၍ ဆန္ဒပြမှုများ၊ တောင်းဆိုမှုများ ဖြစ်ပွားခဲ့ရာ ပြည်ထောင်စုလွှတ်တော်က လယ်နှင့် အခြားမြေများသိမ်းဆည်းမှုစုံစမ်းရေး ကော်မရှင်ကို အမတ်များဖြင့် ဖွဲ့စည်းခဲ့ပြီး နိုင်ငံအနှံ့သို့ တိုင်းနှင့်ပြည်နယ်အလိုက် အဖွဲ့များခွဲ၍ စစ်ဆေးခဲ့သည်။

ထိုသို့စုံစမ်းခဲ့သည့်ရလဒ်ဖြစ်သော အစီရင်ခံစာကို နှစ်ပိုင်းခွဲ၍ ပြီးခဲ့သည့် ဧပြီက လွှတ်တော်ကို တင်ပြခဲ့သည်။

ယင်းမြေများကို မူလပိုင်ရှင်တို့ထံ ပြန်ပေးရေးကိစ္စကို ဇူလိုင် ၁၅ ရက်က လွှတ်တော်တွင် NLD အမတ်က အစိုးရအနေဖြင့် ပြန်ပေးမည့်အချိန်ကို အတိအကျ ပြည်သူကို ထုတ်ပြန်ရန် အဆိုတင်ခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမတ်က ကန့်ကွက်ခဲ့သည်။

ထို့ကြောင့် လွှတ်တော်တွင် စက်ခလုတ် နှိပ်မဲခွဲရာ NLD အမတ်ကို ၄၄ ဦးသာ ထောက်ခံသူရှိသဖြင့် အပြတ်အသတ် ရှုံးနိမ့် ခဲ့ရသည်။

ယင်းအဆိုရှုံးနိမ့်ခဲ့မှု၏ နောက်ဆက်တွဲအဖြစ် ယခုစစ်တပ်ကပြန်ပေးမည့် သိမ်းထားသည့်မြေ၏ ၁၆ ပုံ ၁ပုံ သည်လည်း လယ်သမားများ မည်သည့်အချိန်ပြန်ရမည်ကို အတိအကျသိရှိနိုင်မည် မဟုတ်တော့ပေ။

No comments: