Thursday, July 25, 2013

တနိုင်ငံလုံးအတိုင်းအတာ တိုင်းရင်းသားညီလာခံ ကျင်းပမယ်

ABC

မြန်မာနိုင်ငံက ​တိုင်းရင်းသားစည်းလုံးညီညွှတ်မှုအပါအ၀င် ​ငြိမ်းချမ်းရေးနဲ့နိုင်ငံရေး ​ကိစ္စတွေကို ​ဆွေးနွေးဖို့အတွက် ​တနိုင်ငံလုံးအတိုင်းအတာ ​တိုင်းရင်းသားညီလာခံတရပ်ကို ​ထိုင်းနိုင်ငံ ​ချင်းမိုင်မြို့မှာ ​၄ ​ရပ်ကြာ ​ကျင်းပသွားဖို့ရှိပြီး ​ကိုယ်စားလှယ်ပေါင်း ​၁၅၀ ​ကျော် ​တက်ရောက်ဖို့ရှိတယ်လို့ ​သိရပါတယ်။

အခုကျင်းပပြုလုပ်မယ့် ​ညီလာခံဟာ ​ဇူလိုင်လ ​၂၉ရက်နေ့ကနေ ​သြဂုတ်လ ​၁ရက်နေ့အထိ ​ကျင်းပသွားမှာဖြစ်ပြီး ​တော့ ​တိုင်းရင်းသား ​လက်နက်ကိုင် ​အဖွဲ့အစည်းတွေ ​စုပေါင်းဖွဲ့စည်းထားတဲ့ ​ညီညွှတ်သော ​တိုင်းရင်းသား ​လူမျိုးများ ​ဖယ်ဒရယ်ကောင်စီ ​UNFC ​ကနေ ​ဦးဆောင် ​ကျင်းပသွားမှာ ​ဖြစ်ပါတယ်။

ညီလာခံမှာ ​ပြည်တွင်း ​ပြည်ပက ​တိုင်းရင်းသားနိုင်ငံရေး ​ပါတီ ​ခေါင်းဆောင်တွေ ​ပါဝင်တက်ရောက်မှာ ​ဖြစ်ပြီး ​တော့ ​ညီလာခံ ​ခေါ်ယူကျင်းပရတဲ့ ​ရည်ရွယ်ချက်နဲ့ ​ပတ်သက်ပြီး ​UNFC ​အဖွဲ့က ​တွဲဖက် ​အတွင်းရေးမှူး ​၁ ​ပဒို ​မန်းမန်းက ​ရေဒီယို ​သြစတေးလျ ​ကို ​အခုလိုပြောပါတယ်။

“ကျနော်တို့ ​အဓိက ​ရည်ရွယ်ချက် ​၄ ​ချက်ပေါ့နော်၊ ​ပထမအချက်ကတော့ ​ကျနော်တို့ ​တိုင်းရင်းသား ​လူမျိုးစုတွေရဲ့ ​စည်းလုံး ​ညီညွတ်မှုကို ​ပိုမိုအားကောင်းစေဖို့၊ ​ဒုတိယ ​အချက်ကတော့ ​ယနေ့ ​ကျနော်တို့ ​သွားနေတဲ့ ​ငြိမ်းချမ်းရေး ​နဲ့ ​နိုင်ငံရေး ​ဆိုင်ရာ ​ဘုံသဘောတူညီချက်ကို ​ကျနော်တို့ ​ရယူချမှတ်သွားနိုင်ဖို့၊ ​တတိယ ​အချက်ကတော့ ​ကျနော်တို့ ​တိုင်းရင်းသား ​တော်လှန်ရေး ​အင်အားစု ​တွေရယ် ​နောက် ​ဒီ ​ပြည်တွင်းမှာရှိတဲ့ ​ဒီ ​နိုင်ငံရေးပါတီ ​အင်အားစုနဲ့ ​လူထုအခြေပြု ​အဖွဲ့အစည်းတွေ ​အပါအ၀င်ပေါ့နော် ​အဲ့ဒါတွေကို ​ကျနော်တို့ ​လုပ်ငန်း ​ဆက်စပ်ဆောင်ရွက်မှု ​အားကောင်းလာဖို့၊ ​နောက်ဆုံး ​၄ ​ချက်ကတော့ ​အဓိကကျတဲ့ ​ဖယ်ဒရယ်ပြည်တောင်စု ​တည်ဆောက်ရေးအတွက် ​လုပ်ငန်းစဉ်နဲ့ ​ဖြစ်စဉ်တွေကို ​ချမှတ်ဆောင်ရွက်သွားနိုင်ဖို့ပေါ့နော်၊ ​အဓိကကျနော်တို့ ​ဒါကို ​ရည်ရွယ်ပြီးတော့မှ ​ကျနော်တို့ ​ခေါ်ရခြင်းဖြစ်ပါတယ်။”


နိုင်ငံရေးပါတီတွေ ​မဟုတ်တဲ့ ​အခြားတိုင်းရင်းသားအဖွဲ့အဖွဲ့အစည်းဝင်တွေ၊ ​ဒီမိုကရေစီ ​အင်အားစုတွေ၊ ​ညီနောင်တိုင်းရင်းသား ​ပါတီများ ​ဖယ်ဒရေးရှင်း(NBF) ​၊ ​တိုင်းရင်းသား ​လူမျိုးများ ​မဟာမိတ် ​အဖွဲ့နဲ့ ​နိုင်ငံတကာရောက် ​တိုင်းရင်းသား ​တသီးပုဂ္ဂလ ​ပညာရှင်တွေ ​ကို ​ညီလာခံကို ​တက်ရောယောက်ဖို့ ​ဖိတ်ကြားထားတယ်လို့ ​ပဒိုမန်းမန်းကဆိုပါတယ်။

ဇူလိုင်လ ​၂၉ ​ရက်နေ့ကနေ ​၃၁ ​ရက်နေ့အထိကို ​တိုင်းရင်းသား ​ပါတီ ​နိုင်ငံရေး ​အဖွဲ့အစည်းတွေနဲ့ပဲ ​ဆွေးနွေးသွားမှာဖြစ်ပြီး ​ညီလာခံ ​နောက်ဆုံးနေ့ဖြစ်တဲ့ ​သြဂုတ်လ ​၁ ​ရက်နေ့မှာတော့ ​ဒီမိုကရေစီ ​အင်အားစုတွေနဲ့ ​ထပ်မံဆွေးနွေးသွားမှာဆိုတဲ့အကြောင်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုးက ​သတင်းပေးပို့ထားပါတယ်။

No comments: