Thursday, July 25, 2013

စာနယ်ဇင်းကောင်စီနဲ့ ပြန်ကြားရေး ဝန်ကြီးကြား တင်းမာမှုဖြစ်နေ

ABC

ဇူလိုင်လ ​၂၄ ​ရက်နေ့ ​မနေ့တုန်းက ​ပြန်ကြားရေးဝန်ကြီးဌာန ​ဒုဝန်ကြီး ​ဦးရဲထွဋ်ကနေ ​သတင်းမီဒီယာ ​ဥပဒေကြမ်းထဲက ​အချက် ​၁၀ ​ချက်ကျော်ကို ​ပြင်ဆင်ပေးဖို့ ​ပြောခဲ့တာကို ​မြန်မာနိုင်ငံ ​စာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့က ​မပြင်နိုင်ဘူးလို့ ​ပြောခဲ့တဲ့အတွက် ​တင်းမာတဲ့ ​အခြေအနေ ​ရှိနေတယ်လို့ ​သိရပါတယ်။

စာနယ်ဇင်းကောင်စီက ​တာဝန်ရှိသူ ​၈ ​ဦး ​တို့ ​နေ ​ပြည် ​တော် ​မှာ ​ပြည်သူ့လွှတ်တော်က ​စာပေရေးရာ ​ကော်မတီ ​နဲ့တွေ့ဆုံချိန်မှာပဲ ​ပြန်ကြားရေးဝန်ကြီး ​ဌာနက ​ဒုဝန်ကြီး ​ဦးရဲထွဋ်နဲ့ ​ဦးပိုက်ထွေးတို့ ​ရောက်ရှိလာပြီး ​သတင်းမီဒီယာ ​ဥပဒေကြမ်းထဲက ​အချက် ​၁၇ ​ချက်ကို ​ပြင်ဆင်ပေးဖို့ ​ပြောခဲ့ပါတယ်။

စာနယ်ဇင်းကောင်စီက ​တစ်စုံတစ်ရာ ​ပြင်ဖို့ ​အကြောင်းမရှိဘူးလို့ ​တုန့်ပြန်တဲ့အခါ ​မပြင်ပေးရင် ​၀န်ကြီးဌာနအနေနဲ့ ​လွှတ်တော်ကို ​မတင်ပေး ​နိုင်ဘူးဆိုပြီး ​ပြောခဲ့တဲ့အကြောင်း ​စာနယ်ဇင်းကောင်စီ ​(ယာယီ)က ​ပြောခွင့်ရှိသူ ​ဦးသီဟစော ​ကပြောပါတယ်။

ပြန်ကြားရေးဌာနအနေနဲ့ ​လွှတ်တော်ကို ​မတင်ပေးရင်လည်း ​လွှတ်တော် ​ကိုယ်စားလှယ် ​တစ်ဦးဦးကနေ ​တင်ပြဖို့ ​ပြန်ပြောတဲ့ ​အခါမှာ ​ပြန်ကြားရေးဝန်ကြီး ​ဦးရဲထွဋ်က ​တင်လာတဲ့ ​ဥပဒေကြမ်းကို ​ကန့်ကွက်မယ်ဆိုပြီး ​ပြောတဲ့ ​အထိ ​အခြေအနေတွေ ​တင်းမာခဲ့တယ်လို့ ​ဦးသီဟစောက ​ပြောပါတယ်။

”ဦးရဲထွဋ်က ​ဘာပြောလဲဆိုတော့ ​တကယ်လို့ ​လွှတ်တော်အမတ် ​တစ်ဦးဦးက ​တင်ရင်တော့ ​အဆုံးထိ ​လိုက်ပြီးကန်ကွက်မယ်တဲ့။ ​အဲဒီလိုပြောတယ်။ ​သူတို့ ​ပြင်ခိုင်းတဲ့ ​အချက်တွေက ​အီလက်ထရောနစ် ​မီဒီယာ ​နဲ့အင်တာနက် ​ဆိုတာကိုပြောတယ်။ ​အင်တာနက်လို့ ​ပြောင်းပါလို့ ​ပြောတယ်။ ​ကျတော်တို့က ​အီလက်ထရောနစ်လို့ပြောတယ်။ ​ရေရှည်မှာ ​အီလက်ထရောနစ်က ​ကျယ်ပြန့်လာလိမ့် ​မယ်။ ​အင်တာနက် ​တင်မကဘူး ​မိုဘိုင်းတွေကပါ ​ပါလာမယ်။ ​နောက်တစ်ခု ​စာနယ်ဇင်းကောင်စီပဲဖြစ်ဖြစ် ​မီဒီယာကောင်စီပဲဖြစ်ဖြစ် ​တကယ်တမ်းမှာ ​၁ ​ခုပဲ ​ရှိရမယ်။ ​နောက်ပိုင်းမှာ ​ရှုတ်ထွေးမှာစိုးလို့။ ​သူတို့က ​မီဒီယာကောင်စီက ​တစ်ခု ​Public ​Service ​Media ​ကောင်စီက ​တစ်ခု၊ ​ကောင်စီတွေ ​အများကြီး ​ဖြစ်ရမယ်။ ​တစ်ခုထဲ ​ဖြစ်ရမယ် ​ဆိုတဲ့ ​အချက်ကို ​ဖြုတ်ခိုင်းတယ်။ ​မဖြူတ်နိုင်ဘူးလို့ ​ကျနော်တို့ ​ပြောခဲ့တယ်။”

အီလက်ထရောနစ်မီဒီယာဆိုတဲ့နေရာမှာ ​အင်တာနက်ဆိုတာနဲ့ ​ပြောင်းပေးဖို့ ​ပြောလာတာကို ​မပြောင်းပေးတဲ့အပြင် ​မီဒီယာကောင်စီဆိုတာ ​တစ်ခုတည်း ​ရှိသင့်တယ်လို့ ​ပြောသွားတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ​ပြန်ကြားရေးဝန်ကြီးဌာနက ​ရေးဆွဲထားတဲ့ ​ပုံနှိပ်ရေးနဲ့ ​ထုတ်ဝေရေးဥပဒေကြမ်း ​အပေါ် ​စာနယ်ဇင်းကောင်စီ ​(ယာယီ)အဖွဲ့က ​ကန့်ကွက်မှုတွေလုပ်နေသလို ​စာနယ်ဇင်းကောင်စီ ​(ယာယီ)က ​ရေးဆွဲထားတဲ့ ​သတင်းမီဒီယာဥပဒေ ​ကြမ်းအပေါ်မှာလည်း ​ပြန်ကြားရေးဝန်ကြီးဌာနက ​ပြင်ဆင်ခိုင်းတာတွေ ​လုပ်နေပြီး ​အငြင်းပွားနေကြပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက ​ရေးဆွဲတဲ့ ​ပုံနှိပ်ရေးနဲ့ ​ထုတ်ဝေရေးဥပဒေကြမ်းကိုတော့ ​မကြာခင်ကပဲ ​ပြည်သူ့လွှတ်တော်မှာ ​အတည်ပြုခဲ့တဲ့ ​အကြောင်း ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​မဝေစန္ဒာကျော်က ​သတင်းပေးပို့ထားပါတယ်။

No comments: