Wednesday, July 3, 2013

ဒုက္ခသည်စခန်းတွင် ထင်း အခက်ခဲကြောင့် ဒေသခံများနှင့် စကားအခြေ အတင်ဖြစ်ပွား

KNG

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေထဲရှိ ဖုန်လွမ်ယန် (Hpunglum Yang) ဒုက္ခသည်စခန်းတွင် ဇူလိုင် လဆန်းပိုင်းမှပို၍ ထင်းမီး မလုံလောက်သည့်အခက်ခဲကြောင့် ဒေသခံများနှင့် ဒုက္ခသည်များကြား မကြာခဏ စကားအခြေအတင်ဖြစ်ပွားနေကြောင်း သိရသည်။

ဒုက္ခသည်များသည် လင်းမီးနှင့် မီးဖိုချောင်သုံးရန် ထင်းများလိုအပ်နေချိန် ထင်းရှာဖွေသော နေရာများတွင်လည်း ထင်းရှားပါးလာသောကြောင့် ထင်းလိုက်လံရှာဖွေမှုတွင် ဒေသခံရွာသားများနှင့် စကားများရခြင်းဖြစ်ကြောင်း ဒုက္ခသည်စခန်းမှ ဒေါ်ဖခုန်ဘောမ်ဝမ် ကပြောသည်။

ဒီပတ်ဝန်းကျင်မှာရှိတဲ့ တောင်ယာတွေ ကနေပဲ ကျွန်မတို့ ဒုက္ခသည်စခန်းတွေက နွေရာသီ တုန်းကဆို ထင်းရှာသုံးနေတာ၊ ခုတောင်ယာစပါးစိုက်တဲ့ ရွာသားတွေကလည်း မိုးတွင်းပိုင်းဆို သူတို့ရဲ့အခင်းပြန်လုပ်ကြတယ်။ သူတို့ပြန်လာတော့ ထင်းရှာတဲ့နေရာ မရှိတော့ဘူး။ သူတို့တောင်ယာမှာ ထင်းသွားယူရင်းနဲ့ ကျွန်တော်တို့စခန်းကလူတွေနဲ့ ခဏခဏရန်ဖြစ်ကြတယ်”


တာဝန်ခံများကလည်း ထင်းရှားပါးသောအခက်အခဲကို မဖြေရှင်းနိုင်သေးကြောင်းနှင့် လက်တလောချက်ပြုတ် ရေးအဆင်ပြေစေရန် ညွှန်ကြားထားသော နေရာများရှိသော်လည်း ဝေးနေသောကြောင့် ခက်ခဲနေဆဲဖြစ်သည် ဟု စခန်းတာဝန်ခံ ဦးဂျန်မာလဂျာ ကပြောသည်။

“စခန်းကနေ ဆယ့်ငါးမိုင်နဲ့ဆယ့်ကိုးမိုင်ကြား ဝေးတဲ့နေရာမှာ ထင်းရှာဖွေမဲ့နေရာသူတို့ကိုပြထားတယ်။ ဒါပေမဲ့ အဆင်မပြေဘူး။ အဲဒီနေရာက ဝေးနေတော့ သွားဖို့ အဆင် မပြေဘူး။ ဖြစ်သလို ဝါးထင်းတွေနဲ့ပဲ သုံးပြီး ချက်ပြုတ်နေတယ်”

၎င်းကဆက်ပြီး စခန်းတွင်းသုံး လင်းမီးလည်း အဆင်မပြေသောကြောင့် တာဝန်ရှိသူများအား အထက်သို့တင်ပြထားသော်လည်း ငွေရေးကြေးရေး အခက်အခဲကြောင့် ပြေလည်စွာ မဖြေရှင်းနိုင်သေးကြောင်း သိရသည်။

“စခန်းတစ်ခုလုံး လင်းမီးရရှိဖို့အတွက်ကို တရုတ်ငွေ ယွမ် ၅ သိန်း ကုန်ကျမယ်။ ဒီဘတ်ဂျတ်ကမရှိတော့ မီးမရဘူး။ ကျောင်းသားတွေအတွက်လည်း အခက်အခဲရှိတယ်” ဟု ပြောသည်။

ဒုက္ခသည်စခန်းတွင် အခက်ခဲများရှိနေဆဲဖြစ်ပြီး ယခုချိန် ကျောင်းသားများအတွက် မိုးကာ၊ ဖိနပ်၊ ထီးများ လိုအပ်နေပြီး ကျန်းမာရေးအတွက်လည်း လက်တလော ကုသအသုံးပြုရန်အတွက်သာ ငှက်ဖျားဆေးဝါးများ ရှိနေကြောင်း သိရသည်။ ထိုဆေးဝါးများကလည်း တရုတ် NGO အဖွဲ့မှ လာရောက် လှူထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျေးရွာ ၄၈ မှ စစ်ပြေးဒုက္ခသည်များ စုပေါင်းခိုလှုံနေသည့် KIO လိုင်ဇာမြို့အနီး ဖုန်လွမ်ယန် (Hpunglum Yang) စခန်းတွင် အိမ်ထောင်စု ၄၃၉ စုနှင့် လူဦးရေ ၂၁၄၃ ဦးရှိပြီး မူလတန်း ကျောင်းသား ၄၁၉ ဦး ရှိကြောင်း စခန်းမှသိရသည်။

No comments: