Tuesday, July 23, 2013

တရုတ်ဗဟိုစစ်တပ်ကော်မရှင် ဒုဥက္ကဌ မြန်မာမှာရောက်ရှိနေ

ABC

တရုတ်နိုင်ငံက ​ဗဟိုစစ်တပ်ကော်မရှင် ​ဒုဥက္ကဌဟာ ​မနေ့ကတည်းက ​မြန်မာနိုင်ငံကို ​ရောက်ရှိနေပြီး ​မြန်မာနိုင်ငံနဲ့ ​ဆက်ဆံရေး ​တိုးမြှင့်လိုတဲ့အတွက် ​လာရောက်တာဖြစ်ကြောင်း ​သိရပါတယ်။

တရုတ်နိုင်ငံ ​ဗဟိုစစ်တပ်ကော်မရှင် ​ဒုဥက္ကဌ ​Fan ​Changlong ​ရဲ့ ​သုံးနိုင်ငံ ​ခရီးစဉ်အတွင်း ​မြန်မာနိုင်ငံကို ​လာရောက်တာဖြစ်ပြီး ​ထိုင်းနိုင်ငံနဲ့ ​Kazakhstan ​နိုင်ငံကို ​လည်ပတ်ဖို့ ​ရှိကြောင်း ​သိရပါတယ်။

ရန်ကုန်မြို့ ​နိုင်ငံတကာလေဆိပ်အရောက်မှာ ​ထုတ်ပြန်တဲ့ ​ထုတ်ပြန်ချက်အရ ​တရုတ်အရာရှိရဲ့ ​လည်ပတ်မှုဟာ ​တရုတ်-မြန်မာ ​နှစ်နိုင်ငံကြား ​အားလုံးပြည့်စုံပါဝင်တဲ့ ​နည်းဗျူဟာ ​ပူးပေါင်းမှု ​ရရှိရေး၊ ​နှစ်နိုင်ငံကြား ​နားလည်မှု ​မြှင့်တင်ရေး၊ ​အမြင်တူမှုတွေ ​စုစည်းရေး၊ ​ဖွံ့ဖြိုးရေးလုပ်ငန်းကို ​နှစ်နိုင်ငံ ​ပူးပေါင်း ​လုပ်ဆောင်ရေးအတွက် ​လာရောက်တာ ​ဖြစ်တယ်လို့ ​ထုတ်ပြန်ထားပါတယ်။

အဲ့ဒါ့အပြင် ​နှစ်နိုင်ငံ ​စစ်တပ်အကြား ​ပူးပေါင်းရေးနဲ့ ​ဒေသတွင်းမှာ ​တည်ငြိမ်အေးချမ်းမှု ​ဆက်လက် ​ထိန်းသိမ်းဖို့အတွက် ​နှစ်နိုင်ငံ ​စစ်တပ် ​ပူးပေါင်း ​လုပ်ဆောင်ရေးအတွက် ​လာရောက်လည်ပတ်တာလည်း ​ဖြစ်ပါတယ်။

မြန်မာနဲ့ ​တရုတ် ​ပြည်သူတွေသာမက ​နှစ်နိုင်ငံ ​စစ်တပ်တွေဟာလည်း ​နှစ်ပေါင်းများစွာကတည်းက ​ပေါက်ဖော်အဖြစ် ​ပေါင်းသင်းနေထိုင်လာကြတာဖြစ်ပြီး ​ဒီဆက်ဆံရေးကို ​ဆက်လက်ထိန်းသိမ်းဖို့ ​တရုတ်နိုင်ငံ ​စစ်တပ်အရာရှိ ​Fan ​Changlong ​က ​ပြောပါတယ်။

တရုတ်နိုင်ငံ ​ဗဟိုစစ်တပ်ကော်မရှင် ​ဒုဥက္ကဌဟာ ​ဒီကနေ့မှာတော့ ​မြန်မာနိုင်ငံ ​စစ်ဦးစီးချုပ် ​ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ​နေပြည်တော်မှာ ​တွေ့ဆုံဖို့ရှိတယ်လို့လည်း ​သိရပါတယ်။

No comments: