Sunday, July 21, 2013

အစဉ်ထာဝရ ဂုဏ်ယူ​နေရမယ့်​ အာဇာနည် ပုဂ္ဂိုလ်မြတ်

DVB

ဇူလိုင် ၁၉ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့သမိုင်း​မှာ နစ်နာဆုံး​ရှုံးမှု အကြီး​မား​ဆုံး​နဲ့ ရင်နင့်​ကြေကွဲစရာ နှမြောတသစရာ အ​ကောင်း​ဆုံး​နေ့ ဖြစ်ပါတယ်။ လွန်ခဲ့​တဲ့​ နှစ်​ပေါင်း​ ၆၆ နှစ်၊ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်မှာ မြန်မာနိုင်ငံရဲ့ အမျိုး​သား​ခေါင်း​ဆောင်ကြီး​ ဗိုလ်ချုပ်​အောင်ဆန်း​နဲ့တကွ အာဇာနည်ပုဂ္ဂိုလ်ကြီး​ ၈ ဦး​ဟာ လက်နက်ကိုင်အကြမ်း​ဖက်သမား​တွေရဲ့ လုပ်ကြံမှု​ကြောင့်​ အသက်ဆုံး​ရှုံး​ခဲ့​ရပါတယ်။

ဒီလိုတိုင်း​ပြည်အတွက် အသက်စွန့်လွှတ်သွား​ခဲ့​ရတဲ့​ ပုဂ္ဂိုလ်ကြီး​များ​ကို ဂုဏ်ပြုတဲ့​အ​နေနဲ့​ ဇူလိုင် ၁၉ ရက်​နေ့ကို အာဇာနည်​နေ့လို့ အစဉ်အဆက် သတ်မှတ်ခဲ့​ပါတယ်။

ဒါ​ပေမယ့်​ ၁၉၈၈ ခုနှစ်မှာ န၀တစစ်အစိုး​ရက အာဏာသိမ်း​ယူလိုက်တဲ့​ အချိန်ကစပြီး​ အလွန်အ​ရေး​ပါတဲ့​ အမျိုး​သား​ရေး​ဆိုင်ရာနေ့တ​နေ့အဖြစ် မကျင်း​ပ​တော့​သလို အာဇာနည် ​ခေါင်း​ဆောင်ကြီး​များ​ရဲ့အ​ကြောင်း​ကိုလည်း​ အများ​ပြည်သူသိ​အောင် ​ဟော​ပြော​ရေး​သား​ အသံလွှင့်​တာမျိုး​တွေ ဆုတ်ယုတ် လျော့​ပါး​လာခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်းမှာမှ အာဇာနည်ခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး ရေသားဖော်ပြခွင့်တွေ ရလာခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်ကျရောက်တဲ့ ၆၆ နှစ်မြောက် အာဇာနည်နေ့မှာတော့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ ဇူလိုင် ၁၉ ရက် မနက် ၁၀ နာရီ ၃၇ မိနစ်အချိန်မှာ မြန်မာ့အသံက ဥဩဆွဲဖို့ အစီအစဉ်မရှိပေမယ့် အာဇာနည်ကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အစီအစဉ်ထုတ်လွှင့်မှုကို ခေတ္တရပ်ထားမယ်လို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာန ညွှန်ကြားရေးမှူး ဦးဇေယျာက ဒီဗွီဘီကို ပြောပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းကောက်နုတ်ချက်တွေနဲ့ ဂုဏ်ပြုတေးသီချင်းတွေကို ထုတ်လွှင့်သွားမယ်လို့ ဆိုပါတယ်။


ဒီဗွီဘီ ရုပ်မြင်သံကြားမှာတော့ ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အောက်မေ့ ဂုဏ်ပြုတဲ့အနေနဲ့ ဇူလိုင်လ ၁၉ ရက် “အာဇာနည်နေ့ ” နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဥဩဆွဲသံ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

ယခင် န၀တ၊ နအဖစစ်အစိုးရ သက်တမ်းတလျှောက်မှာတော့ လက်ရှိ မြန်မာ့​တပ်မ​တော်ကို တည်​ထောင်ခဲ့​သူလည်း​ဖြစ်၊​ လွတ်လပ်​ရေး​ဗိသုကာကြီး​လည်း​ဖြစ်တဲ့​ ဗိုလ်ချုပ်​အောင်ဆန်း​အ​ကြောင်း​ကို ​ဟော​ပြော ​ရေး​သား​တာမျိုး​တွေ လုပ်ခွင့်​မပြုတော့​ပါဘူး​။ စာသင်​ကျောင်း​များ​နဲ့ တက္ကသိုလ်​ကျောင်း​များ​မှာလည်း​ ​ဟော​ပြောဖို့ မဆိုထား​နဲ့ သု​တေသန စာတမ်း​လုပ်ဖို့ လေ့​လာခွင့်​တောင် မပြုတော့​ပါဘူး​။

ဒါ​ကြောင့်​လည်း​ ဗိုလ်ချုပ်​အောင်ဆန်း​ရဲ့ ရုပ်ပုံလွှာဟာ အများ​ပြည်သူရဲ့မျက်​မှောက်က​နေ ​ပျောက်ကွယ်သ​လောက် ဖြစ်​နေခဲ့​ပါတယ်။ တကယ်​တော့​ ဗိုလ်ချုပ်​အောင်ဆန်း​ဟာ ကျ​နော်တို့ မြန်မာနိုင်ငံသူ၊​ နိုင်ငံသား​များ​အ​နေနဲ့ အစဉ်အမြဲ သတိရ​နေရမယ့်​ ​ကျေး​ဇူး​ရှင်တပါး​ ဖြစ်သလို အစဉ်ထာဝရ ဂုဏ်ယူ​နေရမယ့်​ အာဇာနည် ပုဂ္ဂိုလ်မြတ်တပါး​ ဖြစ်​နေပါတယ်။

ဗိုလ်ချုပ်​အောင်ဆန်း​ဟာ လက်နက်ကိုင်အကြမ်း​ဖက်သမား​တွေရဲ့ လုပ်ကြံခံရမှု သက်သက်နဲ့ အာဇာနည်ဘွဲ့ထူး​ကို ရခဲ့​တာ မဟုတ်ပါဘူး​။ အသက် ၁၈ နှစ်အရွယ် ၁၉၃၃ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကို ​ရောက်တဲ့​အချိန်ကစပြီး​ ၁၉၄၇ ခုနှစ်မှာ လုပ်ကြံခံရတဲ့​အချိန်ထိ ​ကျောင်း​သား​ခေါင်း​ဆောင်ဘဝ၊​ တပ်မ​တော်​ခေါင်း​ဆောင်ဘဝ၊​ နိုင်ငံ​ရေး​ခေါင်း​ဆောင်ဘဝ​တွေ တ​လျှောက်လုံး​မှာ နိုင်ငံအတွက် စွန့်လွှတ်စွန့်စား​ ​ဆောင်ရွက်ခဲ့​တဲ့​သူ တဦး​ပါ။ ဒီလို​ခေါင်း​ဆောင်​ကောင်း​ တ​ယောက်ဖြစ်​အောင် ဖန်တီး​ပေး​တဲ့​ ဗိုလ်ချုပ်​အောင်ဆန်း​ရဲ့ အရည်အချင်း​နဲ့ ပတ်သက်ပြီး​တော့​ သူနဲ့အတူ ရန်ကုန်တက္ကသိုလ်မှာ ပညာဆည်း​ပူး​ခဲ့​တဲ့​ စာ​ရေး​ဆရာကြီး​ ဒဂုန်တာရာက ဒီလို​ပြောကြား​ပါတယ်။

“လူငယ်​တွေက​တော့​ အ​သေး​စိတ် သိချင်မှသိမယ်။ ကို​အောင်ဆန်း​ကို ကျ​နော် ခံစား​ မိတာက ရိုး​သား​တယ်။ အဲဒါ ရှား​တဲ့​အရည်အချင်း​ပဲ။ ကျ​နော်​တွေ့ဖူး​တဲ့​ လူ​တွေထဲမှာ ရိုး​သား​တဲ့​ နေရာမှာ ထင်ရှား​တယ်။ အဲဒီတုန်း​က​တော့​ နာမည် သိပ်မရှိ​သေး​ပါဘူး​။ ဂျပန်မှာ မြန်မာ့​ လွတ်လပ်​ရေး​ တပ်မ​တော်ဖွဲ့တော့​ နာမည်ရှိလာတာ​ပေါ့​ဗျာ။ အဲ​တော့​ သူက ကန္ဒီစာချုပ်ချုပ် ပြီး​တော့​ သူကို ​မောင့်​ဘက်တန်က အ​ရှေ့တောင်အာရှ စစ်​သေနာပတိ ထင်တယ်။ အဲဒီတုန်း​က လွတ်လပ်​ရေး​ မရ​သေး​ဘူး​။ သူကိုအင်္ဂလိပ်လို Deputy Inspector General လို့ ခေါ်တယ်။ မြန်မာလိုပြန်လိုက်​တော့​ ဒုတိယစစ်​သေနာပတိ​ပေါ့​။ သူက စာပြန်လိုက်တယ်။ အဲဒီစာက ​ဒေါက်တာ​မောင်​မောင်ရဲ့ Aung San of Burma ထဲမှာလည်း​ ပါတယ်။ သူကအဲဒါကို လက်မခံ ဘူး​။ သူကနိုင်ငံ​ရေး​လုပ်မှာမို့လို့ အဲဒီရာထူး​ မယူပါရ​စေနဲ့ ဆိုပြီး​တော့​ ​မောင့်​ဘက်တန်ကို ​ပေး​တဲ့​ စာထဲမှာ အတိအလင်း​ ပါတာပဲ။ ကျ​နော် အကဲခတ်ရသ​လောက်​တော့​ သူက နိုင်ငံ​ရေး​လုပ်ရင် စစ်တပ်မှာ မလုပ်​စေချင်ဘူး​လို့ ယူဆတယ် ထင်တယ်။ စစ်တပ်ကို အသုံး​ချပြီး​တော့​ နိုင်ငံ​ရေး ​လုပ်တာကို သူက ကြိုက်ပုံမရဘူး​။ ဒါ​ကြောင့်​ သူကထွက်တာပဲ။ ကို​အောင်ဆန်း​က ရိုး​တယ်ဗျ။ အဲဒါ​တော့​ ကျ​နော်လက်ခံထား​တယ်။ ထူး​ခြား​တယ်။ ​နောက် နိုင်ငံ​ရေး​ကိုပဲ စိုက်စိုက်မတ်မတ် လုပ်မယ်ဆိုတဲ့​ စိတ်ဓာတ်​တော့​ရှိတယ်။ ရားထူး​တွေ ဘာ​တွေ မမက်ဘူး​။”

ခေါင်း​ဆောင်​ကောင်း​ တ​ယောက်အ​နေနဲ့ တခြား​ဂုဏ်ရည်များ​၊​ ရှိ​နေ​သေး​ကြောင်း​ကို​တော့​ ဗိုလ်ချုပ်​အောင်ဆန်း​ရဲ့ လက်​အောက်မှာ တာဝန်ထမ်း​ဆောင်ခဲ့​ဖူး​တဲ့​ ဗိုလ်မှူး​ကြီး​ဟောင်း​ လွန်း​တင်က အခုလို ​ပြောပြပါတယ်။

“ပဲခူး​ရိုး​မ​ကြောကို ချီတက်တဲ့​အခါမှာ ဒီခရီး​က ရန်သူ့​နယ်​မြေကို ထိုး​ဖောက်ပြီး​တော့​ ချီတက်ရတဲ့​အတွက်​ကြောင့်​ အန္တရာယ်လည်း​ များ​တယ်။ ​နောက်​တော့​ ပဲခူး​ရိုး​မက ရွာမရှိဘူး​။ ရိက္ခာဆိုတာလည်း​ မရှိဘူး​။ ​ရောက်ခါစဆို​တော့​ အစား​အ​သောက်က ​တော်​တော်​လေး​ကို ဒုက္ခ​ရောက်တယ်။ အဲဒီ ခရီး​ကြမ်း​မှာ ဗိုလ်ချုပ်​အောင်ဆန်း​က ကျ​နော်တို့နဲ့အတူ ​မြေကြီး​မှာ အိပ်တယ်။ ရတဲ့​ဟာစား​တယ်။ ရန်သူကို တိုက်သွား​တယ်။ ကျ​နော်က သူအောက်က ရဲ​ဘော်ပဲ။ အဲဒီစစ်သား​ဘဝမှာ ဗိုလ်​တေဇက ကျ​နော်နဲ့ ဆက်ဆံတဲ့​နေရာမှာ ​ကျောင်း​သား​ကြီး​က​နေ ​ကျောင်း​သား​ငယ်ကို ဆက်ဆံတဲ့​ သ​ဘောမျိုး​ ကျ​နော်ခံစား​မိတယ်။”

ဗိုလ်ချုပ်​အောင်ဆန်း​ဟာ ကုလား​ထိုင်​ပေါ်က​နေ အမိန့်ပေး​တတ်တဲ့​ ​ခေါင်း​ဆောင်မျိုး​ မဟုတ်ဘဲ သူ့ရဲ့ ရဲ​ဘော်ရဲဘက်များ​နဲ့အတူ ​သေအတူ ရှင်မကွာ တိုက်ပွဲဝင်တတ်သူ ဖြစ်တဲ့​အ​ကြောင်း​ သူကိုယ်တိုင် စိတ်ဓာတ်ကြံ့​ခိုင်သူဖြစ်သလို ရဲ​ဘော်များ​ကို စိတ်ဓာတ်ကြံ့​ခိုင်​အောင် စစ်​မြေပြင်မှာ သွား​ရောက် အား​ပေး​တတ်သူဖြစ်​ကြောင်း​ကိုလည်း​ ဗိုလ်မှူး​ကြီး​ဟောင်း​ လွန်း​တင်က အခုလို ဆက်​ပြောပြပါတယ်။

“အဲဒီလို အ​မြောက်ဆန်ကြား​ထဲမှာ ဗိုလ်ချုပ်​အောင်ဆန်း​က ကျ​နော်တို့ကို ဆုံး​မစကား​ပြောတယ်။ သူ​ပေး​တဲ့​ ဆုံး​မစကား​က စိတ်ဓာတ်ပဲ။ သူနမူနာ ​ပေး​တယ် အင်္ဂလိပ်စစ်တပ်နဲ့ ပြင်သစ်စစ်တပ်၊​ ဂျာမန်စစ်တပ်နဲ့ ရင်ဆိုင်တဲ့​အခါကျ​တော့​ အင်္ဂလိပ်စစ်တပ်က စိတ်ဓာတ်​ကောင်း​တဲ့​အတွက်​ကြောင့်​ သူလူ​တွေ အား​လုံး​ကို ​ခေါ်သွား​နိုင်တယ်။ ပြင်သစ်စစ်တပ်ကျ​တော့​ စိတ်ဓာတ်​ပျော့​တဲ့​အခါကျ​တော့​ ဂျာမန်ဆီမှာ လက်နက်ချသွား​တယ်။ အဲ​တော့​ ဆိုလိုတာက ပြဿနာတခု ဖြစ်လာရင် စိတ်ဓာတ် အ​ရေး​ကြီး​တယ်။ ကျ​နော်တို့ကို သွယ်ဝိုက်ပြီး​ ​တော်လှန်​ရေး​နီး​တဲ့​အခါကျ​တော့​ စိတ်ဓာတ်နဲ့ ပတ်သက်ပြီး​တော့​ အ​ရေး​ကြီး​တဲ့​ အ​ကြောင်း​ကို ​ပြောတာ။ ဆိုလိုတာက စိတ်ဓာတ်​ကောင်း​ရင် အရာရာ ​အောင်မြင်တယ်။ စိတ်ဓာတ်​ပျော့​ရင် လက်​မြှောက် ဒူး​ထောက်တဲ့​ဘဝ ​ရောက်တဲ့​အ​ကြောင်း​ကို ကျ​နော်တို့ကို သွယ်ဝိုက်တဲ့​နည်း​နဲ့ ​ပြော​နေခဲ့​တာ။ အဲဒီအချိန်မှာ သူ​ပြော​နေတဲ့​ကာလက အ​ပေါ်က ​လေယာဉ်ပျံနဲ့​ ဗုံး​ကြဲ​နေတယ်။”

ဗိုလ်ချုပ်​အောင်ဆန်း​က ရိုး​သား​မှု၊​ စွန့်လွှတ်မှု၊​ ရဲ​ဘော်ရဲဘက်စိတ်ရှိမှုနဲ့ စိတ်ဓာတ်ကြံ့​ခိုင်မှု စတဲ့​ ဂုဏ်ရည်ဂုဏ်​သွေး​တွေ​ကြောင့်​ ​ကျောင်း​သား​ခေါင်း​ဆောင်​ကောင်း​၊​ တပ်မ​တော် ​ခေါင်း​ဆောင်​ကောင်း​နဲ့ နိုင်ငံ​ရေး​သမား​ ​ခေါင်း​ဆောင်​ကောင်း​အဖြစ်ကို ​ရောက်ရှိခဲ့​ပါတယ်။

ဗိုလ်ချုပ်ဟာ တပ်မ​တော်ကထွက်ပြီး​ နိုင်ငံလွတ်​မြောက်​ရေး​ကို ​ဆောင်ရွက်ရင်း​ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်​နေ့​မှာ လုပ်ကြံခံခဲ့​ရပါတယ်။ ဗိုလ်ချုပ်​အောင်ဆန်း​က တကယ့်​ အာဇာနည်အဖြစ် မြန်မာတည်သ​ရွေ့၊​ ကမ္ဘာတည်သ​ရွေ့ ​မော်ကွန်း​ထိုး​ခံရမယ့်​သူ ဖြစ်တယ်လို့​ ဗိုလ်ချုပ်​အောင်ဆန်း​ရဲ့ အာဇာနည်ဂုဏ်ရည်ထူး​တခုကို ၈၈ မျိုး​ဆက် ​ကျောင်း​သား​ခေါင်း​ဆောင် ဦးမင်း​ကိုနိုင်က ​ပြောပြန်ပါတယ်။

“အများ​အတွက် စွန့်လွှတ်အနစ်နာခံတဲ့​ အာဇာနည်လို့ သမိုင်း​မှာ ထင်ရှား​တဲ့​ ​မော်ကွန်း​ထိုး​ခံရမှုဆိုတာ သာမန် အညတရ စွန့်လွှတ်စွန့်စား​ အနစ်နာခံရသူ​တွေထက် ပိုပြီး​ထူး​ခြား​တဲ့​၊​ ပိုပြီး​တော့​ကျယ်ပြန့်တဲ့​ လုပ်​ဆောင်မှု ရှိဖို့လိုတယ်လို့ ကျ​နော်မြင်တယ်။ ​ကောင်း​ပြီ၊​ ဗိုလ်ချုပ်​အောင်ဆန်း​က ဘာ​ကြောင့်​ အာဇာနည်ပါလို့ မော်ကွန်း​ထိုး​ခံရသလဲ ဆို​တော့​ တမျိုး​သား​လုံး​ကို ကိုယ်စား​ပြုနိုင်မှုကိုရ​အောင် သူအလုပ် လုပ်ပြနိုင်ခဲ့​တယ်။ အဲဒီလို​နေရာမျိုး​မှာ အဓိကတချက်က ဘာလဲဆို​တော့​ လက်နက်အင်အား​နဲ့ ခြိမ်း​ခြောက်ပြီး​တော့​ အား​လုံး​ ဒါကိုလိုက်နာကြ၊​ မလိုက်နာရင် ငါရဲ့ရှိတဲ့​အင်အား​နဲ့ အနိုင်ကျင့်​ပြီး​တော့​ စွဲ​ခေါ်ရလိမ့်​မယ်ဆိုတဲ့​ ခြိမ်း​ခြောက်မှုမျိုး မဟုတ်ဘူး​။ ကျ​နော်တို့ တိုင်း​ရင်း​သား​အား​လုံး​ရဲ့ သ​ဘောတူညီမှုကို ရှာတဲ့​နေရာမှာ ပြည်​ထောင်စု​နေ့​ဆိုတာ ​ပေါ်​ပေါက်လာတာကို ပြန်ကြည့်​မယ်ဆိုရင် ဗိုလ်ချုပ်​အောင်ဆန်း​က မိမိနဲ့ သ​ဘောထား​ မတိုက်ဆိုင်တဲ့​သူ​တွေ၊​ မိမိနဲ့ ရပ်တည်တဲ့​ ​နေရာမှာ အဖွဲ့အစည်း​အသီး​သီး​ ​ရောက်​နေတဲ့​ ပုဂ္ဂိုလ်တွေကို ဒါတမျိုးသား​လုံး​ရဲ့ အမျိုး​သား​ အင်အား​စု​တွေပါလား​၊​ သိရှိသ​ဘော​ပေါက် လက်ခံတယ်။ နှစ်အချက် အဲဒီ အမျိုး​သား​အင်အား​စု​တွေ အား​လုံး​ကို တူညီတဲ့​အချက်တခုကို ရ​အောင် သူရှာ​ဖွေနိုင်တယ်။ ရ​အောင်ရှာ​ဖွေပြီး​တော့​ အား​လုံး​သ​ဘောတူညီ​အောင် သူကြိုး​စား​နိုင်ခဲ့​တယ်။ ဒါ​ကြောင့်​မို့လို့ တမျိုး​သား​လုံး​ အတိုင်း​အတာကြီး​ ကျယ်ပြန့်သွား​တဲ့​အခါမှာ အမျိုး​သား​ခေါင်း​ဆောင်တ​ယောက် ဖြစ်သွား​တယ်။ အမျိုး​သား​ခေါင်း​ဆောင်တ​ယောက်အ​နေနဲ့ လုပ်ကြံခံလိုက်ရတဲ့​အခါမှာ အာဇာနည်ခေါင်း​ဆောင်အဖြစ်ပါ သူဟာ ထိုက်ထိုက်တန်တန် သမိုင်း​မော်ကွန်း​မှာ ​ရေး​ထိုး​ခံရခြင်း​ ဖြစ်တယ်လို့ ကျ​နော်မြင်တယ်။”

စာ​ရေး​ဆရာကြီး​ ဒဂုန်တာရာဟာ သူထုတ်​ဝေတဲ့​ တာယာမဂ္ဂဇင်း​အတွက် ​ဆောင်း​ပါး​သွား​ယူဖို့ ဗိုလ်ချုပ်ရုံး​တက်တဲ့​ အတွင်း​ဝန်များ​ရုံး​ကို လုပ်ကြံခံရတဲ့​နေ့​မှာ သွား​ခဲ့​ပါတယ်။ မနက် ၁၁ နာရီ​ကျော်​ကျော် သူ​ရောက်သွား​တဲ့​အချိန်မှာ အတွင်း​ဝန်များ​ရုံး​တခုလုံး​ တိတ်ဆိတ်​နေပါပြီ။ ဗိုလ်ချုပ်နဲ့တကွ အစည်း​အ​ဝေး​ထိုင်​နေတဲ့​ ဝန်ကြီး​များ​ကို လက်နက်ကိုင်များ​က ​သေနတ်နဲ့ အတင်း​ဝင်​ရောက် ပစ်ခတ်ခဲ့​တာက မနက် ၁၀ နာရီ မိနစ် ၄၀ ခန့်မှာ ဖြစ်ပါတယ်။ ဒါနဲ့ ဆရာကြီး​ ဒဂုန်တာရာဟာ ​လှေကား​က​နေ ပြန်လှည့်​ဆင်း​ရင်း​ ဆရာဦး​သိန်း​ဟန်​ခေါ် ဆရာကြီး​ဇော်ဂျီနဲ့ ​တွေ့ပါတယ်။ အဲဒီအချိန်မှာ ဆရာကြီး​ဇော်ဂျီဟာ အထူး​အရာရှိအဖြစ် အတွင်း​ဝန်များ​ရုံး​မှာပဲ အလုပ်လုပ်​နေပါတယ်။ ဆရာကြီး​ ဒဂုန်တာရာကို ​တွေ့တွေ့ချင်း​ပဲ ဆရာကြီး​ဇော်ဂျီက ဒို့​တော့​ ကိုယ်ကျိုး​နည်း​ပြီလို့ ​ပြောပါတယ်။ လုပ်ကြံမှုရဲ့​ အကျိုးဆက်အဖြစ် မြန်မာနိုင်ငံရဲ့ ဆိုး​ဝါး​မယ့်​အနာဂတ်ဖြစ်မှာကို ဆရာကြီး​ဇော်ဂျီက အ​သေအချာ တွက်ဆမိပုံ ရပါတယ်။

ဗိုလ်ချုပ်လုပ်ကြံခံရတဲ့​အတွက် တိုင်း​ပြည်တခုလုံး​ ကိုယ်ကျိုးနည်း​ခဲ့​ရပုံနဲ့ ပတ်သက်တဲ့​ သူ့အမြင်ကို ဦးမင်း​ကိုနိုင်က အခုလို ​ပြောပြပါတယ်။

“လက်နက်နဲ့ပဲ ​ဖြေရှင်း​လိုက်တဲ့​ ဆိုး​ကျိုး​ဟာ ​တောက်​လျှောက် ကျ​နော်တို့​ဆီမှာ အကျင့်​ဆိုး​ကြီး​တခုအ​နေနဲ့ လစ်ရင်လစ်သလို လက်နက်အင်အား​ကြီး​သူ​တွေက​နေပြီး​ အများ​သ​ဘောနဲ့ ​ရွေး​ချယ်ထား​တဲ့​၊ အများ​သ​ဘောတူ တင်​မြှောက်ထား​တဲ့​ ​ခေါင်း​ဆောင်​တွေ အ​ပေါ်မှာ အနိုင်ကျင့်​နေဦး​မယ်ဆိုတဲ့​ အစွဲကြီး​က ဆက်ပြီး​တော့​ ကြီး​မား​လာတယ်။ အဲဒီဆိုး​ကျိုး​တွေကို ဆက်ပြီးတော့​ ရင်ဆိုင်ခံစား​နေရတာ ဒီ​နေ့အထိပဲ။ ကျ​နော်တို့​တိုင်း​ပြည်မှာ ဒီမိုက​ရေစီ ဆိတ်သုဉ်း​ပြီး​တော့​ လက်နက်ရှိတဲ့​သူက လက်နက်မရှိတဲ့​သူ​တွေအ​ပေါ်မှာ အမိန့်ပေး​မယ်။ မလိုက်နာရင် ဘယ်လိုအ​ရေး​ယူမယ်ဆိုတာ​တွေ ကျ​နော်တို့တွေဆီမှာ ရှိ​နေကြတာကို။ တကယ့်​တကယ် အများ​သ​ဘောတူ စု​ပေါင်း​ပြီး​တော့​ ဆုံး​ဖြတ်ကြတဲ့​စနစ်မျိုး​၊​ ကိုယ်စား​လှယ်​တွေ ​ရွေး​ချယ်ပြီး​တော့​ အဲဒီကိုယ်စား​လှယ်​တွေကို တ​လေး​တစား​နဲ့​ သူတို့သ​ဘောထား​ဆန္ဒတွေကို နား​ထောင်ပြီး​တော့​ အ​ဖြေရှာတဲ့​စနစ်မျိုး​ကို ဒီ​နေ့အချိန်ထိ ရင့်​ကျက်​အောင် မတည်​ဆောက်နိုင်​သေး​တာဟာ ကျ​နော်တို့တိုင်း​ပြည်ဟာ အား​လုံး​နဲ့ ယှဉ်လိုက်တဲ့​ အခါမှာ ​အောက်ကျ​နောက်ကျ ဖြစ်​နေရတာ။ ကမ္ဘာ့​အလယ်မှာ ဒီ​နေ့ထိ တင့်​တင့်​တယ်တယ် မ​နေနိုင်​သေး​တာက အဲဒီဆိုး​ကျိုး​တွေပါပဲ။ ကျ​နော်တို့ တကယ်တမ်း​ ယဉ်​ကျေး​တဲ့​လူ​အဖွဲ့အစည်း​လို့ ကျ​နော်တို့ တောက်​လျှောက် ​ပြော​နေတယ်ဆိုတာ ဂုဏ်သိက္ခာ အတွက်ပါ။ ကျ​နော်တို့ ကျန်း​မာ​ရေး​နဲ့ ပညာ​ရေး​တွေ၊​ အမှီလိုက်ကြမယ်။ အား​လုံး​ ကြိုးး​စား​ကြမယ်ဆိုရင် ရပါတယ်။ တိုင်း​ပြည်တခုရဲ့ ဖွံ့ဖြိုးတိုး​တက်မှုဆိုတာ တမျိုး​သား​လုံး​ ညီညွတ်ရင် ရပါတယ်။ အ​ရေး​ကြီး​ဆုံး​တခုဖြစ်တဲ့​ ယဉ်​ကျေး​တဲ့​လူအဖွဲ့အစည်း​တခုဖြစ်ဖို့ဆိုတာကို အရင်ဆုံး​ တည်​ဆောက်ကြရမှာပါ။ အဲဒါသမိုင်း​ပေး​တဲ့​ သင်ခန်း​စာ၊​ အာဇာနည်​နေ့ဆိုတဲ့​ ​သွေး​စွန်း​ခဲ့​တဲ့​ အကျည်း​တန်ခဲ့​တဲ့​နေ့က ​ပေး​ခဲ့​တဲ့​ သင်ခန်း​စာပါပဲ။”

ဗိုလ်ချုပ်​အောင်ဆန်း​ရဲ့ ဂုဏ်ရည်များ​ဟာ အာဇာနည်​ခေါင်း​ဆောင်များ​မှာရှိတဲ့​ ကြီး​မြတ်တဲ့​ ဂုဏ်ရည်များ​ ဖြစ်ပါတယ်။ ဒီလိုဂုဏ်ရည်များ​ရှိတဲ့​ ​ခေါင်း​ဆောင်တ​ယောက်ရဲ့​ စွမ်း​ဆောင်မှု​ကြောင့်​လည်း​ မြန်မာနိုင်ငံဟာ လွတ်လပ်​ရေး​ကို ထိုက်ထိုက်တန်တန် ရရှိခဲ့​ခြင်း​ ဖြစ်ပါတယ်။ လွတ်လပ်တဲ့​နိုင်ငံတနိုင်ငံအဖြစ် ကမ္ဘာ့​အလယ်မှာ မား​မား​မတ်မတ် ရပ်တည်လာနိုင်​အောင် စွန့်လွှတ်မှုအပြည့်​နဲ့ ​ဆောင်ရွက်သွား​ခဲ့​တဲ့​ ဗိုလ်ချုပ်​အောင်ဆန်း​ရဲ့ ​ကျေး​ဇူး​တရား​ဟာလည်း​ အလွန်တရာ ကြီး​မား​လှပါတယ်။

န၀တ၊ နအဖစစ်အစိုးရ သက်တမ်းတလျှောက် ဗိုလ်ချုပ်​အောင်ဆန်း​ရဲ့ ဂုဏ်ရည်နဲ့ သူ့ကျေး​ဇူး​တရား​ကို ပယ်ဖျက်ဖို့ ကြိုး​စား​ခဲ့ကြတာတွေနဲ့ ပတ်သက်လို့ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ ကထိကအဖြစ် အလုပ်လုပ်ခဲ့​ဖူး​သူ စာ​ရေး​ဆရာမမေငြိမ်း​က ဒီလို တွက်ပြပါတယ်။

“ကျမတို့ ဗိုလ်ချုပ်​အောင်ဆန်း​တို့အ​ကြောင်း​ကို ​ပြောမိရင် အမြဲတမ်း​ သူတို့ရဲ့​ အရည်အ​သွေး​ကို ကျမတို့ စံပြုပြီး​ပြောရတာ​ပေါ့​။ ဗိုလ်ချုပ်လို လူငယ်​တွေဖြစ်လာ​စေချင်တဲ့​ စိတ်မျိုး​နဲ့ ပြောတဲ့​အခါမှာ ဘယ်သူအ​ကြောင်း​ပဲ ​ပြော​ပြော ဒီအာဇာနည်ခေါင်း​ဆောင်ကြီး​တွေမှာ အမြဲတမ်း​ကောင်း​တဲ့​ အရည်အ​သွေး​တွေ ပြည့်​နေတာကို၊​ အဲဒါ​တွေကို ​ပြောတဲ့​အခါမှာ အုပ်ချုပ်သူ​တွေက သူတို့​မှာ ဒီလို​ကောင်း​တဲ့​ အရည်အ​သွေး ​မရှိတဲ့​အခါမှာ က​လေး​တွေက ယှဉ်ပြီး​တော့​ မြင်လာတာမျိုးတွေလည်း​ ဖြစ်​ကောင်း​ ဖြစ်လာနိုင်တယ်။ အဲဒါ​တွေ​ကြောင့်​ သူတို့ ပိတ်ပင်တာလည်း​ ဖြစ်နိုင်တယ်။ ဒါ​ပေမယ့်​ ကျမက​တော့​ ဆရာမတ​ယောက်အ​နေနဲ့ ဘယ်လို​တွေး​လဲဆို​တော့​ ဗိုလ်ချုပ်တို့​အ​ကြောင်း​နဲ့ အာဇာနည်ကြီး​တွေအ​ကြောင်း​ ​ပြောခွင့်​မရတာဟာ က​လေး​တွေအ​နေနဲ့ လူ​တော်လူ​ကောင်း​ဆိုတာ ဘာလဲဆိုတာ သိခွင့်​မရတာပဲ။ အဲဒါဟာ က​လေး​တွေရဲ့ အနာဂတ်အတွက် အန္တရာယ်ရှိတယ်။ စိတ်ပူရတယ်လို့ တွေး​ပါတယ်။ ဘာလို့​လဲဆို​တော့​ က​လေး​တွေရဲ့ မျက်စိမှာ မြင်​နေရတာက ဂုဏ်သိက္ခာအား​ဖြင့်​လည်း​ မရှိ။ အရည်အ​သွေး​အား​ဖြင့်​လည်း​ မပြည့်​စုံတဲ့​ ​ခေါင်း​ဆောင်ပိုင်း​တွေသာ ​တွေ့နေရတာ ဖြစ်တဲ့​အတွက်​ကြောင့်​ ​နောင်တချိန်မှာ လူကြီး​ဖြစ်လာမယ့်​ က​လေး​တွေက တကယ်​တော့​ ​ခေါင်း​ဆောင်​တွေဆိုတာ ဒီလိုပါလား​ဆိုတဲ့​ အဖြစ်မျိုး​ ဖြစ်သွား​မှာကို စိတ်ပူတယ်။

“ကျမတို့ ​ကျောင်း​ဆရာမ​တွေက က​လေး​တွေက အာဇာနည်ဆိုတာ ဘယ်လိုလဲ၊​ အာဇာနည်​တွေရဲ့ အရည်အချင်း​တွေက ဘယ်လိုလဲ၊​ ဒီအရည်အချင်း​တွေနဲ့ကြောင့်​ အာဇာနည်ဖြစ်တာပဲလို့ ဆိုတဲ့​အ​ကြောင်း​တွေကို သိ​အောင်​ပြောပြဖို့ လိုတယ်။ ဒါက အ​ရေး​ကြီး​တယ်လို့ ကျမ ထင်ပါတယ်။”


လူတဦး​တ​ယောက်အ​နေနဲ့ တိုး​တက်ဖို့ပဲဖြစ်ဖြစ် နိုင်ငံတခုအ​နေနဲ့ ဖွံ့ဖြိုး​ဖို့ပဲ ဖြစ်ဖြစ် ​ခေါင်း​ဆောင်​ကောင်း​များ​ရဲ့ ဂုဏ်ရည်ကို ​လေ့​လာ​တွေ့​ဖို့ လိုပါတယ်။ ဗိုလ်ချုပ်​အောင်ဆန်း​က မြန်မာနိုင်ငံသား​အား​လုံး​အတွက် ​လေ့​လာအတုယူစရာ အမျိုး​သား​ခေါင်း​ဆောင်ကြီး​ ဖြစ်ပါတယ်။

ဒါ​ကြောင့်​ ဗိုလ်ချုပ်​အောင်ဆန်း​ရဲ့ ရိုး​သား​မှု၊ စွန့်​လွှတ်မှု၊​ စိတ်ဓာတ်ခိုင်ကြည်မှုနဲ့​ အများ​အကျိုးအတွက်​ဆောင်ရွက်မှု စတဲ့​ဂုဏ်ရည်များ​ကို ​လေ့​လာအတုယူရင်း​ လွတ်လပ် ပွင့်​လင်း​တဲ့ အနာဂတ် မြန်မာနိုင်ငံကို ဝိုင်း​ဝန်း​တည်​ဆောက်ကြပါစို့လို့ တိုက်တွန်း​လိုက် ရပါတယ်။

၂၀၁၁ ခုနှစ် အာဇာနည်နေ့တုန်းက ဖော်ပြခဲ့တဲ့ “အစဉ်ထာဝရ ဂုဏ်ယူ​နေရမယ့်​ အာဇာနည် ပုဂ္ဂိုလ်မြတ်” ဆောင်းပါးကို ပြန်လည်ဖြည့်စွက် ဖော်ပြထားတာ ဖြစ်ပါတယ်။

No comments: