Monday, July 15, 2013

ဖျက်သိမ်းခံလိုက်ရတဲ့ နစက တပ်ဖွဲ့မှ ဘင်္ဂလာဒေခ်ျ့ ငါးဖမ်းသမား ၂၁ ယောက်ကို ပြန်ပေးဆွဲ

နိရဉ္စရာ


နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကနေ ကြော်ငြာချက်ထုတ် ဖျက်သိမ်းလိုက်တဲ့ နစက တပ်ဖွဲ့ ၀င် တချို့ဟာ နတ်မြစ်အတွင်း ငါးဖမ်းနေတဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၂၁ ယောက်နဲ့ ငါးဖမ်းဘုတ် ၆ စီးကို ပြန်ပေးဆွဲ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့တယ်လို့ ဘင်္ဂလာဒေခ်ျ့ဘက်က စွပ်စွဲလိုက်ပါတယ်။

ခု ဖြစ်ရပ်ဟာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကနေ နစက ( နယ်စပ်ဒေသ လူဝင်မူ စစ်ဆေးရေး ကွပ်ကဲမူ ဌာနချုပ်) ကို ဖျက်သိမ်းကြောင်း ကျေညာတဲ့ ဇူလိုင်လ ၁၂ ရက် သောကြာနေ့ ညဥ့်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်တွေက ပြောတာကတော့ ဘင်္ဂလာဒေခ်ျ့ ငါးဖမ်းသမား ၂၀ ယောက်ဟာ ငါးဖမ်းစက်လှေ ၅ စီးနဲ့ အတူ နတ်မြစ် အတွင်း ဇူလိုင်လ ၁၂ ရက် နေ့လည်ပိုင်းကတည်းက ငါးဖမ်းနေခဲ့ကြောင်း၊ ညနေပိုင်းတွင် ရာသီဥတု ဆိုးရွားလာတဲ့ အတွက် မိသားစုတွေနဲ့ ဖုံး အဆက်အသွယ်တွေ ပြတ်တောက်သွားခဲ့ကြောင်း၊ သို့အတွက် ငါးဖမ်း လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ရာမဇန် ( Ramzan) ဆိုသူက အဘူလ် ဖါဇေလ် ( Abul Fazal) ကို တစ်ခြား ငါးဖမ်း စက်လှေကြီး တစ်စီးနဲ့ အတူ အဲဒီ နေရာကို ကူညီပေးရန် စေလွှတ်ခဲ့ကြောင်း၊ အဲဒီနေရာကို ရောက်ပြီး ငါဖမ်းလှေတွေကို ဆွဲယူဖို့ လုပ်နေစဉ်မှာ ချက်ချင်း နစက တပ်ဖွဲ့ တစ်ခု ရောက်ရှိလာပြီး ငါးဖမ်း စက်လှေ ၆ စီးနဲ့ လူ ၂၁ ယောက်ကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ပြောပါတယ်။


ဖမ်းဆီးခေါ်ဆောင်ခံသွားရတဲ့ ဘင်္ဂလီ ငါးဖမ်းသမား ၂၁ ဦးစလုံးဟာ တက်ကနက်မြို့နယ် ဂျာလီယာ ရွာက ဖြစ်ကြတယ်လို့ ပြောပါတယ်။ တက်ကနက်မြို့နယ်ဟာ မြန်မာဘက်က မောင်တောမြို့နယ်နဲ့ မျက်နာချင်းဆိုင်မှာ တည်ရှိပြီး အလယ်မှာ နတ်မြစ်က ခြားထားပါတယ်။

ခုလို မြန်မာ နစကတွေက ဘင်္ဂလာဒေခ်ျ့ ငါးဖမ်းသမားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ ပတ်သက်ပြီး တက်ကနက် အခြေစိုက် အမှတ် (၄၂) တပ်ရင်း၊ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ဇာဟစ် ဟူစိန်က မြန်မာဘက်ကို စာရေး ကန့်ကွက်လိုက်ပြီး အမြန်ဆုံး အလံတင် အစည်းအဝေး ပြုလုပ်ဖို့ တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

မြန်မာ နစက ဘက်ကတော့ အခုအချိန်ထိ တစ်စုံတစ်ရာ အကြောင်း ပြန်ကြားတာ မရှိသေးဘူးလို့ ဆိုပါတယ်။

အခု နစက တပ်ဖွဲ့ဝင်တွေ ဘင်္ဂလီ ငါးဖမ်းသမားတွေကို ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ရေပြင်ပိုင်နက်ဟာ မြန်မာအပိုင်လား၊ ဘင်္ဂလာဒေခ်ျ့ အပိုင်လားဆိုတာကိုတော့ သဲကွဲစွာ မသိရသေးပါဘူး။ နတ်မြစ်အတွင်း တချို့နေရာတွေမှာ ရေပြင်ကို သူပိုင် ကိုယ်ပိုင် သတ်သတ်မှတ်မှတ် ပိုင်းခြားဖို့ အခက်အခဲ ရှိနေတာကြောင့် မြန်မာဘက်ကို ငါးဝင်ဖမ်းတဲ့ ဘင်္ဂလာဒေခ်ျ့က ငါးဖမ်းသမားတွေကို နစကတွေက မကြာခဏ ဖမ်းဆီးမူတွေ ရှိပါတယ်။

အရင်က ဖြစ်စဉ်တွေမှာတော့ ခုလို ဘင်္ဂလီ ငါးဖမ်းသမားများကို ဖမ်းဆီးမိပြီဆိုရင် မြန်မာ နစကတွေက ပိုက်ဆံ အမြောက်အမြား တောင်းပြီး ပြန်ရွေးခိုင်းလေ့ရှိတယ်လို့ ဆိုပါတယ်။ အကယ်၍ သူတို့ တောင်းတဲ့ ပိုက်ဆံနဲ့ ပြန်မရွေးရင် မြန်မာ နယ်မြေထဲ တရားမ၀င် ကျူးကျော် ၀င်ရောက်မူနဲ့ တရားစွဲပြီး ထောင်ချ လေ့ရှိတယ်လို ဆိုပါတယ်။

ဒီသတင်းကို ဒီကနေ့ထုတ် ဘင်္ဂလာဒေခ်ျ့ သတင်းစာ အများအပြားမှာလည်း ” နစကတွေ ဘင်္ဂလီ ငါးဖမ်းသမား ၂၁ ဦးကို ဖမ်းဆီး ပြန်ပေးဆွဲ″ ခေါင်းစဉ်နဲ့ ရေးသား ဖေါ်ပြကြတာကို တွေ့ရပါတယ်။

No comments: