Wednesday, July 3, 2013

စစ်တပ်သိမ်းထားသည့် လယ်ယာမြေများ ပြန်ရရေး တောင်သူများကြိုးပမ်းနေ

ယဉ်စနိုင်း | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၀၃ ရက် ၂၀၁၃

စစ်တပ်က သိမ်းထားသည်မှာ ၂၇ နှစ် ကြာပြီဖြစ်သည့် မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ရွှေမြိုင်သီရိနယ်မြေရှိတောင်သူ ၂၅ ဦး ပိုင် လယ်မြေဧက ၁၆ဝ ခန့်ကို လယ်သမား များကပြန်ရရန် ကြိုးပမ်းလျှက်ရှိသည်။

ထိုမြေများအနက် တောင်သူရှစ်ဦးပိုင် မြေ ၅၇ ဧကခန့်ကို ကနဦးက ပုလဲနှင့် ငါးလုပ်ငန်းဦးစီးဌာနက သိမ်းဆည်းခဲ့ပြီး၁၉၈၄ ခုနှစ်တွင် ယင်းဌာနက အရှေ့တောင်တိုင်း စစ်ဌာနချုပ်ထံ မြေများကို လွှဲပေးခဲ့သလို စစ်တပ်ကမြေထပ်လိုသဖြင့် တောင်သူ ၁၇ ဦး ပိုင် သည့် မြေများကို ထပ်သိမ်းခဲ့ခြင်း ဖြစ်သည်။

ထိုလယ်ယာမြေများကို သိမ်းထားသည့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကလည်း ဇွန်လနောက်ဆုံးအပတ်ကတောင်သူတို့နှင့် တွေ့ဆုံခဲ့ပြီး လယ်ယာမြေပိုင်ဆိုင်မှု လယ်ယာမြေသိမ်းဆည်းခံရမှုနှင့် ပတ်သက်ပြီး စစ်ဆေးမှု ပြုခဲ့သည်။

လယ်သိမ်းခံရသူတစ်ဦးဖြစ်သည့် ဦးကျော်လွန်က ယခင်သိမ်းဆည်းထားသည့် လယ်မြေများကို မူရင်းပိုင်ရှင်ထံပြန်ပေးနိုင်ရေးအတွက် ပြေလည်အောင် ဆောင်ရွက် နေကြောင်း စစ်တပ်ဘက်က ပြောကြားခဲ့သည်ဟု ဆိုသည်။

စစ်တပ်ကသိမ်းယူထားသော မြေများအနက်မှ အမှန်တကယ်မလိုသောမြေများကို မူလမြေပိုင်ရှင်ထံ ပြန်ပေးတော့မည်ဟု ကာ ကွယ်ရေးဝန်ကြီးက ပြောဆိုထားသဖြင့် တောင်သူများကလည်း ၎င်းတို့၏မြေ ပြန်ရရန်မျှော်လင့်နေကြသည်။

တောင်သူလယ်သမားများက လယ်ယာမြေပြန်လည်ရရှိရန် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်း ခံရမှုစုံစမ်းရေးကော်မရှင် ထံသို့လည်း တင်ပြထားပြီး ဖြစ်သည်။

လွှတ်တော်က ဖွဲ့စည်းထားသည့် မြေ သိမ်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်၏ မွန်ပြည်နယ်အဖွဲ့ခွဲမှဒေါ်မိမြင့်သန်းက ၎င်းတို့အဖွဲ့ထံ တင်ပြထားသည့် မွန်ပြည်နယ်မှ မြေသိမ်းမှုပေါင်း ၁ဝဝ ကျော်ရှိပြီး တပ်မတော် ဆေးရုံဆောက်ရန် သိမ်းထားသည့်အမှု အပါ အဝင်ခုနစ်မှုကို စစ်ဆေးခဲ့သည်ဟု ဆိုသည်။

လွှတ်တော်အမတ်များ၏ မြေသိမ်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အဆိုအရ မြန်မာတစ်နိုင်ငံလုံးတွင် စစ်တပ်က သိမ်းထားသည့် မြေဧကပေါင်း နှစ်သိန်းငါး သောင်းခန့်ရှိကြောင်း ပြောကြားထားသည်။

တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ် မင်းနိုင်ကမူ စစ်တပ်က သိမ်းထားသည့် မြေဧက ၁၉,ဝဝဝ ကျော်အတွက်ငွေကျပ်သန်းတစ် ထောင်ခန့် လျော်ကြေးပေးထားကြောင်းကိုလည်း မြေသိမ်းခံရမှု စုံစမ်းစစ်ဆေးရေး
ကော်မရှင်ထံ ပြောထားကြောင်းကိုလည်း ကော်မရှင်အဖွဲ့ဝင် အမတ် ဦးဖေသန်းက ပြန်လည် ပြောကြားခဲ့ သည်။

No comments: