Sunday, July 14, 2013

ပြည်တွင်း ငြိမ်းချမ်းရေး အလုပ်ရုံ ဆွေးနွေးပွဲ နေပြည်တော်တွင် ပြုလုပ်

နိရဉ္စရာ


ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ညီနောင် တိုင်းရင်းသား ၁၅ ပါတီဖြင့် စုပေါင်း ဖွဲ့စည်းထားသော NBF (Nationalities Brotherhood Federation) မှ နေပြည်တော်တွင် အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုကို ပြုလုပ်မည် ဖြစ်သည်။

ယနေ့တွင် စတင်မည့် နှစ်ရက်ကြာ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်၊ ပြည်သူ့ လွှတ်တော်မှ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်း ပါတီ အသီးသီးမှ ခေါင်းဆောင်များ တက်ရောက်ကြမည် ဖြစ်သည်။

အဓိကအားဖြင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ် အပေါ် သုံးသပ် ဝေဖန် ဆွေးနွေးကြမည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးလှစောက ပြောသည်။

“ အဓိကတော့ ပြည်တွင်းစစ်၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ အပ်အခတ် ရပ်စဲရေး၊ ဖက်ဒရယ် ပြည်ထောင်စု ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေး သွားကြမှာ ဖြစ်ပါတယ်။ လက်ရှိ လုပ်နေကြတဲ့သူတွေကလည်း အခြေအနေတွေကို တက်ရောက် ရှင်းပြမယ်လို့ သိရပါတယ်” ဟု ဦးလှစောက ဆိုသည်။

အလုပ်ရုံ ဆွေးနွေးပွဲကို နေပြည်တော် ရတနာ သင်္ခ ဟိုတည်တွင် ပြုလုပ်သွားမည် ဖြစ်ပြီး အမျိုးသား လွှတ်တော်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ တက်ရောက် ကြမည် ဖြစ်သည်။

အလုပ်ရုံ ဆွေးနွေးပွဲတွင် လူမျိုးစု အားလုံး ပါဝင်နိုင်သော ပင်လုံကဲ့သို့ အမျိုးသား ညီလာခံ တစ်ခု ဖြစ်ပေါ်ရေး အတွက်လည်း ဆွေးနွေးမည် ဖြစ်ကြောင်း သူက ပြောသည်။

“ပြည်တွင်း စစ်ရပ်စဲရေး အပြင် လူမျိုးစု အားလုံးပါဝင်နိုင်တဲ့ ပင်လုံကဲ့သို့ အမျိုးသား ညီလာခံ တစ်ရပ် ဖြစ်ပေါ်ရေးကိုလည်း ဆွေးနွေးမယ့် အနေအထား ရှိပါတယ်။ ဘာကြောင့် ပင်လုံလို အမျိုးသား ညီလာခံ တစ်ခု လိုအပ်တယ်ဆိုတာကိုလည်း ဦးဟန်ညောင်ဝေလည်း တက်ရောက်ဆွေးနွေးမယ်လို့ သိရပါတယ်။ ဒီကနေ့ သူ လာဖြစ်ဖို့တော့ များပါတယ်” ဟု ဦးလှစောက ဆက်ပြောသည်။

ညီနှောင် တိုင်းရင်သား ၁၅ ပါတီဖြင့် ဖွဲ့စည်းထားသော NBF သည် များမကြာမီကလည်း ၂၀၀၈ ဖွဲ့စည်းပုံအား ပြည်လည် သုံးသပ်မူများ ပြုလုပ်ခဲ့သည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနှင့် တိုင်းရင်းသားများ၏ ရသင့် ရထိုက်သော အခွင့်အရေးများ၊ ယင်းအခွင့်အရေးအား ကာကွယ်သည့် ဥပဒေနှင့် ပတ်သက်ပြီးလည်း အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုကို ပြုလုပ်ခဲ့သည်။

၎င်းပြင် တိုင်းရင်းသားများ၏ အခွင့်အရေးကို ကာကွယ်သော မူကြမ်း တစ်ခုကိုလည်း ရေးဆွဲပြီး ပါဝင်သော အချက်အလက်များကို ပြန်လှန် သုံးသပ်မူများ ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။

No comments: