Sunday, July 14, 2013

ရွှေလီမြစ်ဝှမ်းဒေသ RCSS/SSA တပ်ဖွဲ့ဝင်အား အစိုးရထောက်လှမ်းရေး လိုက်လံဖမ်းဆီး

သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် RCSS/SSA တပ်ဖွဲ့ဝင်များအား အစိုးရစစ်တပ်၏ ထောက်လှမ်းရေးများက လိုက်လံဖမ်းဆီးနေရာ တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူ၊ ဆွေမျိုးသားချင်း ဒေသခံလူထုတို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွှေလီမြစ်ဝှမ်း သတင်းရပ်ကွက်က ဆိုပါသည်။

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့၌ အမှတ် ၇၀၁ စစ်ဒေသမှူး ဒုဗိုလ်မှူးကြီးစွမ်မိဏ်း၏ လက်မှတ်ပါရှိသော အခွန်တောင်းခံ စာ မူစယ်မြို့ ရိုးမဘဏ်သို့ ရောက်ရှိလာသဖြင့် ရွှေလီမြစ်ဝှမ်းဒေသ (ယခင်) RCSS/SSA (သျှမ်းပြည်တပ်မတော် တောင် ပိုင်းတပ်ဖွဲ့) ထိန်းချုပ်နယ်မြေအတွင်း နေထိုင်သူ ဒေသခံများအား မြန်မာစစ်တပ်က လိုက်လံဖမ်းဆီးနေခြင်းဖြစ်ကြောင်း ဆိုပါသည်။

“စစ်ဆေးမေးမြန်းမှု လုပ်လာတော့ လူတွေက မနေရဲကြတော့ဘူး။ ကျောင်းဆရာမ တောင်မှ ကျောင်းသားတွေကို ရိုက်နှက် မေးမြန်းတာတွေ ရှိလာတယ်။ အဲဒီဘက်ကလူတွေ တခြားဒေသကို ရှောင်တိမ်းနေရတာပေါ့ဗျာ။ မိုးတွင်းလည်းဖြစ်နေတယ် ဆိုတော့ ဒေသခံတွေ အခက်အခဲတွေ့နေရတာပေါ့” - ဟု မူစယ်မြို့ခံတဦးက ပြောသည်။

အမှတ် ၇၀၁ စစ်ဒေသ လက်အောက်အရာရှိ ၂ ဦးဖြစ်သော စိုင်းဝင်းနှင့် စိုင်းလအား အခွန်ကောက်ခံသူများဟု စွပ်စွဲကာ မြန်မာစစ်တပ်က ဖမ်းမိန့်ထုတ်ထားပြီး ၎င်းတို့အား လိုက်လံဖမ်းဆီးနေကြောင်း သတင်းရရှိပါသည်။

၎င်းနှင့်ပတ်သက်၍ ဗိုလ်မှူးလောင်ဝ်ဆိုင်က “ ကျနော်တို့မှာ အခွန်ကောက်တဲ့ ပေါ်လစီလည်း မရှိတော့ဘူး။ မေလဆန်းက ရွှေလီဒေသက ကျနော်တို့ယာယီတပ်သားတွေ၊ မူးယစ်တိုက်ဖျက်ရေးစခန်းတွေကို အစိုးရတပ်က အင်အားသုံးဝင်တိုက်လို့ ဆုတ်ခွာပေးလိုက်ရတယ်။ တပ်သားထုကလည်း တကွဲတပြား ဖြစ်နေတယ်။ အခုကျနော်တို့ ပြန်လည်စုစည်းနေတယ်။ အခွန်ကောက်ဖို့ က ဌာနချုပ်ကနေညွန်ကြား တာမရှိဘူး ” ဟု ဆိုပါသည်။

ယခုလ ၃ ရက်နေ့ နံနက်ပိုင်းက သျှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူစယ်မြို့ တောင်ရပ်ကွက်ရှိ ရိုးမဘဏ် ဧည့်ကြိုဝန်ထမ်း အား အမည်မသိ ဆိုင်ကယ်စီးလာသူတစ်ဦးက စာတစ်စောင်ပေးခဲ့ကြောင်း၊ ၎င်းစာတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/သျှမ်းပြည်တပ်မတော်ထံ ရိုးမဘဏ်မှ အခွန်ငွေကျပ်သိန်း ၁ဝဝ ကို ဂျူလိုင်လ ၁၄ ရက် နောက်ဆုံးထားပြီး ပေး ဆောင်ရန် ပါရှိသည်ဟု အစိုးရပိုင် မြ၀တီသတင်းဌာနက ဖော်ပြထားပါသည်။

၎င်းနှင့်ပတ်သက်၍ ၇၀၁ စစ်ဒေသမှူး ဒုဗိုလ်မှူးကြီးစွမ်မိဏ်းက - ယခင်ကလည်း သျှမ်းပြည်တပ်မတော်အပေါ် ထင်ယောင် ထင်မှားဖြစ်အောင် အဆိုးမြင်လာအောင် မြန်မာစစ်တပ်မှ သျှမ်းတပ်ဖွဲ့ဝတ်စုံဝတ်၍ လှေဆိပ်တွင် အခွန်စောင့်ကောက်ခြင်း၊ ကျေးရွာအတွင်းဝင်၍ ရွာသားများအား ဖမ်းဆီးရိုက်နှက်စစ်ဆေး ငွေတောင်းခြင်း စသည့် နည်းအမျိုးမျိုးဖြင့် ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း သျှမ်းသံတော်ဆင့်အား ပြောပြပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် မြန်မာအစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့သည်။ သို့သော် အစိုးရ၏ စစ်တပ်ပိုင် မြ၀တီ သတင်းစာတွင် သျှမ်းပြည်တပ်မတော် RCSS/SSA အား ‘ရှမ်းသောင်း ကျန်းသူ အဖွဲ့မှ မူဆယ်ရိုးမ ဘဏ်မန်နေဂျာထံ ကျပ်သိန်း ၁၀၀ ဆက်ကြေးတောင်းခံ’ ဟု သုံးနှုန်းရေးသားထားသည်။

No comments: