Friday, July 26, 2013

ဒုက္ခသည်များအတွက် အသေးစား စီးပွားရေးအစီအစဉ် မိတ်ဆက်

စူးမယ်

နိုင်ငံတကာက ကူညီထောက်ပံ့ပေးတဲ့ စားနပ်ရိတ္ခာနဲ့ နှစ်ပေါင်း (၂၀) ၀င်းကျင်လောက် စခန်းတွင်းမှာနေပြီး အသက်မွေးနေကြတဲ့ ကရင်နီဒုက္ခသည်တွေအဖို့ တချိန်ချိန်မှာ မိမိကိုယ်ကိုယ် ရပ်တည်နိုင်အောင်၊ မိမိကျွမ်းကျင်မှုတွေနဲ့ အသက်မွေးလုပ်ကိုင် စားသောက်လာနိုင်အောင် လူထုဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တွေ မိတ်ဆက်ပေးဖို့ လိုအပ်လာနေပါပြီ။

စခန်းအတွင်း မိသားစုစားဝတ်နေရေးအတွက် မိမိတို့တတ်ကျွမ်းတဲ့ ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းလေးတွေကို လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ အခုကတည်းက ပြင်ဆင်မှုတွေမလုပ်နိုင်ရင်ဖြင့် တခြားအရပ်ဒေသသို့ သွားရောက်နေထိုင်ရတော့မည့် အခြေအနေတရပ်နဲ့ ရင်ဆိုင်ကြုံတွေ့လာတဲ့အခါမှာ ခက်ခဲမှုတွေ ပိုမိုရှိလာမှာဖြစ်တယ်။

ဒါကြောင့် အခုဆိုရင် ကရင်နီဒုက္ခသည်စခန်းတွေကို စားနပ်ရိတ္ခာတွေ ကူညီထောက်ပံ့ပေးနေတဲ့ နယ်စပ် ညွန့်ပေါင်းအဖွဲ့ (TBC) မှ အသေးစား စီးပွားရေးကြီးထွားရှင်သန်ရန်အတွက် ထောက်ပံ့သော ရင်းနှီးငွေ စုငွေနှင့် ချေးငွေ (Inter-partnership Development Grant, Saving and Loan Program ) အစီစဉ်ကို စခန်းအတွင်း အလုပ်လက်မဲ့ဖြစ်နေသူတွေအတွက် သင်တန်းတွေ လုပ်ပေးနေပါပြီ။

"ကျနော်တို့ အဓိက ရည်ရွယ်ချက်ကတော့ Humen Develapment Program လူထုဖွံဖြိုးတိုးတက်မှု လုပ်ငန်းပိုင်းပေါ့နော်။ အဲဒီတော့ စခန်းသူ၊ သားတွေလည်း သူတို့ အသေးစားစီးပွားရေးရှိနေရင် စီးပွားရေး လုပ်နိုင်အောင်လို့ ဖွံဖြိုးမှုဖြစ်နိုင်အောင်လို့ပေါ့နော်။ သင်တန်းတွေပို့ချပေးတယ် ပြီးတော့ သူတို့လိုအပ်တဲ့ ရင်းနှီးထောက်ပံငွေတွေကိုလည်း ကျနော်တို့ တတ်နိုင်သလောက် ထောက်ပံ့ ပေးမယ်ပေါ့နော်" လို့ TBC အဖွဲ့မှ အသေးစား စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးမှုအစီအစဉ် တာဝန်ခံ Mr.SkulChai Sangriya ကပြောပါတယ်။

ဒီအစီအစဉ်ကို ထိုင်း-မြန်မာ နယ်စပ်ဒုက္ခသည်စခန်းအချို့မှာ ပြီးခဲ့တဲ့နှစ်နှစ်ကတည်းက စတင်ပြုလုပ်ပေးနေခဲ့ရာမှ ယခု၂၀၁၃ ခုနှစ်အတွင်း ကရင်နီဒုက္ခသည်စခန်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် လာရောက်လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

အခုချိန်ဟာ မြန်မာပြည်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးတွေ ဖြစ်ပေါ်နေပြီး နိုင်ငံတကာရဲ့ အကူအညီတွေက နယ်စပ်ဘက်ကိုလျော့ချပြီး မြန်မာပြည်တွင်းဘက်ကို ဦးစားပေး ၀င်ရောက်နေတဲ့အတွက် လျော့ချလိုက်တဲ့ ထောက်ပံ့မှုတွေဟာ နယ်စပ်က ဒုက္ခသည်တွေအပေါ် တိုက်ရိုက်တက်ရောက်မှုတွေ မရှိဘူးလို့ မပြောနိုင်ပါဘူး။

"ကျမတို့မှာ တခြားလုပ်ငန်းတွေ မရှိဘူးလေး။ လုပ်လည်းမလုပ်တတ်ဘူး။ အဲဒီတော့ သူတို့ပို့ချတဲ့ သင်တန်းကို တက်ပြီး ဝက်မွေးမှာပေါ့နော်။ အဲလိုလုပ်ခြင်းအားဖြင့် မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရတာပေါ့" လို့ TBCမှပို့ချပေးတဲ့ အသေးစားစီးပွားရေးလုပ်ငန်း သင်တန်းတက်တဲ့ ဒုက္ခသည် လီးမယ် ကပြောပါတယ်။

အသေးစားစီးပွားရေး စိတ်ဝင်စားသူတွေအနေနဲ့ ဒီအစဉ်အစဉ်မှာ ပါဝင်လာနိုင်ဖို့ TBC ကိုဆက်သွယ်ပြီး လျှောက်လွှာဖြည့် ရပါတယ်။ လျောက်လွှာတွေကို လူတွေ့မေးမြန်းခြင်းတွေ ပြုလုပ်ပြီးနောက် အောင်တဲ့သူတွေကို ရက်ချိန်းပြီး သင်တန်းတွေ ပို့ချပေးပါတယ်။ သင်တန်းပြီးရင် တဦးကို ရင်းနှီးငွေ ၂၄၀၀ ဘတ် (ကျပ် ၇၀၀၀၀ သောင်း) အရင်ပေးပြီး အဖွဲ့လိုက် လုပ်လိုသူတွေကိုတော့ ကိုယ်လုပ်မဲ့စီးပွားရေးလုပ်ငန်း အမျိုးအစားပေါ် မူတည်ပြီးတော့ ရင်းနှီးငွေ ထုပ်ပေးပါတယ်။

"သူတို့က ဝက်မွေးဖို့အတွက် ပိုက်ဆံပေးမယ်။ ရလာတဲ့ အမြတ်ရော အရင်းပါ သူတို့ကို ပြန်ပေးစရာ မလိုဘူး။ ရှုံးရင်လည်း ကျမတို့ဟာပဲ မြတ်ရင်လည်း ကျမတို့ဟာပဲ လို့ပြောတယ်လေး။ ဒါပေမယ့် သုံးလိုက်တဲ့ ပိုက်ဆံရဲ့ အသေးစိတ် စရင်းကိုတော့ သူတို့ကို ပြန်တင်ပြရမှာပေါ့နော်" လို့ လီးမယ်က ပြောပါတယ်။

အသေးစားစီးပွားရေးလုပ်ငန်းမှာ တကယ်အောင်မြင်သွားသူကို ဒုတိယအကြိမ် အခွင့်အရေး ထပ်ပေးမှာ ဖြစ်ပေမဲ့ မအောင်မြင်တဲ့သူကိုတော့ နားခိုင်းမှာဖြစ်ပါတယ်။ နောက်ပြီး ပိုက်ဆံယူပြီး လှုပ်ရှားမှုတကယ် မလုပ်တဲ့ သူတွေရှိခဲ့မယ်ဆိုရင် သူတို့ဆီကနေ ပိုက်ဆံပြန်ယူပြီး တကယ်စိတ်ဝင်စားတဲ့ သူတွေကို ပေးလုပ်မှာဖြစ်ပါတယ်။

"ပြည်တွင်းပြန်ဖြစ်ရင်ဆက်လုပ်ဖို့က ကျနော့်အနေနဲ့ တိတိကျကျ အဖြေမပေးနိုင်ဘူးပေါ့နော်။ အစီအစဉ်တော့ရှိတယ် ဒါပေမယ့် ကျနော်တို့ တိတိကျကျ မပြောနိုင်သေးဘူး။ ဆွေးနွေးရဦးမှာပေါ့နော်" လို့ Mr.SkulChai Sangriya ကပြောပါတယ်။

အသေးစားစီးပွားရေးလုပ်ငန်းသင်တန်းကို လူဦးရေ ၇၀ လက်ခံပြီး နှစ်ဖွဲ့ခွဲကာ ဇွန်လှိုင်လ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့ထိ တဖွဲ့ ၁၈ ကနေ ၁၉ ရက်နေ့ထိ တဖွဲ့ သင်တန်းပို့ချပြီး ဖြစ်ပါတယ်။ လူဦးရေ ၇၀ ထဲမှ ခုနှစ်ယောက် တစ်ဖွဲ့ဖြင့် ထပ်မံခွဲပေးပြီး တဖွဲ့ကို ရင်းနှီးထောက်ပံ့ငွေ ငါးထောင်ဘတ် အရင်ပေးမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်းက ကရင်နီဒုက္ခသည်စခန်း ၂ ခုမှာနေထိုင်တဲ့ဒုက္ခသည် ၂၀၀၀၀ သောင်း ကျော်ကို ၁၉၉၈ ခုနှစ်ကစပြီး TBC မှ လူတဦးကို ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဓါတ်စုံမှုန့်စတဲ့ ရိက္ခာတွေကို ယနေ့ထိ လစဉ် ကူညီထောက်ပံ့ ပေးနေရပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်ကစပြီး ယနေ့ထိ တတိယနိုင်ငံအစီအစဉ်နဲ့ ဒုက္ခသည် ၁၀၀၀၀ သောင်း ကျော် ထွက်ခွာသွားခဲ့ကြပြီ ဆိုပေမဲ့လို့ လက်ရှိ TBC ရဲ့နောက်ဆုံးပြုစုထားတဲ့ ဒုက္ခသည်လူဦးရေစာရင်းအရ စခန်း ၂ခုအတွင်း ဒုက္ခသည် ၁၀၀၀၀ သောင်းကျော် ရှိနေပါတယ်။

ယခုTBCရဲ့အသေးစား စီးပွားရေးလုပ်ငန်း အစီအစဉ်ကို စခန်းအတွင်းက အလုပ်လက်မဲ့ ဖြစ်နေသူတွေအနေနဲ့ ယူတတ်မလား၊ မယူတတ်ဘူးလား စတာတွေရယ်… ဒီအစီအစဉ်ဟာ နှစ်ဦးနှစ်ဘက်အကျိုးတူ အောင်မြင်မှုတွေ ဘယ်လိုရှိလာနိုင်မလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး ဆက်လက် စောင့်ကြည့်တင်ပြသွားမှာ ဖြစ်ပါတယ်။

No comments: