Wednesday, July 17, 2013

KIO ၏ Technical Team ရုံးကို ဇူလိုင်လ ကုန်ပိုင်းတွင် ဖွင့်မည်

အဲာပိုန်

ကချင်ပြည်သူများ ပါဝင်သော ကချင်ပြည် လွတ်လပ်ရေး အဖွဲ့KIO ဘက်က နည်းပညာ အထောက်အကူပြု (Technical Team ) ရုံးကို လာမည့် ဇူလိုင်လ ကုန်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ဖွင့်လှစ်မည် ဖြစ်ကြောင်း KIO ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး နော်ဘိုက ဆိုပါသည်။

“ကျွန်တော်တို့ KIO ဝန်ထမ်း ၅ ဦးနဲ့ ကချင်ပြည်သူ ၁၀ ဦးပါဝင်တဲ့ KIO ဘက်က Technical Team အလုပ်အဖွဲ့ကို ဇူလိုင် လ၂၃ နဲ့ ၂၄ ရက်နေ့မှာ အတည်ပြုပြီးတော့ ရုံးဖွင့်ပွဲ အခမ်းအနား ကျင်းပဖို့ရှိတယ်” ဟု ဆိုပါသည်။

ဤ Technical Team ဖွဲ့စည်းရေးအတွက် KIO သည် ပြီးခဲ့သည့် ဇူလိုင်လ၂ရက်နေ့တွင် Technical Team အလုပ် အဖွဲ့ကမကထ ပြုသူ ၁၂ ဦးကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့စေလွှတ်ခဲ့ပါသည်။

KIO Technical Team အဖွဲ့တို့သည် KIO နှင့် အစိုးရ အဖွဲ့ကိုယ်စားလှယ်တို့အကြား တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်မြောက်ရေး အတွက် ဦးဆောင် ညှိနှိုင်းပေးသော အဖွဲ့ပင် ဖြစ်ကြောင်း ဒုတိယ ဗိုလ်မှူးကြီး နော်ဘိုက ပြောသည်။

ယခု ဖွဲ့စည်း လိုက်သော Technical Team သည် အတည်ပြု ရုံးထိုင်ပြီးနောက် လုပ်ငန်းကျွမ်းကျင်မှု ပညာရှင်များအဖွဲ့၊ နိုင်ငံတကာ ကျွမ်းကျင် ပညာရှင်များ အဖွဲ့နှင့် ပြည်သူလူထုများ ပါဝင်သော အဖွဲ့တို့ကိုလည်း ဆက်လက် ဖွဲ့စည်းပေးသွားရန် ရှိနေပါသည်။

လုပ်ငန်း ကျွမ်းကျင်မှု ပညာရှင်များ အဖွဲ့နှင့် နိုင်ငံတကာ ကျွမ်းကျင်မှု ပညာရှင်များ အဖွဲ့သည် ယခုဖွဲ့စည်း ပေးလိုက်သော Technical Team အဖွဲ့များ၏ တင်ပြချက်များအပေါ်၌ အကြံပြုခြင်းနှင့် အပြန်အလှန် ဆွေးနွေးပြီး အတည်ပြုချက်များ ပြုလုပ်ရပါသည်။

ဤကဲ့သို့ အပြန်အလှန် သုံးသပ်မှုမှ ရရှိလာသည့် အကြံပြုချက်များဖြင့် အစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးသည့် အခါ KIO အတွက် တင်ပြချက်များ ပြုစုပေးရန် တာဝန်ရှိသည်ဟု ဒုတိယ ဗိုလ်မှူးကြီး နော်ဘိုက ပြောသည်။

“ပြည်သူလူထုများ တင်ပြလာတဲ့ အကြောင်းအချက်တွေ အမျိုးသားအရေးနဲ့ ပတ်သက်ပြီး တင်ပြချက်တွေ၊ ပညာရှင်များ၏ အကြံပြုချက်တွေကို ဆွေးနွေးပွဲအတွက် တင်ပြရမယ့် အချက်အလက်တွေ ဖြစ်လာအောင် စီစဉ်ပြုစုပေးရတဲ့ တာဝန်က ဒီအဖွဲ့ရဲ့ တာဝန်ပါ” ဟု ဆိုပါသည်။

KIO Technical Team အလုပ်အဖွဲ့ကို ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းတွင် ဖွဲ့စည်းနိုင်ရန် စီစဉ်ထားသော်လည်း ဖွဲ့စည်းပေးနိုင်ခဲ့ခြင်း မရှိပါ။ ယင်းသို့ကြောင့် ဖြစ်မြောက်ရေး ကိုယ်စားလှယ် အဖွဲ့ကို မြစ်ကြီးနားမြို့သို့ စေလွှတ် ခဲ့ရခြင်းဖြစ်ကြောင်း ဆိုပါသည်။

KIO Technical Team အဖွဲ့သည် KIO နှင့် အစိုးရတို့ကြား စစ်ရှိန် လျှော့ချရေးနှင့် နှစ်ဖက် ဆွေးနွေးပွဲများ ဖြစ်လာရန် စီစဉ်ပေးရမည်ဖြစ်ပါသည်။ ဤလုပ်ငန်းစဉ် ဖြစ်လာရန် ပြီးခဲ့သည့် မေလ (၂၈-၃၀) ရက်နေ့တွင် ကျင်းပသော KIO နှင့် အစိုးရတို့၏ မြစ်ကြီးနား ဆွေးနွေးပွဲ ရလာဒ်ကြောင့် ဖြစ်ပါသည်။

No comments: