Friday, July 19, 2013

လက်နက် မှောင်ခိုမှုနှင့် မသက်ဆိုင်ဟု RCSS ငြင်းဆို

ရွှေဟင်္သာ

ထိုင်းအာဏာပိုင်များ ဖမ်းမိသော လက်နက်မှောင်ခိုမှုသည် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နှင့် ပတ်သက်မှုရှိသည်ဟု ဇူလိုင်လ (၁၆) ရက် ထုတ်ထိုင်းရာဒ် သတင်းစာ၏ ရေးသားထားချက်မှာ မဟုတ်မှန်ကြောင်း RCSS မှ ယနေ့ငြင်းဆို လိုက်ကြောင်း ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောင်းဆိုင်က ဆိုပါသည်။

“ကျွှန်တော်တို့အဖွဲ့နဲ့ ပတ်သက်မှုရှိတယ် ဆိုတဲ့ သဘောမျိုး ရေးသားထားတာပါ၊ တကယ်လည်း ပတ်သက်မှုမရှိပါဘူး။ သူတို့ကိုတော့ အကြောင်းကြားလိုက်ပါပြီး” ဟုဆိုပါသည်။

ဤလက်နက် မှောင်ခိုမှုကို ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက် မနက် ၂ နာရီခွဲတွင် ထိုင်းနယ်ခြား စောင့်တပ် အမှတ် ၃၃၆ မှ မယ်ဟောင်ဆောင်မြို့ ဗါန်မူတိုက်နယ်ရှိ ဗါန်းကုမ်မိုင်းဇာဒ်ကျေးရွာရှိ အိမ်အမှတ် ၈၈/၅ အား ဝင်ရောက် စီးနင်းရာ ဖမ်းဆီးခဲ့ပါသည်။ စစ်ပစ္စည်းများနှင့်အတူ ရဲအရာရှိဟောင်း တစ်ဦးနှင့် နောက်လိုက် တစ်ဦး ဖမ်းမိခဲ့ပါသည်

ဖမ်းဆီးရမိသည့် ရဲတပ်ဖွဲ့ဝင်ဟောင်း ဆူမတ်မစ်စီတ Sumet Mitsita နှင့် ဆရပူရီခရိုင်မှ နိုင်ဂျော်ဒီ(တ်) စဝါဒ်ဒီ (၃၄) နှစ်တို့၏ ထွက်ဆိုချက်အရ အဆိုပါ လက်နက်များကို ဆရပူရီခရိုင်မှ တဆင့် ဒုတိယအကြိမ်မြောက် သယ်ဆောင်လာခြင်း ဖြစ်ပါသည်။

ဤစစ်ပစ္စည်းများသည် ရှမ်းပြည်နယ်တောင်ပိုင်းရှိမိုင်းမော့မြို့နယ်သို့ ပို့ဆောင်ခြင်း ဖြစ်သည်ဟု ယူဆနေပါသည်။ (RCSS) ကလည်း ၄င်းစစ်လက်နက် ပစ္စည်းများသည် မိုင်းမော့မြို့နယ်မှတဆင့် ဟိုမိန်းမြို့နယ်သို့ သယ်ဆောင်သွားဖွယ် ရှိသည်ဟု ယူဆရကြောင်း ဗိုလ်မှူး စိုင်းလောင်းဆိုင်က ဆိုပါသည်။

တိုင်းရင်းသား လက်နက်ကိုင်များသည် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော်လည်း ယုံကြည်စိတ်ချလောက်သည့် အခြေအနေ မရှိသည့်အတွက် လက်နက်များ ၀ယ်ယူ စုဆောင်းမှုများ ဆက်လက် ရှိနေခြင်း ပင်ဖြစ်ကြောင်း ဆိုပါသည်။ ဖမ်းဆည်း ရမိသည့် လေယာဉ်ပစ် ဒုံးကျည်သည်လည်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အား အစိုးရက စစ်ဆင်ရာတွင် လေယာဉ် အသုံးပြုမှု၏ အကျိုးဆက်များ ဖြစ်ဖွယ်ရှိနေသည်ဟု စစ်ရေး အကဲခတ်များက သုံးသပ်နေကြပါသည်။

No comments: