Monday, July 22, 2013

တရုတ်နယ်စပ် ဇိုင်းအောင် ဒုက္ခသည်စခန်းတွင် TV ဓါတ်မှန် မရှိမဖြစ် လိုအပ်

KNG

ကချင်ပြည်နယ် ဝိုင်းမော်မြို့ တရုတ်နယ်စပ် ဇိုင်းအောင် (Zai Awng) ဒုက္ခသည်စခန်းရှိ ဆေးရုံတွင် ကိုယ်ဝန်ဆောင်များနှင့် တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာ ရရှိသူများအား ကောင်းမွန်စွာ စစ်ဆေး ကုသပေးနိုင်ရန် ultrasound (TV ဓာတ်မှန်) မရှိမဖြစ် လိုအပ်နေကြောင်း သိရသည်။

အဆိုပါ ဆေးရုံတွင် စစ်ပြေးဒုက္ခသည်စခန်း ဇိုင်းအောင် (မုန်ဂါဇွပ်)၊ ဆွတ်လဲန် (Sut Len)၊ ဒဘုဘွမ် (Dabu Bum) မှတ်တိုင် အမှတ် (၈)၊ ခေါင်ဝ်ရှောင်ဝ် (Hkau Shau) မှတ်တိုင် အမှတ် ၁၂ စခန်းပေါင်း ၄ ခုမှ ကုသနေကြခြင်းဖြစ်ပြီး ယခုလက်ရှိ ကိုယ်ဝန်ဆောင်အမျိုးသမီး၂၀၀ ကျော်ရှိနေပြီး ၄င်းတို့ကို စောင့်ရှောက်စစ်ဆေးရန် လိုအပ်နေကြောင်း ကျမ်းမာရေးတာဝန်ရှိသူများကပြောသည်။

ထို့ပြင် ၂၀၁၁-၂၀၁၂ ကြား တိုက်ပွဲဖြစ်ပွားစဉ်အတွင်း မိုင်းနှင့် သေနတ် ဒဏ်ရာရခဲ့သူများ အယောက် ၅၀ ခန့်ရှိနေရာ ၄င်းတို့၏ ဒဏ်ရာဟောင်းများတွင် မိုင်း၊ ကျည် အကြွင်းအကျန်များ ရှိနေသေးသော ကြောင့် ဓါတ်မှန်ဖြင့် စစ်ဆေးကုသနိုင်ရန် အရေးတကြီး လိုအပ်နေခြင်းဖြစ်သည် ဟု ဇိုင်းအောင် ဒုက္ခသည်စခန်း ဆေးရုံမှူး ဆရာဘရန်ဆန် KNG ကချင်သတင်းဌာန သို့ပြောသည်။

“ကိုယ်ဝန်ဆောင် မိခင်များအတွက် ကလေးအနေအထား (position) တွေ အခြေအနေတွေကြည့်ပေးဖို့ လိုပါတယ်။ အဲဒါမရှိတော့ ကောင်းကောင်းစစ်ဆေးပြီး ကုပေးလို့မရဘူးပေါ့။ ပြီးခဲ့တဲ့အပတ်က ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက် ကလေးမွေးတာ ကန့်လန့်မွေးလာတော့ ကလေးက အသက်ဆုံးရှုံးခံပြီး မိခင်ကိုပဲ ကယ်လိုက်ရတယ်။ ကြိုတင်သိရင်တော့ ဆေးရုံကြီးကိုပို့ဖြစ်မှာပဲ။ အခုဒီမှာလည်း ဆေးရုံကြီး လိုဖြစ်လာတော့မယ်ဆိုတော့ လိုအပ်လာတာပါ။ နောက်ပြီး စစ်ပွဲကြောင့် ဒဏ်ရာခဲ့တဲ့သူတွေက ဒဏ်ရာပျောက်သွားတယ်ဆိုပေမယ့် နေ့စဉ်ကိုက်ခဲမှုတွေ ခံစားနေရသေးတယ်။ ငြီးတွားနေကြတယ်။ ရမ်းတန်းပြီး ကုရတာမျိုးလည်း မဟုတ်ဘူးလေ။ ဆိုတော့ TV ဓါတ်မှန် ultrasound ရရင်တော့ ဒုက္ခသည်တွေအတွက် အများကြီး အကျိုးပြုမယ်။”


အဆိုပါ ဒုက္ခသည်ဆေးရုံတွင်၂၀၁၃ ဇန်နဝါရီလမှ ခွဲစိတ်ကုသများ မှုပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း TV ဓါတ်မှန် (ultrasound)၊ X-ray ဓာတ်မှန် ပစ္စည်းကရိယာများ မရှိသောကြောင့် အခက်ခဲရင်ဆိုင်နေရသည်ဟု ဆိုသည်။

“အရေးပေါ်ဖြစ်လာပြီး တရုတ်ပြည်ပို့မယ်ဆိုလည်း Passport ကမရှိ လိုင်ဇာပို့မယ်ဆိုရင် လမ်းခရီးက အရမ်းခက်။ မြစ်ကြီးနား၊ ဝိုင်းမော် ဆင်းမယ်ဆိုလည်း လမ်းမှာ အစိုးရတပ်တွေ စစ်ဆေးမှုတွေများတယ်ဆိုတော့ သွားဖို့ခက်တယ်။ စခန်းမှာ ကိရိယာအစုံရှိဖို့လိုအပ်တယ်” ဟု ဒုက္ခသည် ဆေးခန်းမှတာဝန်ရှိသူတဦးပြောသည်။

ယင်း စခန်း (၄) ခုတွင် ထွက်ပြေးတိမ်းရှောင်နေသူ ဒုက္ခသည် စုစုပေါင်း ၉၀၀၀ ကျော်ရှိပြီး မှတ်တိုင်အမှတ် (၆) နှင့် မှတ်တိုင်အမှတ် (၈) ကို ဂရုဏာအဖွဲ့မှကူညီထောက်ပံ့ပေးကာ ဇိုင်းအောင် (မုန်ဂါဇွပ်)နှင့် ခေါင်ဝ်ရှောင်ဝ် (Hkau Shau) ဒုက္ခသည်စခန်းများကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၊ Health Unlimited (Kachin Project) နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ အကူအညီရရှိကြောင်း သိရသည်။

No comments: