Thursday, August 1, 2013

ပြည်တွင်းစစ် ဘာကြောင့် ဖြစ်ရတာလဲ အမြင်တင်ပြချက်

ရွှေဟင်္သာ

ဒေါ်ခင်မမမျိုးသည် နိုင်ငံရေး အကျဉ်းသားဟောင်း များ၏ ဖိတ်ကြားမှုဖြင့် ဇူလိုင်လ (၂၈) ရက်နေ့ နေ့လည် ၁း၀၀ နာရီတွင် ရန်ကုန်မြို့  တော်ဝင်နှင်းဆီ၏ ငြိမ်းချမ်းရေး ခန်းမ၌ ပြည်တွင်းစစ် ဖြစ်ရခြင်း အကြောင်းရင်းများ ဆိုင်ရာ ဟောပြော ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပ ပြုလုပ် ခဲ့ပါသည်။ ဤတင်ပြပွဲသို့ ဒေါ်ခင်မမမျိုး (MIPSS) က ဦးဆောင် ဆွေးနွေးသူ အဖြစ် ဆောင်ရွက်ခဲ့ပြီး စိတ်ပါ ၀င်စားသူများ တက်ရောက် ခဲ့ကြပါသည် ။

ဒေါ်ခင်မမမျိုးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို စီးပွားရေးနှင့် သုတေသန ကော်မတီမှ စီစဉ်သည့် ပါတီ အလုပ် အမှုဆောင်များ စွမ်းရည်မြုင့် သင်တန်း အပါတ်စဉ် (၂) ကို ဗဟိုကော်မတီဝင် ဒါရိုက်တာ ဒေါ်ကြည်ဖြူသျှင်၏ Capacity Building Center(2) တွင် ကျင်းပလျက် ရှိရာ Pearl Computer မှ ဆရာဦးမြင့်ဆွေ၏ မိတ်ဆက်ပေးမှုဖြင့် Myanmar Institute of Peace and Security Studies (MIPPS) ၏ Founder and Executive Director ဒေါ်ခင်မမမျိုးမှ၂၀၁၃ ခု ဇူလိုင်လ (၂၆) ရက်နေ့တွင် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ခေါင်းစဉ်ဖြင့်၎င်း၊ နိုင်ငံရေး ပညာရေးနှင့် နိုင်ငံရေး ပါတီများ ခေါင်းစဉ်ဖြင့် ၄င်းဟောပြော ပို့ချ ခဲ့ပါသည်။


အဆိုပါ သင်တန်းကို ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်တို့မှ သင်တန်းသား သင်တန်းသူ စုစုပေါင်း (၃၈) ဦး တက်ရောက်လျက် ရှိရာ နေ့လည် (၁) နာရီမှ စတင် ဟောပြော ခဲ့ပြီး သင်တန်းသား သင်တန်းသူ တို့မှ သိလိုသည် များကို မေးမြန်း ဆွေးနွေး ခဲ့ကြပြီး နောက် ညနေ (၅) နာရီတွင် ပြီးဆုံး ခဲ့ပါသည်။

ထို့အတူ နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့မှလည်း ပြည်တွင်းစစ် ဖြစ်ရခြင်း အကြောင်းရင်းများ ဆိုင်ရာကို ဟောပြော ပို့ချပေးပါရန် တင်ပြခဲ့ပါသည်။ ဤသို့ကြောင့် ပြည်တွင်းစစ် ဖြစ်ရခြင်း အကြောင်းရင်းများ ဆိုင်ရာများနှင့် ပါတ်သက်ပြီး မည်သို့ ပို့ချခဲ့သည်ကို သိလိုပါသဖြင့် ဒေါ်ခင်မမမျိုးအား ဆက်သွယ် မေးမြန်း ခဲ့ခြင်း ဖြစ်ပါသည်။

မင်္ဂလာပါဆရာမ…….

(မေး) ပြည်တွင်းစစ် ဖြစ်ခဲ့ရခြင်း အကြောင်းရင်းများ ဆွေးနွေးပွဲမှာ ဆရာမ တင်ပြသွားတဲ့ အခန်းခဏ္ဍတွေ အကျဉ်းချုပ် ပြောပြပေးပါလား။ ?

ဖြေ။ ။ ပြည်တွင်း စစ်များ ဖြစ်ပွားရခြင်းရဲ့ အခြေခံ အကြောင်းရင်းတွေကို ပညာရှင်များက လေ့လာခဲ့ရာမှာ နိုင်ငံရေး ဆိုင်ရာ အကြောင်းတရားများ၊ လူမျိုးစု ရေးရာ အကြောင်းတရားများနဲ့ နိုင်ငံတကာ ရေးရာ အကြောင်းတရားများ စတာတွေ အပေါ်မှာ အခြေတည် ဖြစ်ပွား ခဲ့တာ ဖြစ်ကြောင်း တွေ့ရှိဖော်ထုတ် နိုင်ခဲ့ကြပါတယ်။ ဒီအကြောင်းရင်း များကို တင်ပြခဲ့ပါတယ်။

(မေး) ပြည်တွင်းစစ် ဖြစ်ရတဲ့ အဓိက အကြောင်းရင်းပေါ့ လူ/အဖွဲ့အစည်း/ အခြေခံ အကြောင်းအရာတွေကို ပညာရှင် တယောက် အနေနဲ့ ဆရာမ ဘယ်လို သုံးသပ်ပါလဲ။ ?

ဖြေ။ ။နိုင်ငံရေး အသွင် ကူးပြောင်းမှု တွေမှာ စစ်ပွဲတွေ မဖြစ်အောင် အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံ ရသူတွေ အကြားမှာ လူမှု ပဋိညာဉ် (social contract) ကို တည်ဆောက်ဖို့ လိုအပ်ပါတယ်။ နိုင်ငံရေး ပညာရှင် Addison နဲ့Murshed ဆိုသူတို့က လူမှုပဋိညာဉ် ဆိုတာကို နိုင်ငံသားများ၊ လုပ်ငန်းရှင်များနဲ့ အစိုးရများရဲ့ ပြုမူ ဆောင်ရွက်ချက်များကို လမ်းညွှန်ပြ သပြီး၊ ပဋိပက္ခများကို အကြမ်းမဖက်ပဲ ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းကို အထောက်အကူ ပြုသော စည်းမျဉ်း များလို့အဓိပ္ပါယ် ဖွင့်ဆို ထားခဲ့ပါတယ်။ ဒီလို စည်းမျဉ်းတွေဟာ စာနဲ့ရေးသားထား တာတွေလဲ ဖြစ်နိုင်သလို၊ စာနဲ့ မရေးသား ထားတာ တွေလဲ ရှိနိုင်ပါတယ်။ ဒီစည်းမျဉ်း တွေကို နိုင်ငံရေး အဆောက်အအုံများ (ဥပမာ- ပါလီမန်များ၊ ညီလာခံများ)၊ ယုံကြည် ကိုးကွယ်မှု ဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ moral code များ၊ စီးပွားရေး ဖြစ်စဉ်များ စတဲ့ အင်စတီကျူးရှင်း အများ အပြားမှာ ဖော်ပြ ထားကြပါတယ်။ ဒီလို လူမှုပဋိညာဉ်တွေ ပျက်ပြားတဲ့ အခါ (သို့မဟုတ်) အားနည်းချက်တွေ ရှိတဲ့အခါ ပြည်တွင်းစစ် ဖြစ်တတ်ပါတယ်။

(မေး) လက်ရှိ ပြုပြင် ပြောင်းလဲရေး ကဏ္ဍမှာ ဒီပြည်တွင်းစစ်ကို အဆုံးသတ် နိုင်မယ်လို့ သုံးသပ် ပါသလား ? ဘယ်လို အဆုံးသတ်ရင် အကောင်းဆုံး နည်းလမ်း ဖြစ်မလဲလို့ ဆရာမ သုံးသပ်ပါသလဲ ?

ဖြေ။ ။ နိုင်ငံရေးနဲ့ ပဋိပက္ခဖြေရှင်းရေးမှာ Track I လို့သတ်မှတ် ခေါ်ဝေါ်ကြတဲ့ နိုင်ငံရေး ခေါင်းဆောင်များ၊ စစ်ရေး ခေါင်းဆောင်များနဲ့ လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်များ၊ Track II လို့ သတ်မှတ်ခေါ်တွင်တဲ့ ပညာရှင်များနဲ့ သြဇာ ရှိသူများ၊ Track III လို့ သတ်မှတ်ခေါ်တွင်တဲ့ လူထု အခြေပြု အဖွဲ့အစည်းများ အပါအ၀င် ပြည်သူတရပ်လုံး ငြိမ်းချမ်းရေး လုပ်ငန်းများကို ကိုယ်ကျရာ နေရာကနေ တာဝန် ထမ်းဆောင်ကြမယ်ဆိုရင် ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်မယ်လို့ သုံးသပ်ပါတယ်။

ပြည်တွင်းစစ်မှသည် အပစ်အခတ် ရပ်စဲရေးဆီသို့၊ အပစ်အခတ် ရပ်စဲရေးမှသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆီသို့ ဆိုတဲ့ ဖြစ်စဉ် နှစ်ရပ်ကို စနစ်တကျ အကောင်အထည် ဖော်ဆောင်ပြီး၊ ယုံကြည်မှု တည်ဆောက်ရေး ဆိုင်ရာ (Confidence-building Measures) များကို သုံးစွဲမယ် ဆိုရင် ပြည်တွင်းစစ် အဆုံးသတ်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်မယ်လို့သုံးသပ်ပါတယ်။

(မေး) ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ခြင်း ဖြစ်ခဲ့မယ် ဆိုရင်ပေါ့ ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက် နိုင်မယ်လို့ မြင်ပါသလား ?

ဖြေ။ ။ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုရာမှာ ကျွန်မရှေ့မှာ ဆိုထား ခဲ့သလိုပဲ ပြည်တွင်းစစ်မှသည် အပစ် အခတ် ရပ်စဲရေးဆီသို့၊ အပစ်အခတ် ရပ်စဲရေးမှသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆီသို့၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှသည် ရေရှည်ခံ ငြိမ်းချမ်းရေးဆီသို့ ဆိုပြီးဖြစ်စဉ် (၃) ရပ် ရှိပါတယ်။ ပြည်တွင်းစစ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများကို ပြန်လည် ဖြေရှင်း ပြုပြင် ရတာတွေလဲ ရှိပါတယ်။ ရေရှည်ခံ ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေး ယဉ်ကျေးမှု တည်ဆောက်ရေးကိုလည်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒီဖြစ်စဉ်တွေကို စနစ်တကျ အကောင်အထည် ဖော်နိုင်ခဲ့ရင်၊ ၀ိုင်းဝန်း ဆောင်ရွက် ကြမယ် ဆိုရင် ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

(မေး) ဒီပြည်တွင်းစစ် ရပ်စဲရေးမှာပေါ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေရဲ့ အခန်းကဏ္ဍ ကရော ဘယ်လို ရှိနိုင်မလဲ၊ ပါဝင်နိုင်မလဲ၊ ၄င်းတို့ကို သက်ရောက်စေမှာလဲ ?

ဖြေ။ ။ ကမ္ဘာနဲ့ အ၀ှမ်းမှာ ပြည်တွင်းစစ် ရပ်စဲပြီးချိန် နောက်ပိုင်း လက်နက်ကိုင် တပ်တွေရဲ့ အခန်းကဏ္ဍက သဏ္ဍာန် (၃) မျိုး ရှိပါတယ်။ ပထမတမျိုးက Security Sector Reform (SSR) ဆိုပြီး လုံခြုံရေး ကဏ္ဍ ပြုပြင်ပြောင်းလဲရေး လုပ်ချိန်မှာ ပါဝင်တဲ့ လုပ်ငန်းစဉ် တခုဖြစ်တဲ့ military integration မှာ ပါဝင်ပြီး၊ စစ်တပ်ရဲ့ အစိတ်အပိုင်း တစ်ခု အဖြစ် တည် ရှိတဲ့ ကဏ္ဍဖြစ်ပါတယ်။ ဒုတိယ တမျိုးကတော့ လက်နက် ဆက်မကိုင်လိုသော တပ်များနဲ့ တပ်သားများအတွက် Disarmament, Demobilization and Reintegration (DDR) အကောင်အထည် ဖော်ဆောင်မှုမှာ ပါဝင်တာ ဖြစ်ပါတယ်။ တတိယ တမျိုးကနေ လက်နက်ကိုင် တပ်ကနေ လက်နက် မကိုင်သောနိုင်ငံရေး ပါတီ တရပ်အဖြစ် အသွင်ကူးပြောင်းမှု ဖြစ်ပါတယ်။

(မေး) အဲဒီ ပြည်တွင်းစစ် ဖြစ်ရခြင်း အကြောင်းရင်းမှာ ဆရာမကို လူတွေ အမေးများတဲ့ မေးခွန်းကို ဆရာမ ထုတ်နှုတ် ပြောပြပါလား ?

ဖြေ။ ။ လူတွေ အမေးများတဲ့ မေးခွန်းကတော့ ကျွန်မရဲ့ဟောပြောချက်တွေကို မြန်မာပြည်နဲ့ နှိုင်းယှဉ် သုံးသပ် ချက်တွေ ဖြစ်ပါတယ်။ နိုင်ငံတကာ ပညာရှင်များက ယေဘုယျ အကြောင်းရင်း များကို ဖော်ထုတ်တဲ့ အခါ မြန်မာပြည်တင် မကပါဘူး။ ပြည်တွင်းစစ် ဖြစ်ပွားတဲ့ တိုင်းပြည်များကို အသေးစိတ် လေ့လာပြီးမှ အကြောင်းရင်းတွေ ဖော်ထုတ်ထား ကြတာပါ။ တချို့အကြောင်းရင်းတွေ ကတော့ သက်ဆိုင်ရာ နိုင်ငံ အလိုက်က ကွဲပြားမှုတွေ ရှိနိုင်ပေမယ့်၊ ယေဘုယျ အကြောင်းရင်းတွေ ကတော့ ဆက်စပ်နေတာ များပါတယ်။

(မေး) သတင်းထဲမှာ ထည့်သုံးဖို့ အဆင်ပြေမယ့် ဆရာမရဲ့ နာမည် အသုံးအနှုန်းနဲ့ပြောလို့ ရနိုင်တဲ့ ဆရာမရဲ့ Bio အကြောင်း အကျဉ်းချုံး ပြောပြစေချင်ပါတယ်။

ဖြေ။ ။(၂၀၀၂) ခုနှစ်မှ မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ပြီး၊ (၂၀၁၃) ခုနှစ်မှာ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာတဲ့ နိုင်ငံရေး သိပ္ပံပါရဂူဘွဲ့ စာတမ်းပြုစုနေသူ စစ်ရေး၊ နိုင်ငံရေး လေ့လာ သူတဦးလို့ အကျဉ်းချုံး ပြောပြစေလိုပါတယ်။

ဒေါ်ခင်မမမျိုးသည် ပဋိပက္ခနှင့် ပါတ်သက်သည့် ဆောင်းပါးများ၊ လူမှုရေး ဆောင်းပါးများ၊ ကမ္ဘာ့ အရေးအခင်း ဆောင်းပါးများ၊ အဖြစ်အပျက် ဆောင်းပါးများ၊ ဖြေရှင်းရာမှ ပြေလည်မှု ရရှိသော ဆောင်းပါးများစွာ ရေးသားခဲ့သူ ဖြစ်ပါသည်။ သူသည် လန်ဒန်မြို့တွင် နေထိုင်သူ ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကာလကို စိတ်ဝင်စားသူ ဖြစ်ပြီး၊ တတတ် တအား ပါဝင် ဆောင်ရွက်နိုင်သူ တဦးလည်း ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

No comments: