Thursday, September 26, 2013

ထမံသီ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံ ရွာသားများက နစ်နာကြေးပေးရန် အိန္ဒိယ နှင့် မြန်မာ အစိုးရကို တောင်းဆို

ခိုနူမ်းထုန်

မြန်မာပြည်အနောက်မြောက်ဘက် ချင်းတွင်းမြစ်ပေါ်တည်ဆောက်ရန် ရည်ရွယ်ခဲ့သည့် ထမံသီရေအားလျပ်စစ်စီမံ ကိန်းကြောင့် အတင်းအဓမ္မ ပြောင်းရွှေ့ခြင်းခံခဲ့ရသော ကျေးရွာသားများက အိန္ဒိယနှင့် မြန်မာအစိုးရကို မိမိတို့၏ဆုံးရှုံး မှုများအတွက် နစ်နာကြေးပေးရန် တောင်းဆိုလိုက်ကြသည်။

ယင်းစီမံကိန်းကြောင့် အတင်းအဓမ္မပြောင်းရွှေ့ခံခဲ့ရသော စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ်ရှိ ကူကီး(ချင်း) တိုင်းရင်းသားများ အများစုနေထိုင်ကြသော လေဝေယံကျေးရွာ နှင့် တဇုံးကျေးရွာရှိ မိသားစုပေါင်း (၁၉၂) စုတို့မှ စုပေါင်းလက်မှတ်ရေးထိုးကာ ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံး နှင့် အမှတ်(၁)လျပ်စစ်ဝန်ကြီးဌါနသို့ပေးအပ်ခဲ့ ကြောင်း ယခုလ ၂၃ ရက်နေ့က ထုတ်ပြန်သော ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး၏ ကြေ ညာချက်တွင် ဖော်ပြထားသည်။

ကူကီးအမျိုးသမီးဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ဘွိုင်းနူးက “ ထမံသီရေကာတာ စီမံကိန်းကြောင့် ရွာသားတွေရဲ့ဘ၀တွေ ပျက်ဆီးခဲ့ရတယ်၊ အိန္ဒိယနဲ့ မြန်မာပြည်အနေနဲ့ တာဝန်အများကြီးရှိနေတယ်၊ ဒီအရာက နယ်ခြားဖြတ်ကျော်တဲ့ ဖွံဖြိုးတိုးတက်ရေးစီမံကိန်းတွေ အကောင်အထည်ဖော်တဲ့နေရာမှာ ထိခိုက်ခံရတဲ့ ဌာနေတိုင်းရင်းသားလူနည်းစုလူထုအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိမရှိဆိုတာ စမ်းသပ်တဲ့ အခြေအနေတခု လည်းဖြစ်တယ်’’ ဟု ပြောသည်။

ယခင်မြန်မာစစ်အစိုးရ နှင့် အိန္ဒိယအစိုးရသည် ၂၀၀၄ ခုနှစ်တွင် ထမံသီရေအားလျုပ်စစ်စီမံကိန်းကို ဆောက်လုပ်ရန် သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး ယင်းစီမံကိန်းကြောင့် ၂၀၀၇ ခုနှစ် နှစ်စပိုင်းကစပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ်ရှိ လေဝေယံကျေး ရွာနှင့် တဇုံးကျေးရွာရှိ ရွာသားများကို အတင်းအဓမ္မမောင်းထုတ်ကာ မိမိတို့ရွာ ဟောင်းမှ မိုင်ပေါင်း (၄၀)ခန့် ဝေးကွာ သော နေရာသစ်သို့ ပြောင်းရွှေ့ခြင်း ခံခဲ့ရသည်ဟု သိရသည်။

မြေတူးစက်များဖြင့် ဖျက်ဆီးခြင်းခံခဲ့ရသော ဆုံးရှုံးသွားသည့် လယ်ယာ မြေများ နှင့် နေအိမ်များအတွက် အများစုမှာ ကျပ်ငွေ ၅၀၀၀ (အမေရိကန်ဒေါ်လာ (၅)ဒေါ်လာနှင့် ညီမျှ သောငွေ)ကို သာ လျော်ကြေးအဖြစ် ရရှိခဲ့ကြသည်ဟု လည်း ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လျပ်စစ်စွမ်းအား ၁၂၀၀ မီဂါဝပ် ထုတ်လုပ်ပေးနိုင်မည်ဟု ခန့်မှန်းထားကြသော ထမံသီရေအားလျပ်စစ် စီမံကိန်း ကြောင့် အိန္ဒိယနိုင်ငံ၏မြို့တော် ဒေလီမြို့ အကျယ်အ၀န်းနီးပါးမှာ ရေလွမ်းမိုးမှုအောက်သို့ ရောက်ရှိမည်ဖြစ်ပြီး လူဦးရေ ၄၅,၀၀၀တို့၏ နေ့စဉ်အသက်မွေး ၀မ်းကြောင်းလုပ်ငန်းများဖြစ်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် တံငါလုပ်ငန်းများကို ထိခိုက်စေမည် ဖြစ်သည်ဟုလည်း ကူကီးအမျိုးသမီးများအဖွဲ့ကပြောသည်။

နောက်ပိုင်းတွင် အိန္ဒိယအစိုးရသည် ၂၀၁၃ခုနှစ် ဇွန်လပိုင်းက ဒေသခံပြည်သူများမှ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အကြောင်းပြချက်အပါအ၀င် အခြားအကြောင်းပြချက်များဖြင့် ယင်းစီမံကိန်းကို လုံးဝရပ်တန့်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

No comments: