Thursday, September 26, 2013

မြန်မာ့လျှပ်စစ်ကဏ္ဍအတွက် ကမ္ဘာ့ဘဏ်မှ ဒေါ်လာ သန်း ၁၄၀ အတိုးမဲ့ချေးမည်

သီဟကိုကို | ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၆ ရက် ၂၀၁၃

ကမ္ဘာ့ဘဏ်က မြန်မာ့လျှပ်စစ်ကဏ္ဍအတွက် အတိုးမဲ့ချေးငွေ ဒေါ်လာသန်း ၁၄၀ ထုတ်ချေးသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာပြည်ကိုယ်စားလှယ် ခန်သန်ရှန် ကာက စက်တင်ဘာ ၂၅တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

မွန်ပြည်နယ်၊ သထုံမြို့ နယ်တွင် ၁၀၆ မက်ဂါဝပ် လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်ရန် ထုတ်ချေးပေးခြင်းဖြစ်သည်။

ချေးငွေကို နှစ် ၄၀ ပေးသွားမည် ဖြစ်ပြီး ဆိုင်းငံ့ ၁၀နှစ်နှင့် ပြန်ဆပ်ချိန်တွင် ၀န်ဆောင်ခ ၀ ဒဿမ ၇ ရာခိုင်နှုန်းကိုမြန်မာအစိုးရက ကမ္ဘာ့ဘဏ်အားပေးရမည်ဖြစ်ကြောင်း ခန်သန်ရှန်ကာ က ပြောသည်။

ခန်သန်ရှန်ကာက “လျှပ်စစ်မီး အလုံအလောက်မရတာဟာ စီးပွားရေးဖွံ့ဖြိုး တိုးတက်ဖို့နဲ့ ဆင်းရဲနွမ်းပါးတာကို တိုက်ဖျက်တဲ့နေရာမှာ အဓိက အခက်အခဲတစ်ခု ဖြစ်နေတယ်”ဟု ပြောသည်။

မွန်ပြည်နယ်၊ သထုံမြို့ နယ်တွင် မက်ဂါဝက် ၄၀ ပေးလျက်ရှိသည့် သက်တမ်းလွန် တာဘိုင်အဟောင်း နေရာတွင် တူညီသည့် ဓာတ်ငွေ့ပမာဏသုံးပြီး လျှပ်စစ်ဓာတ်အား ၂၅၀ ရာခိုင်နှုန်း ပိုမိုထုတ်လုပ်နိုင်မည့် ခေတ်မီ တာဘိုင် အသစ်များကို လဲလှယ် တပ်ဆင်သွားမည်ဖြစ်ကြောင်း ကမ်္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်အား အဓိက ရွေးချယ်ခဲ့ခြင်းမှာ နိုင်ငံ၏ ပင်မဓာတ်အားလိုင်းများ ချိတ်ဆက်ထားခြင်းကြောင့်ဖြစ်ကြောင်း ခန်သန်ရှန်ကာ ကဆိုသည်။

အဆိုပါစက်ရုံမှ ထွက်ရှိမည့် လျှပ်စစ် ဓာတ်အားများကို နိုင်ငံပင်မလိုင်းများနှင့် ဒေသဆိုင်ရာ ဓာတ်အားလိုင်းများကို ပို့လွှတ် မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်မှု ငါးရာခိုင်နှုန်းနှင့် မွန်ပြည်နယ် လိုအပ်ချက် ၅၀ ရာခိုင်နှုန်းတို့ကို ဖြည့်ဆည်းနိုင်မည်ဟု ဆိုသည်။

မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမည်ဟု ဆိုသည်။

ခန်သန်ရှန်ကာက ““မြန်မာနိုင်ငံဟာ လျှပ်စစ်မီး ပိုမိုရရှိရေးဟာ ဦးစားပေးလိုအပ်ချက် တစ်ခုဖြစ်တယ်၊ လျှပ်စစ် ဓာတ်အား ပိုရအောင်ဆောင်ရွက်ပေးခြင်းဟာ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မှာဖြစ်သလို လူနေမှု ဘ၀ကိုလည်း တိုးတက်စေမှာပါ””ဟု ပြောသည်။

ကမ်္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ မြန်မာပြည်သူ လေးပုံတစ်ပုံသည် ဆင်းရဲနွမ်းပါးလျက်ရှိပြီး လျှပ်စစ်မီးရရှိမှုမှာ အရှေ့တောင် အာရှနိုင်ငံများတွင် အနိမ့်ဆုံးဖြစ်ကြောင်း၊

တစ်နိုင်ငံလုံး လူဦးရေ ၇၀ရာခိုင်နှုန်းကျော်သည် လျှပ်စစ်ဓာတ်အား မရရှိဘဲ ကျေးလက်ဒေသများရှိ အိမ်ထောင်စု စုစုပေါင်း ၁၆ ရာခိုင်နှုန်းသာ လျှပ်စစ်မီးရရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခန်သန်ရှန်ကာက အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် ခေတ်မီ တာဘိုင်များ တပ်ဆင်ရန်အတွက် လာမည့်လတွင် တင်ဒါများခေါ်ယူသွားရန်ရှိပြီး လာမည့် နှစ်ကုန်ခန့်တွင် ပြီးစီးနိုင်ရန်မှန်းထားကြောင်း ပြောသည်။

အလွန်အမင်းဆင်းရဲသည့် နိုင်ငံများအတွက် အဓိကရည်ရွယ်သော ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ထံမှ မြန်မာနိုင်ငံအား ချေးငွေ ဒေါ်လာ သန်း ၁၄၀ ထုတ်ချေးရန် ကမ်္ဘာ့ဘဏ်ဒါရိုက်တာအဖွဲ့မှ စက်တင်ဘာလ ၂၄ တွင် သဘောတူခဲ့ကြောင်းဆိုသည်။

ကမ္ဘာ့ဘဏ်သည် ကမ္ဘာပေါ်ရှိ အကြီးဆုံးအဖွဲ့အစည်းများအနက် တစ်ခုဖြစ်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများအား ငွေကြေးနှင့် နည်းပညာ အကူအညီများ အဓိက ပေးအပ်လျက်ရှိသည်။

No comments: