Friday, September 27, 2013

မြန်မာ့ဂုဏ်ရောင် အိမ်ရာဆောက်ရန် မြေသိမ်းမှု မူလပိုင်ရှင်များ၏ နစ်နာမှုများကို လူ့အခွင့်အရေး ကော်မရှင်တင်မည်

နန်းမြင့် | သောကြာနေ့၊ စက်တင်ဘာလ ၂၇ ရက် ၂၀၁၃

တပ်မတော်(ရေ)တပ်တန်းလျားဆောက်မည်ဟုဆိုကာ သိမ်းဆည်းခဲ့သည့် မြေနေရာအား မြန်မာ့ဂုဏ်ရောင် အိမ်ရာဆောက်လုပ် ထားခြင်းအပေါ် မြန်မာ့ဂုဏ်ရောင်ရပ်ကွက်သားများ၏ နစ်နာမှုများကို သင်္ဃန်းကျွန်း မဲဆန္ဒနယ် အောက် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က လူ့အခွင့်အရေးကော်မရှင်ကို စက်တင်ဘာလအတွင်း တင်ပြပေးမည်ဟု မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ မြန်မာ့ဂုဏ်ရောင်ရပ်ကွက်ရှိ နေအိမ် ၇၇၁ လုံးနှင့် လုပ်ငန်းရှင်နှစ်ဦး၏ မြေနေရာများကို ၁၉၉၄ ခုနှစ်က ရေတပ်တန်းလျားဆောက်မည်ဟု အကြောင်းပြကာ နေအိမ်များအား ဖျက်သိမ်းခဲ့သည်။ သို့သော် လက်ရှိတွင် ထိုနေရာ၌ မြန်မာ့ဂုဏ်ရောင် အိမ်ရာ ဆောက်လုပ်ပြီးဖြစ်သည်။

ထိုကိစ္စနှင့် ပတ်သက်၍ သင်္ကန်းကျွန်းရှိ အမျိုးသားဒီမိုကရေစီ ပါတီသစ်ရုံးချုပ်ထံ မြန်မာ့ဂုဏ်ရောင်ရပ်ကွက်သားများက စက်တင်ဘာလ ၂၅ရက်တွင် စာတင်ခဲ့သည်ဟု မြန်မာ့ဂုဏ်ရောင်ရပ်ကွက် ပြည်သူများ၏ နစ်နာမှုများကို ဖော်ထုတ်ရေး ဦးဆောင် ကော်မတီ ဥက္ကဋ္ဌဦးထွန်းရီက မဇ္ဈိကို ပြောသည်။

သင်္ကန်းကျွန်းမဲဆန္ဒနယ်အောက်လွှတ်တော်အမတ်ဦးသိန်းညွန့်က “ဗိုလ်ချုပ် ခင်ညွန့်အပါအ၀င် အာဏာပိုင်တွေက ကတိသာပေးပြီး ဆောင်ရွက်မပေးခဲ့ဘူး။ လူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် ၁၇အရ သူတို့ရဲ့ တရားဝင် ပိုင်ဆိုင်မှုတွေ ငြင်းပယ်ခံရတဲ့အတွက် လူ့အခွင့်အရေးကို ထိခိုက်တာ ဖြစ်တဲ့ အတွက် ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို ဒီအပတ်အတွင်း တင်ပြသွားမယ်” ဟု ပြောသည်။

ထိုမြန်မာ့ဂုဏ်ရောင်ရပ်ကွက်သည် ၁၉၇၆ခုနှစ်တွင် တစ်ရပ်ကွက်လုံးနီးပါး မီးလောင်ခဲ့သဖြင့် ထိုစဉ်က နိုင်ငံတော် ၀န်ကြီးချုပ် ဦးစိန်ဝင်းက ထိုရပ်ကွက်ကို မြေချပါမစ် ပြန်လည်ချထားပေးခဲ့သည်ဟုဆိုသည်။ သို့သော် ထိုစဉ်ကပင် အိုးအိမ်ဝန်ကြီးဌာနက ရပ်ကွက်ပြည်သူများအား မြေဖိုး ၆၀၀၀ကျပ် သွင်းခိုင်းကာ ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက်နဲ့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၁၀၇ ရပ်ကွက်များသို့ ပြောင်းရွှေ့စေခဲ့သည်ဟု ဦးထွန်းရီက ရှင်းပြသည်။

ထိုကိစ္စအား မြန်မာ့ဂုဏ်ရောင် ရပ်ကွက်သားများက ၂၀၁၃ခုနှစ် ဇန်န၀ါရီလတွင် ဆန္ဒပြခဲ့ပြီး သမ္မတရုံးအပါအ၀င် သက်ဆိုင်ရာ ဌာနများကို တင်ပြခဲ့သည်။ ထို့အပြင် ဒုတိယအကြိမ်အဖြစ် ဇူလိုင်လ ၂၇ရက်က ဆန္ဒပြခဲ့ပြီး ယခု အချိန်အထိ ထူးခြားမှု တစ်စုံတစ်ရာမရှိသေးသောကြောင့် ထပ်မံ ဆန္ဒပြရန်လည်း စီစဉ်နေသည်ဟု သိရသည်။

No comments: