Friday, September 27, 2013

ပဲခူးတိုင်းမှ ပြည်ခိုင်ဖြိုး လွှတ်တော်အမတ်နှစ်ဦးကို ရန်ပုံငွေထိမ်ချန်သည်ဟု စွပ်စွဲကာ တရားစွဲဆိုရန်ပြင်ဆင်

ကေဇင်ဦး

ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်တွင် တံတားတည်ဆောက်ရန်အတွက် အစိုးရမှ ချထားသည့် ရန်ပုံငွေများကို သနပ်ပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှ ထိမ်ချန်ထားသည်ဟုဆိုကာ တံတားတည်ဆောက်ရေးကော်မတီက စက်တင်ဘာလ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ ရှေ့နေ ဦးအောင်စိုး၏ ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောသည်။

သနပ်ပင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီမှ ထိမ်ချန်ထားသည်ဆိုသော ငွေကြေးမှာ ကျပ် ၁၂ သိန်းဖြစ်ပြီး အဆိုပါငွေအား တံတားတည်ဆောက်ရေး ကော်မတီသို့ စက်တင်ဘာ ၂၅ မှ တစ်ပတ်အတွင်း ပြန်လည် လွှဲပြောင်းပေးအပ်ခြင်းမရှိ ပါက တရားစွဲဆိုသွားမည်ဟု တံတားတည်ဆောက်ရေး ကော်မတီဝင်များကပြောသည်။

ငွေထိမ်ချန်ထားသည်ဟု စွပ်စွဲခံရသူမှာ ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်နှင့် ပဲခူးတိုင်း လွှတ်တော် အမတ်တစ်ဦးဖြစ်သည်။

တံတားတည်ဆောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်ဝင်းက ““ပထမအရစ် ငွေထုတ်တဲ့အခါ ပြည်ခိုင်ဖြိုး ပါတီရုံးမှာ သွားထုတ်ရတယ် သိန်း ၆၀ ထုတ်ပေးတယ်။ ဒုတိယတစ်ကြိမ် ထုတ်ပေးတဲ့အခါ မြို့နယ်စည်ပင်မှာ သွားထုတ်ရတယ်။ ၇၂ သိန်း ထုတ်ပေးတယ်။ ပြီးတော့ တံတားတည်ဆောက်ရေးအတွက် ထုတ်ယူပြီးငွေ ၁၄၄ သိန်းထုတ်ယူပြီးကြောင်း စည်ပင်က အမှုဆောင်အရာရှိက လက်မှတ်ထိုးခိုင်းတယ်။ ဒါကြောင့် သူတို့ ထိမ်ချန်ထားတာကိုသိရတာပါ” ဟု ယင်းသတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောကြားခဲ့သည်။

တံတားတည်ဆောက်ရေးအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ မတည်ငွေများကို သုံးကြိမ်ခွဲ၍ ချထားပေးခြင်းဖြစ်ပြီး ယင်းငွေ ၁၂ သိန်းကို ပထမအကြိမ်တွင် ထိန်ချန်ထားသည်ဟု သနပ်ပင်မြို့နယ် မင်းရွာကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးကျော်သူရကပြောသည်။

၎င်းက ““တံတားကပြီးပေမယ့် လက်ရန်းတွေ လိုသေးတယ်။ နောက်ပြီး အကြွေးက ၂၂ သိန်းလောက်ဆပ်ဖို့ ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့က ပြန်လိုချင်တာပါ။ ပြည်ခိုင်ဖြိုးပါတီကိုတိုက်ခိုက်ချင်လို့မဟုတ်ဘူး”ဟု ပြောသည်။

ထိမ်ချန်ထားသည်ဟု ပြောဆိုထားသော တံတားတည်ဆောက်ရေးငွေ ၁၂ သိန်းကျပ်နှင့် ပတ်သက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုက “ဒါက ကျွန်တော်တို့အနေနဲ့ အလွဲသုံးစားလုပ်တာ၊ ထိမ်ချန်ထားတာမဟုတ်ဘူး၊ တံတားဖွင့်ပွဲမှာ အသုံးပြုဖို့ ထားတာပါ။ တံတားဖွင့်ပွဲအတွက်လည်း ဒီငွေနဲ့ မလုံလောက်သေးဘူး။ ကျွန်တော်တို့ပါတီက သိန်းရှစ်ဆယ်လောက် ထပ်စိုက်ပြီးလုပ်ဖို့ရှိပါတယ်”ဟု မဇ္ဈိမ၏မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

No comments: