သဇင်ဥ
အမေရိကန်နိုင်ငံမှ လူဝင်မှုကြီးကြပ်ရေးနှင့် ဒုက္ခသည်များဆိုင်ရာ ဒုတိယအတွင်းရေးမှူး Anne C Richard က ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အတွင်းရှိ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီများကို ထောက်ပံ့ကူညီဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြာသပတေးနေ့က ထုတ်ဖေါ် ပြောဆိုလိုက်သည်။
သူမ Anne C Richard က ယင်းဘင်္ဂလီ ဒုက္ခသည်စခန်းရှိနေထိုင်သူများနှင့် တရားမ၀င်ဘင်္ဂလီများ၏ လိုအပ်သော အကူအညီများကို ဖြည့်စွပ်ပေးဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်ဟု ဆိုသည်။
ယင်းကူညီပေးအပ်သွားမည့် ကတိကို Richard နှင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ နိုင်ငံခြားရေးဆိုင်ရာသံအမတ် Shahidul Haque တို့ ကြာသပတေးနေ့က တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်းဖြစ်ပြီး အမေရိကန်မှ နိုင်ငံတကာလုံခြုံရေးနှင့် လက်နက်ခဲယမ်းမီးကျောက် ထိမ်းသိမ်းရေးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ထုတ်ပြန်ချက်အရ သိရှိရသည်။
ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် မြန်မာမှ နိုင်ငံရေးဒုက္ခသည်ပေါင်း ၃၀၀ ကျော်အထိရှိခဲ့ရာမှ ယခုအခါ UNHCR, NGOနှင့် နိုင်ငံတကာမှ ကူညီပံ့ပိုးမှုများ မရှိသောကြောင့် ပျောက်ဆုံးသွားသူများရှိနေကြောင်း၊ နေအိမ်ပြန်ဝင်သွားသူများရှိနေကြောင်းနှင့် ကျန်ရှိနေသူများ အနေဖြင့် ကူညီထောက်ပံ့မှု တစုံတရာမရရှိဘဲ အခက်အခဲများဖြင့် ရင်ဆိုင်ဖြစ်နေကြသည်။
ကော့စ်ဘဇားမြို့နှင့် တာခ်နာမြို့အကြား ၇၉ ကီလိုမီတာ အကွာရှိဆက်သွယ်ရေး လမ်းဘေး၌ အိုခီယားမြို့နယ် ကိုတိုးပါလောင်၊ နီလာမြို့နယ် လေဒါ (ယာယီဒုက္ခသည်)နှင့် တာခ်နာမြို့နယ် နော်ယာပါရာ ဒုက္ခသည်စခန်း ၃ ခုအတွင်း တရားဝင်နေထိုင်သူ ၁ သိန်း ကျော်ထက် တရားမ၀င် နေထိုင်သူ မိသားစုပေါင်းမှာ အဆမတန်တိုးပွားလျှက်ရှိနေပြီး ယင်းနိုင်ငံအတွင်း အိုးမဲ့အိမ်မဲ့ပြန့်ကြဲ နေထိုင် သူများပါ လာရောက်နေထိုင်သူများ များပြားလာနေကြောင်း စုံစမ်းသိရှိရသည်။
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အခြေစိုက် UNHCR အနေဖြင့် ၂၀၀၀ ခုမှ ၂၀၀၉ ခုနှစ်အတွင်း ယင်းစခန်းများမှ ဒုက္ခသည်ပေါင်း ၃၀၀၀ ကျော်အား ယူရိုနိုင်ငံများသို့ ဘင်္ဂလာအစိုးရနှင့် တခြားNGOများနှင့် ပူးပေါင်းကာ ပို့ဆောင်ခဲ့သော်လည်း ၂၀၀၀ ခုနှစ်မှ ယခုအချိန်ထိ မြန်မာ ဒုက္ခသည် ၁၅ ဦးပို့ဆောင်ခဲ့သည်။
UNHCR အနေဖြင့် ဘင်္ဂလီဒုက္ခသည်များကို ပယ်ချခြင်း မရှိသည့်အပြင် ဒေသခံအာဏာပိုင်များနှင့် ပူးပေါင်းပြီး ယင်းစခန်းများသို့ ယူဆောင်လေ့ရှိကာ ဒုက္ခသည်အဖြစ်အဆင့်သို့ သတ်မှတ်နေရာချလေ့ရှိနေသော်လည်း မြန်မာဒုက္ခသည်များ အနေဖြင့် ဒုက္ခသည်အဖြစ် လျှောက်လွှာတင်နိုင်မည့် အနေအထားမရှိသည့်အပြင် ကြိုးစားလျှောက်သူ အများအပြားအားလည်း ပယ်ချလေ့ရှိပြီး ဒုက္ခသည်အပြစ် သတ်မှတ်ခံရသူများကိုလည်း ကူညီပံ့ပို့မှုမရှိကြောင်း သိရှိရသည်။
No comments:
Post a Comment