ကေဇူး
ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများသို့ အစားအသောက်နှင့်ဆေးဝါးပစ္စည်းများ ထောက်ပံ့နေသည့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များကို ရခိုင်ပြည်နယ်တွင်း ခြိမ်းခြောက်မှုများဖြစ်ပေါ်ခဲ့ခြင်းအပေါ် လက်မခံကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ဇန်နဝါရီ ၃ဝ ရက် တွင် ပြောကြားလိုက်သည်။
ရန်ကုန်မြို့ ဗြိတိသျှသံရုံး စာကြည့်တိုက်(BC) တွင် “The UK and Burma in 2014" ခေါင်းစဉ်ဖြင့် လူထုနှင့်တွေ့ဆုံဟောပြောစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“အိုးပစ်အိမ်ပစ် ထွက်ပြေးရသူတွေ ဘေးအန္တရာယ် ကျရောက်လွယ်သူတွေရဲ့ အသက်ကယ်ရေး အတွက် ဆေးဝါးအထောက်အပံ့တွေပေးအပ်တဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာဝန်ထမ်းများကိုခြိမ်းခြောက်မှုတွေ ပေါ်ပေါက်လာတာဟာ လုံးဝလက်ခံနိုင်စရာမရှိသလို တကယ် လည်း အံ့အားသင့်စရာကောင်းလှပါတယ်။ ရခိုင်အသိုင်းအဝိုင်းခေါင်းဆောင်များ အနေနဲ့ အသိစိတ်ဓာတ်ရှိရှိနဲ့ ဒီအခြေအနေကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းကြဖို့ တိုက်တွန်းလိုပါတယ်”ဟု ဝန်ကြီးက ပြောကြားခဲ့သည်။
ပြည်နယ်အဆင့်နှင့် ပြည်ထောင်စု အဆင့်မှ အာဏာပိုင်များအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေသူ များကို အဟန့်အတားမရှိ အကူအညီရရှိစေရေး တို့ကို တိကျစွာဆောင်ရွက်ရန် လိုအပ်သည်ဟုလည်း သူကဆက်ပြောသည်။
“နိုင်ငံတကာက ကူညီတဲ့အဖွဲ့အစည်းတွေ အနေနဲ့လည်း ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ဖို့လိုပါတယ်။ ဒုက္ခသည် နှစ်မျိုးနှစ်စားရှိတဲ့နေရာမှာ တစ်ဦးတည်းကိုသာ တိုက်ရိုက်လှူဒါန်းမှုတွေလုပ်နေရင် ဒေသခံတွေကလည်း မကျေမလည်ဖြစ်ကြမှာပဲ။ ဒါကြောင့် ကူညီတဲ့အဖွဲ့တွေက စည်းမျဉ်းနဲ့ အညီကူညီဖို့နဲ့ ကူညီတဲ့နေရာမှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတဲ့အကြောင်းကို အားလုံးကို အသိပေးထားပါတယ်” ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဥပဒေချုပ် ဦးလှသိန်းက ဆိုသည်။
၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလအတွင်းက ရခိုင်ပြည်နယ် မြို့နယ် အချို့ရှိ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များက ခွဲခြားကူညီသည်ဟုဆိုကာဒေသခံများက ပြည်နယ်တွင်းမှထွက်ခွာသွားရန် ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့သည်။
ယင်းသို့ စွပ်စွဲချက်များနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်တွင် ကျန်းမာရေးဆိုင်ရာ ကူညီမှုများဆောင်ရွက်ပေးနေသည့် နယ်စည်းမထား ဆရာဝန်များ အဖွဲ့MSF အဖွဲ့ကမူ ခွဲခြားအကူအညီပေးမှုများမရှိဘဲ လူမျိုးဘာသာမရွေး အကူအညီပေးရန်အသင့်ရှိသည်ဟု ၂ဝ၁၃ ဒီဇင်ဘာက မဇ္ဈိမကို ပြောကြားခဲ့ဖူးသည်။
နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ NGO,INGO အဖွဲ့အစည်းများသည် ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် သဘောတူညီမှုလက်မှတ်(MOU)ရေးထိုးပြီး ပညာရေး၊ ကျန်းမာရေးနှင့်၊ အခြား ကဏ္ဍများတွင် ဒေသတွင်းကူညီမှုများ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
ဂီရိမုန်တိုင်း ကျရောက်ခဲ့သည့် ၂ဝ၁ဝ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်သို့ NGO,INGO အဖွဲ့အစည်းများ စတင် ရောက်ရှိလားပြီး၊ ၂ဝ၁၂ ခုနှစ် ရခိုင်ပြည်နယ်ပဋိပက္ခများ ဖြစ်ပေါ်ချိန်တွင်လည်း နိုင်ငံတကာ လူမှုရေး အဖွဲ့အစည်းများ ထပ်မံရောက်ရှိလာခဲ့သည်။ လက်ရှိတွင် ရခိုင်တွင် အကူအညီပေးနေသောနိုင်ငံတကာ NGO,INGO အဖွဲ့ ၂ဝ ကျော်ရှိသည်။
No comments:
Post a Comment