Mizzima
အမျိုးသား ပညာရေး ဥပဒေကြမ်းကို ပြင်ဆင်ပေးရန် လက်ပံတောင်းတွင် သပိတ်စခန်းဖွင့် ဆန္ဒပြ ကျောင်းသားများကို အကြမ်းဖက် ဖြိုခွင်းခဲ့ခြင်းသည် အာဏာသုံးဖြေရှင်းမှုဟု ဗြိတိန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ဧပြီလ ၂၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာကာ စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုလိုက်သည်။
လက်ပံတန်းတွင် သပိတ်စခန်းဖွင့်ထားသည့် ကျောင်းသားများကို မတ်လ ၁၀ ရက်တွင် ရဲတပ်ဖွဲ့ဝင်တို့ အင်အားသုံး ဖြိုခွင်းမှုအတွင် Amnesty International က တောင်းဆိုခြင်းဖြစ်သည်။
"အကြမ်းဖက်မှုတွင် မလိုအပ်ဘဲအလွန်အကျွံ ရဲအင်အားသုံးဖြိုခွင်းမှုကို လွတ်လပ်မျှတ၍ ထိရောက်သော စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်သွားရန် တိုက်တွန်းပါသည်" ဟု Amnesty International က ဆိုသည်။
ဦးရေ တစ်ရာနီးပါးရှိသည့် ဖမ်းဆီးခံကျောင်းသားများနှင့် ပြည်သူအချို့သည် ဖမ်းဆီးခံရစဉ်က ရိုက်နှက်ခံခဲ့ကြရပြီး လုံလောက်သည့် ဆေးဝါးကုသမှုများလည်း မရကြဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
"တစ်လကျော်မျှ ကြာမြင့်ပြီဖြစ်သော်လည်း တစ်ချို့မှာ လုံလောက်သည့် ဆေးကုသမှု မရသေးပေ။ ဖမ်းဆီးထိန်းသိမ်းထားရာတွင် ချို့တဲ့သည့်အနေအထားနှင့် ရှေ့နေငှားပိုင်ခွင့် အကန့်အသတ်များ ထားရှိခြင်းတို့ကြောင့်လည်း စိုးရိမ်မှုက လွန်ကဲဖြစ်ပေါ်စေသည်" ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ဖမ်းဆီးခံကျောင်းသားများကို ဧပြီလ ၂၃ ရက် လက်ပံတန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး လာမည့်အကြိမ်များတွင် ခရိုင်တရားရုံးဖြစ်သော သာယာဝတီတွင် ရုံးထုတ်စစ်ဆေးမည်ဖြစ်သည်။
ကျောင်းသားများ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ Amnesty International က ဆိုရာတွင် " အာဏာပိုင်များအနေဖြင့် ဆန္ဒပြကျောင်းသားများနှင့် ခေါင်းဆောင်များ ငြိမ်းချမ်းစွာ အခွင့်အရေး တောင်းဆိုပိုင်ခွင့်ကို ခွင့်ပြုပေးရမည်ဖြစ်ပြီး ကျောင်းသားဆန္ဒပြသူများကို ပစ်မှတ်ထားခြင်းနှင့်ခေါင်းဆောင်များကို နှိပ်ကွပ်နေခြင်းများကို ချက်ချင်းရပ်တန့်သင့်သည်" ဟုလည်း အကြံပြုထားသည်။
No comments:
Post a Comment