Sunday, April 26, 2015

ရသေ့တောင်နှင့် ဂွမြို့ ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မည်

စံမောင်သန်း

ရခိုင်ပြည်နယ်မှ ရသေ့တောင်မြို့နှင့် ဂွမြို့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတကာ အဖွဲ့အစည်း နှစ်ခုမှ တာဝန်ယူ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ပြောဆိုသည်။

ယခုလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ် ကိုယ်စားပြု လူရည်ချွန်များအား ဂုဏ်ပြုပွဲနှင့် ရပ်မိရပ်ဖများနှင့် တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းမှ ထိုသို့ ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။

ယခုလက်ရှိတွင် ရသေ့တောင်မြို့ကို စံပြမြို့ အဖြစ် UNDP က တာဝန်ဆောင်ရွက်လျက်ရှိပြီး၊ ဂွမြို့နယ်ဖွံ့ဖြိုးရေးအတွက် နယူးဇီလန်နိုင်ငံက တာဝန်ယူ လုပ်ဆောင်ပေးသွားမည်ဟု ပြောဆိုသည်။

ရသေ့တောင်နှင့် ဂွမြို့တို့မှာ ရခိုင်ပြည်နယ် အတွင်း တိုးတက်မှု နှေးကွေးနေသော မြို့များ ဖြစ်ပြီး ထိုမြို့ နှစ်မြို့ တိုးတက်ရေးကို နိုင်ငံတကာ အကူအညီဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ပုဏ္ဍားကျွန်း စက်မှု စီမံကိန်း အတွက် လျှောက်ထားသော ကုမ္ပဏီ နှစ်ခုရှိပြီး ထိုအထဲမှ တစ်ခုကို ရွေးချယ်ဖြစ်ကြောင်း၊ စီမံကိန်းပြီးစီးပါက လူ ငါးသောင်းမှ တစ်သိန်းထိ အလုပ်ခန့်ထားနိုင်မည် ဖြစ်ကြောင်း၊ လစာကို နိုင်ငံတကာ စံနှုန်းအတိုင်း ပေးနိုင်အောင် စီစဉ် သွားမည် ဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်မြို့ရှိ သီလ၀ါ ဆိပ်ကမ်း၌ တန်ချိန် ၈ သောင်းရှိ သင်္ဘောများသာ ဆိုက်ကပ်နိုင်ပြီး၊ တန်ချိန် ၃ သိန်းရှိ သင်္ဘောများဆိုက်ကပ်နိုင်သော တစ်ခုတည်းသော ရေနက်ဆိပ်ကမ်းမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သည် ရေခံမြေခံကောင်း၍ တိုးတက်ဖို့ အလားအလာကောင်းသော ဒေသတစ်ခုဖြစ်သည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

No comments: