Monday, April 6, 2015

တနိုင်ငံလုံးအပစ်ခတ် ရပ်ရေး ထောက်ခံကြောင်း ဆန္ဒပြဖို့ မူစယ် ဒေသခံ များအား အစိုးရ ညွှန်ကြား

သျှမ်းသံတော်ဆင့်/ မွေခေါဝ်

အစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များ ဖော်ဆောင်နေသည့် တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးကို အား ပေး ထောက်ခံ၍ စစ်ပွဲများကို ရှုတ်ချသည့် ဆန္ဒပြပွဲ ကျင်းပရန် သျှမ်းပြည်နယ် အစိုးရက သျှမ်းပြည် မြောက်ပိုင်း မူစယ် ဒေသခံ များအား ညွှန်ကြားကြောင်း သိရှိရသည်။

ထိုသို့ဆန္ဒပြပွဲကျင်းပရန် သျှမ်းပြည်နယ်အစိုးရက မူစယ်မြို့နယ် အုပ်ချုပ်ရေး မှူးရုံးအား ညွှန်ကြားလာသော ကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဇော်က မူစယ်ဒေသခံများအား ခေါ်ယူကာ ယနေ့(ဧပြီလ ၃ ရက်နေ့) မွှန်းလွှဲပိုင်း ၁ နာရီ မြို့နယ်အုပ်ချုပ်ရေးရုံးတွင် အစည်းအဝေး ပြုလုပ်ခဲ့သည်ဟု ဆို၏။

“ဒါကတော့ နိုင်ငံရေးလှည့်ကွက်ဘဲ။ နိုင်ငံရေး မသိနားမလည်တဲ့ ပြည်သူတွေ ကို လှည့်စားတာ။ ပြည်သူတွေရဲ့ ဆန္ဒလည်း မဟုတ်ဘူး။ အစိုးရက လုပ်ခိုင်းလို့ မတတ်နိုင်လို့ မလွန်ဆန်နိုင်လို့ လုပ်ရမှာ” ဟု အစည်းအဝေး တက်ရောက်ခဲ့သူ စိုင်းဟင်လိတ် က ပြောပါသည်။

တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးကို အားပေးထောက်ခံ၍ စစ်ပွဲများကို ရှုတ်ချ သည့် ဆန္ဒပြပွဲကို လာမည့် ဧပြီလ ၆ ရက်နေ့မှာ ပြုလုပ်မည်ဖြစ်ကြောင်း၊ နံနက် ၈ နာရီတွင် မူစယ်လေယာဉ်ကွင်းဟောင်း၌ စုဝေး၍ ၉ နာရီ တွင် ဘော်လုံးကွင်းသို့ စတင်လမ်းလျှောက်ဆန္ဒပြမည်ဖြစ်ကြောင်း၊ တရပ်ကွက်လျှင် အနည်းဆုံး အယောက် ၂၀၀ ပါဝင်ရမည်ဖြစ်ကြောင်း ဆို၏။

“မူစယ်မှာ ရပ်ကွက် ၉ ရပ်ကွက်ရှိတယ်။ ဒါပေမဲ့ ဟိုမွန်ရပ်ကွက်က အင် အားကြီးတော့ အနည်းဆုံး ၅၀၀ ရှိရမယ်တဲ့။ ဒါကြောင့် အနည်းဆုံး အယောက် ၂၀၀၀ လောက်ပါဝင်ရမှာ။ နောက်တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ ၅ ဖွဲ့ရှိတာ တဖွဲ့ကို ၁၀ ယောက်တဲ့။ အဲဒီနေ့မှာ တိုင်းရင်းသားဝတ်စုံအပြည့် ၀တ်ဆင်လာရမယ်လို့လည်း ပြောတယ်” ဟု ဟိုမွန်ရပ်နေ လုံးလှိုင်က လည်း ပြောပါသည်။

လမ်းလျှောက်ဆန္ဒပြရာ၌ သျှမ်းပြည်နယ်အစိုးရက ချမှတ်ပေးထားေ သာ ကြွေးကြော်သံ ၅ ချက် ဖြစ်သည့် ၁) တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး - ဒို့အရေး ၊ ၂) နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး - ဒို့အရေး ၊ ၃) နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး - ဒို့အရေး ၊ ၄) ဒီမိုကရေစီရှင်သန်ခိုင်မာရေး - ဒို့အရေး ၊ ၅) ၂၀၁၅ ငြိမ်းချမ်းမှုဖော်ဆောင် ရေး- ဒို့အရေး…တို့ကိုသာ ကြွေးကြော်ရ မည်ဟု ညွှန်ကြားကြောင်း သိရပါသည်။

No comments: