ခင်မြတ်မြတ်ဝေ
အစိုးရတပ်မတော် နှင့် ကိုးကန့်တပ်တို့အကြား တိုက်ပွဲဖြစ်အတွင်း ကျဆုံး၊ ဒဏ်ရာရသည့် ရဲဘော်များ၊ ဒဏ်ရာရ မီးသတ်၊ ကြက်ခြေနီ နှင့် မီဒီယာသမားများ အတွက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် နှင့် ကိုယ်စားလှယ် နှစ်ဦး လားရှိုးတွင် သိန်း ၁၈၀၀ ဝန်းကျင် ဧပြီ ၄ရက်က သွားရောက်လှူဒါန်းခဲ့သည်။
"ငွေသား၊ ပစ္စည်းတွေ ကြက်ခြေနီ အဝတ်အစား အားလုံး ဆိုတော့ သိန်း ၁၈၀၀ကျော်လောက် လှူဒါန်းခဲ့တယ်"ဟု သွားရောက်လှူဒါန်းရာတွင် ပါဝင်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနေ၀င်းထွန်းက မဇ္ဈိမကို ပြောသည်။
လှူဒါန်းပွဲတွင် ကြက်ခြေနီများအတွက် ဝတ်စုံ ၁၀၀နှင့် ငွေသား တစ်ဦးလျှင် ၃သိန်းမှ ၅သိန်းခန့်၊ ဒဏ်ရာရရှိသည့် မီဒီယာ သမားများအား တစ်ဦးလျှင်၂သိန်း၊ ကျဆုံးသွားသည့် ရဲဘော်များအား မိသားစုတစ်စုလျှင် ၅သိန်းနှုန်းဖြင့် အိမ်ထောင်စု ၁၀၀ ဝန်းကျင်းတို့ကို လှူဒါန်းခဲ့သည်။
လှူဒါန်းပွဲတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က တိုင်းပြည်အတွက် အသက်ပေးသွားသည့် ရဲဘော်များ၊ ဒဏ်ရာရရှိသည့် ကြက်ခြေနီ အပါအဝင် မီဒီယာသမားများအား နိုင်ငံတော်ကို ကာကွယ်ပေးခဲ့သည့်အတွက် ဂုဏ်ပြုခဲ့ပြီး ကျဆုံးသွားသူများအား သဂြိုလ်တွင် ဆုတောင်းပွဲပြုလုပ်ခဲ့သည်။
ဦးခင်အောင်မြင့်နှင့်အတူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နှစ်ဦးဖြစ်သည့် ဇေကမ္ဘာဦးခင်ရွှေ၊ ဦးမင်းမျိုးတင့်လွင်တို့ သွားရောက်လှူဒါန်းခဲ့သည်။
အစိုးရတပ်မတော် နှင့် ကိုးကန့်တပ် (MNDAA) တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စတင်၍ ယခုဧပြီလအထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရကာ နှစ်ဖက် အကျအဆုံးများခဲ့သည်။
No comments:
Post a Comment