Mizzima
မုန်တိုင်းဒဏ်ခံထားရသည့် ဖိလစ်ပိုင်နိုင်ငံက မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်နိုင်ငံတို့ထံမှ ဆန်များ ဝယ်ယူတင်သွင်းသွားရန် စီစဉ်နေသည်ဟု ဖိလစ်ပိုင်နိုင်ငံ စားနပ်ရိက္ခာ အာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်ဟု ယင်းနိုင်ငံအခြေစိုက် သတင်းမီဒီယာများ၌ ဖော်ပြထားသည်။
ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ဆန်ဝယ်ယူသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပုံမှန်အားဖြင့် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ ဆန်ဝယ်ယူတင်သွင်းရာမှ မုန်တိုင်းဒဏ်ကြောင့် ဆန်တိုးမြှင့်ဝယ်ယူရန် စီစဉ်ခြင်း ဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံ စာနပ်ရိက္ခာ အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူ ရီနန်ဒါလီဆေးက ‘ဆန်ဝယ်ယူ တင်သွင်းဖို့အတွက် ပါကစ္စတန်၊ အိန္ဒိယ၊ မြန်မာနဲ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ သံရုံးတွေနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။ သဘောတူညီချက် စာချုပ်ချုပ်ဆိုနိုင်ဖို့ ညှိနှိုင်းသွားမှာပါ’ ဟု ပြောသည်။
အဆိုပါချုပ်ဆိုသွားမည့် သဘောတူစာချုပ်မှာ ဗီယက်နမ်၊ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ဝယ်ယူ မည့်ပုံစံကဲ့သို့ တင်ဒါခေါ်ယူပြီး ကာလအပိုင်းအခြားအလိုက် တင်သွင်းရမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။ လက်ရှိအချိန်၌ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ ဆန်တန်ချိန် ငါးသိန်းဝယ်ယူတင်သွင်းရန် ညှိနှိုင်းထားပြီး ဖြစ်သည်။
ပြည်တွင်း ဆန်လိုအပ်ချက် မြင့်မားနေသော ဖိလစ်ပိုင်နိုင်ငံက တရုတ်၊ အိန္ဒိယ၊ သြစတြေးလျနိုင်ငံ အပါအဝင် ကမ္ဘာ့ဆန်တင်ပို့သည့် နိုင်ငံများကလည်း ဆန်ရောင်းချနိုင်ရန် ဖိတ်ခေါ်ထားသည်။
ဖိလစ်ပိုင်နိုင်ငံသည် ၂၀၁၄ ခုနှစ်က ဆန်တန်ချိန် ၁ ဒသမ ၇ သန်း ဝယ်ယူ တင်သွင်းထားပြီး ၂၀၁၅ ခုနှစ်တွင်လည်း ဆန်တန်ချိန် ၁ ဒသမ ၆ သန်း တင်သွင်းရမည်ဟု ခန့်မှန်းထားသည်
No comments:
Post a Comment