Tuesday, April 7, 2015

ယာဘကြောင်သူမှ မိသားစုဝင်ကို လိုက်လံ ခုတ်သတ် လင်မယားတစုံလုံးသေ

သျှမ်းသံတော်ဆင့် (ဖွေးနွမ်)

သျှမ်းပြည် မြောက်ပိုင်း တန့်ယန်း မြို့တွင် ယာဘကြောင် အမျိုးသား တဦးသည် မိမိ၏ ဇနီး သားနှင့် မိသားစု ဝင်အား ဓါးဖြင့် လိုက်ထိုးရာ လင်မယား တစုံလုံး ပွဲချင်းပြီး သေဆုံးပြီး မိသားစုဝင်မှာ အပြင်း အထန် ဒဏ်ရာ ရရှိ သွားကြောင်း ဒေသတွင်း သတင်း ရပ်ကွက်က ဆိုပါသည်။

မတ်ခ်ျလ ၂၉ ရက် ည ၈ နာရီက သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ နမ့်လောင်းကျေးရွာအုပ်စု မြောက်ပိုင်း( ကောင်းမလန်း ) ရပ်ကွက်သား လားဟူအမျိုးသား မောင်သျှီ အသက် ၃၀ နှစ် သည် ယာဘဆေးကြောင်ရာမှ အသက် ၁၉ နှစ်ရှိ ၎င်း၏ ဇနီး အေးမီနာ အား ဓါးဖြင့်လိုက်ထိုးရာ နှလုံးထိ၍ ဇနီးဖြစ်သူ ပွဲချင်းပြီး သေဆုံးကြောင်း ကောင်းမလန်းရွာသူကြီး စိုင်းစံခင်ကပြောသည်။

“အိမ်နီးနားချင်းတွေရောက်လာတော့ မောင်သျှီက အသက် ၃ နှစ်အရွယ် သူ့သား အရရင်း ဂျဖူးနဲ့ သူ့ယောက္ခထီး ဂျထီးကို ဓါးနဲ့ထပ်ပြီးလိုက်ထိုးနေပြီ။ အဲ့ချိန်မှာ ဂျထီးရဲ့လက်မှာထိသွားပြီ။ သူ့သားဂျဖူးလည်း ဘယ်ရင်အထက်ပိုင်းက ပုခုံးရိုးနားမှာဒဏ်ရာရထားတယ်။ ” ဟု ပြောပြသည်။

ရွာသားများအား မြင်တွေ့ချိန် မောင်သျှီသည် မိမိကိုယ်ကို ပြန်လည်ထိုးသတ်ကာ ပွဲချင်းပြီးထပ်မံသေဆုံးသွားကြောင်း၊ ဒဏ်ရာအပြင်းအထန်ရရှိသော သားဖြစ်သူနှင့် ယောက္ခထီးတို့မှာ မိုင်းကောင် ဆေးရုံသို့ပို့ဆောင်ဆေးကုလိုက်ပြီး သေဆုံးသွားသော အေးမီးနာကိုမူ ညတွင်းချင်း မြေမြုပ်သဂြိုလ်ပေးလိုက်ပြီဖြစ်ကြောင်းလည်း ရွာသားများကပြန်လည်ပြောပြသည်။

၎င်းနှင့်ပတ်သက်၍ နမ့်လောင်းအုပ်စုဒေသခံများက အစိုးရတပ်မတော်နှင့်တိုင်းရင်းသားတပ်ဖွဲ့တို့ ပြန်လည်ပစ်ခတ်တိုက်လိုက်လာသည့်နောက်ပိုင်း ယာဘ မူးယစ်ဆေးဝါးများပြန်လည်ပေါများလာပြီး မူးယစ်ဆေးကြောင့် မှုခင်းကျူးလွန်မှု လူသတ်မှုလည်း နေ့တိုင်းဖြစ်ပေါ်နေကြောင်းပြောဆိုပါသည်။

No comments: