Monday, April 27, 2015

အနုပညာရှင်များ၏ ပုံတူ ပန်းပု ပြသထားရေး စိတ်ဝင်စားကြသော်လည်း ဝေဖန်မှုများရှိ

မိုးသူ

ယဉ်ကျေးမှုဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ဆောင်ရွက်မည့် ရုပ်ရှင်၊ သဘင်၊ ဂီတ နယ်ပယ်များမှ ပြည်သူချစ်သော အနုပညာရှင်များ၏ Life Size ပုံတူကို ယဉ်ကျေးမှုစင်တာတွင်ထားရှိမည့် အစီအစဉ်ကို ဧပြီ ၂၂ ရက်က နိုင်ငံပိုင် သတင်းစာများတွင် ကြေညာလိုက်ရာ အနုပညာရှင်များက စိတ်ဝင်စားကြသော်လည်း စီစဉ်မှုများအပေါ်တွင် ဝေဖန်မှုများ ရှိခဲ့သည်။

အဆိုပါ အစီအစဉ်တွင် စာပေအနုပညာရှင်များ၏ ပုံတူ ထုလုပ်ရန် မပါဝင်ခြင်းနှင့် ပန်းပု ထုလုပ်ရာတွင် မိမိငွေကြေးဖြင့် ထုလုပ်ရမည့် အပေါ် ဝေဖန်ကြခြင်း ဖြစ်သည်။

အကယ်ဒမီဆုရှင် မေသန်းနုက “မဆင့် ဒီကိစ္စကို စိတ်ဝင်စားတယ်။ နိုင်ငံတကာမှာလည်း ဒီလိုမျိုးတွေရှိတယ်။ အခုလိုမျိုး ပန်းပုထားရှိရေးကို အသင်းအဖွဲ့အစည်းအနေနဲ့ လုပ်ပေးရင် ပိုပြီးတော့ ကောင်းတယ်။ အခုဟာက ဌာနက လုပ်ပေးတာဘဲရှိတယ်။ ကိုယ့်ရုပ်ပုံကို ပြလည်း ပြချင်တယ်။ ကိုယ်ထူ ကိုယ်ထစနစ်ဖြစ်နေတော့ စိတ်ထဲတော့ မကောင်းဘူးပေါ့။ နိုင်ငံတကာမှာဆိုရင် အသင်းအဖွဲ့အစည်းတွေက လုပ်ပေးကြတာပါ” ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါ အနုပညာရှင်များ၏ Life Size ပုံတူကို လာမည့် ဇူလိုင်လတွင်၊ ကမ္ဘောဇရိပ်သာ၊ အမှတ် (၁၃၁)၊ ကမ္ဘာအေးဘုရားလမ်းရှိ ယဉ်ကျေးမှုစင်တာတွင် ထားရှိမည်ဖြစ်ပြီး တစ်နှစ်ခန့် ထားရှိမည် ဖြစ်သည်။ အနုပညာရှင်များ၏ Life Size ပုံတူ ပန်းပုပြသထားရှိရေးတွင် စာပေအနုပညာရှင်များ မပါဝင်ခြင်းနှင့် ပတ်သက်ပြီး ဒါရိုက်တာပန်းချီစိုးမိုးက “ သာမန်အနုပညာ ရှင်တစ်ဦးက ခပ်ညံ့ညံ့ ပန်းပုဆရာကို အပ်ပြီးတော့ ပြသမယ်ဆိုရင် ပြဖို့ဖြစ်ပါ့မလား၊ ဒီကိစ္စမှာ စာပေသမားတွေလည်း ပါကိုပါရမယ်။ အနုပညာရှင် စာရင်းထဲမှာ စာပေ၊ အနုပညာ၊ သဘင်၊ ဂီတဆိုတာ ပါတယ်။ ကမ္ဘာ့သမိုင်းဝင် ချင်တယ်ဆိုရင်တော့ စာပေအနုပညာရှင် ပါရမယ်။ ထင်ပေါ်ကျော်ကြားတဲ့စာပေ သမားကြီးတွေ အများကြီးရှိတယ်။ နောက်တစ်ခုက ကိုယ်ပိုက်ဆံနဲ့ ကိုယ်ထုတာတော့ မကောင်းဘူးပေါ့” ဟု ဆိုသည်။

ယင်းကဲ့သို့ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်သည် အနုပညာရှင်များ၊ အဆိုတော်များ၊ အကယ်ဒမီ ဆုရှင်များ၊ ထင်ရှားကျော်ကြားသော ရုပ်ရှင်သရုပ်ဆောင်များအား လာရောက်ကြည့်ရှုနိုင်ရေး၊ အမှတ်တရ ဓာတ်ပုံရိုက်ယူ နိုင်ရေး စသည့် ရည်ရွယ်ချက်ဖြင့် ပြသ ထားရှိခြင်း ဖြစ်သည်။

ယင်းပုံတူ ပန်းပုထားရှိရေးနှင့် ပတ်သက်ပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) သင်တန်းရေးရာဌာန ၊ ဌာနမှူး ဦးသစ်လွင်စိုးက “ကျွန်တော်တို့ ဘယ်နေ့နောက်ဆုံးဆိုတာကို ညှိနှိုင်း ပြီးရင် ကြေညာသွားမှာပါ။ ပန်းပုထုလုပ်တဲ့ ကာလကိုတော့ သုံးလလောက်တော့ သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှု စင်တာတစ်ခု ဖွင့်ဖို့ရှိတယ်။ အခုလည်း ဖွင့်ထားပါတယ်။ အဲဒီမှာ လုပ်ငန်းတစ်ရပ် အနေနဲ့ ပြသထားမှာပါ။ ထင်ပေါ်ကျော်ကြားတဲ့ ရုပ်ရှင်၊ သဘင်၊ ဂီတက အနုပညာရှင်တွေရဲ့ ပုံတူကို ပြသမှာပါ။ စာပေကတော့ ကျွန်တော်တို့ ပြန်ညှိနှိုင်းပြီးရင် ကြေညာသွားပါ့မယ်” ဟု ပြောသည်။

ပြည်သူချစ် အနုပညာရှင်များ၏ Life Size ပုံတူထားရှိရေးတွင် အနုပညာရှင်များသည် မိမိကြိုက်နှစ် သက်သော ပန်းပုဆရာများတွင် အပ်နှံ၍လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်၊ မန္တလေး) တွင် အပ်နှံ၍လည်းကောင်း ထုလုပ်ပြသနိုင်သည်။ ထုလုပ်ပြသထားသည့် ပုံတူများကို ယဉ်ကျေး မှုစင်တာတွင် အများပြည်သူများ ကြည့်ရှုနိုင်ရန် တစ်နှစ်ခန့် ပြသထားရှိမည်ဖြစ်ပြီး ဆက်လက်ပြသ ထားရှိရေးအတွက် အနုပညာရှင်များ၏ သဘောဆန္ဒအတိုင်း ပြတိုက်သို့ လှူဒါန်းခြင်း(သို့) အနုပညာရှင်များသို့ ပြန်လည်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

No comments: