Monday, April 27, 2015

ဆယ်ကျော် သက်အား အဓမ္မ ပြုကျင့်ဖို့ ကြိုးစားသည့် တပ်မတော်သား ထိုက်သင့်သော ပြစ်ဒဏ် ပေးဖို့ ခရိုင် တရားရုံး သို့ရွာသားများ တိုင်တန်း

သျှမ်းသံတော်ဆင့်

သျှမ်းပြည် တောင်ပိုင်း လွယ်လင်ခရိုင်က အသက် ၁၄ နှစ်အရွယ် ဒေသခံ အမျိုးသမီးငယ် တဦးအား အဓမ္မ ပြုကျင့်ရန် ကြိုးပမ်းသည့် တပ်မတော် အရာရှိငယ် တဦးအား အရေး ယူပေးရန် လွိုင်လင် မြို့နယ် အုပ်ချုပ်ရေး ရုံးသို့ ရွာသားများ သွားရောက် တိုင်တန်း ကြသည်။

ဧပြီ ၁၇ ရက်နေ့က လွယ်လင်မြို့မှ တောင်ကြီးအတက်လမ်းရှိ လွယ်လင်နှင့် ၃ မိုင်ကျော် ဝေးသည့် တောင်နောဝ့် ကျေးရွာအုပ်စု ဘက် လှုပ်ရှားသည့် ပင်လုံအခြေစိုက် ခမရ ၅၁၃ မှ အင်အား ၅၀ ကျော်ရှိ စစ်ကြောင်းမှ အရာရှိငယ်တဦးသည် အသက် ၁၄ နှစ်အရွယ် ကုန်းကွန်းရွာသူ တဦးကို အဓမ္မ ပြုကျင့်ဖို့ ကြိုးစားခဲ့ခြင်းဖြစ်သည်။

“ အဲဒီ စစ်ကြောင်းကို ဗိုလ်မှူး အောင်မြင်သူ နဲ့ ဗိုလ်ကြီး ကျော်မြင့်နိုင်တို့ ဦးဆောင်တာဖြစ်တယ်။ ကလေးမကို မုဒိန်းကျင့်ဖို့ကြံတာကတော့ သူတို့ရဲ့လက်အောက်ခံ တပ်ကြပ်အဆင့် ဆရာမြင့်သိန်း ဆိုသူဖြစ်တယ်” ဟု ရွာသားတဦးကပြောသည်။

တပ်ကြပ်မြင့်သိန်းသည် ဧပြီ ၁၇ ရက် ည ၆ နာရီက အဆိုပါ မိန်းခလေး၏ အိမ်ပေါ်သို့တက်လာပြီး အဓမ္မပြုဖို့ ကြိုးပမ်းစဉ် မိဘများ ယာခင်းမှ ပြန်လာသည့် အချိန်ဖြစ်သဖြင့် အဓမ္မ ပြုကျင့်မှု ဘေးမှ လွှတ်မြောက်ခဲ့ရကြောင်း အမျိုးတော်စပ်သူကပြောပါသည်။

စစ်ကြောင်းမှူး ဗိုလ်မှူးအောင်မြင်သူက ကျူးလွန်သည့်၎င်း၏ လက်အောက်ငယ်သားအား ကျေနပ်သည်အထိ ရိုက်နှက် ပြစ်ဒဏ်ပေးမည်ဟုပြောဆိုသော်လည်း ရွာသားများ လက်မခံဘဲ တရားရုံးတော်မှ ထိုက်ဒဏ်သည့် ပြစ်ဒဏ်ချမှတ်ပေးဖို့ ဧပြီ ၂၂ ရက်နေ့ ၃ နာရီကျော်က သွားရောက်တိုင်တန်းခဲ့သည်။

သို့သော် တရားရုံတွင် တာဝန်ရှိ ဆိုင်ရာ အရာရှိမရှိဟုဆိုကာ အမှု လက်ခံထားခြင်းမရှိကြောင်း ရွာသားများကပြောသည်။

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ကမူ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်၌ သျှမ်းပြည်တွင်း အစိုးရ စစ်တပ်၏ လိင်အကြမ်းဖက် ခံရသည့် အမျိုးသမီးများ အဆက်မပြတ် ရှိနေသေးကြောင်းပြောဆိုပါသည်။

No comments: