Monday, April 27, 2015

အာဆီယံစည်းဝေးမှာ မြန်မာဒုက္ခသည် အကြောင်း ဆွေးနွေးနိုင်

ABC

ဒီကနေ့ ​စတင်မယ့် ​အရှေ့တောင်အာရှ ​နိုင်ငံများအသင်း ​အာဆီယံ ​အစည်းအဝေးမှာ ​မြန်မာနိုင်ငံရဲ့ ​ဒုက္ခသည် ​ပြဿနာအကြောင်း ​ဆွေးနွေးနိုင်တယ်လို့ ​သိရပါတယ်။

ဒီကနေ့ကစပြီးတော့ ​အာဆီယံ ​နိုင်ငံခြားရေး ​ဝန်ကြီး ​၁၀ ​ဦးက ​မလေးရှားနိုင်ငံမှာ ​၂၆ ​ကြိမ်မြောက် ​အာဆီယံ ​အစည်းအဝေး ​နှစ်ရက်ကြာ ​ကျင်းပမှာ ​ဖြစ်ပါတယ်။

ဒီကနေ့မှာပဲ ​အာဆီယံ ​အဖွဲ့ဝင်တွေရဲ့ ​ပူးတွဲ ​ထုတ်ပြန်ချက်ကို ​ထုတ်ပြန်ဖို့ ​ရှိတယ်လို့လည်း ​သိရပါတယ်။

အစည်းအဝေး ​ဖွင့်ပွဲကို ​ကွာလာလမ်ပူ ​မြို့မှာ ​ပြုလုပ်ခဲ့ပေမယ့် ​ပိတ်ပွဲကိုတော့ ​Langkawi ​မှာ ​ပြုလုပ်ဖို့ ​ရှိပါတယ်။

အစီအစဉ်အရ ​အာဆီယံ ​အသင်းဝင်အတွင်း ​ပူးပေါင်းမှုကို ​ပြတဲ့ ​အာဆီယံ ​အသိုင်းအဝိုင်းကို ​၂၀၁၅ ​ခုနှစ်အတွင်း ​အပြီးသတ် ​လုပ်ဆောင်ဖို့ ​စီစဉ်နေကြပါတယ်။

အဲဒီလို ​သတ်မှတ်တဲ့အချိန် ​နီးကပ်လာတဲ့အတွက် ​ဒီအစည်းအဝေးမှာ ​အာဆီယံ ​အသိုင်းအဝိုင်းပေါ်ပေါက်ရေး၊ ​အသင်းဝင် ​နိုင်ငံတွေအကြား ​ရှိနေတဲ့ ​ဖွံ့ဖြိုးရေး ​ကွာဟမှုတွေကို ​အတတ်နိုင်ဆုံး ​ဖြေရှင်းဖို့၊ ​လွတ်လပ်တဲ့ ​ကုန်သွယ်ရေး ​ပေါ်ထွန်းလာဖို့တို့ကို ​လုပ်ဆောင်မယ်လို့ ​ခန့်မှန်း
နေကြပါတယ်။

ဒါ့အပြင် ​မြန်မာနိုင်ငံရဲ့ ​ဒုက္ခသည် ​ပြဿနာ၊ ​တောင်တရုတ်ပင်လယ် ​အငြင်းပွားမှု ​ပြဿနာနဲ့ ​IS ​အစ္စလာမ်မစ် ​အဖွဲ့ကြောင့် ​ရင်ဆိုင်နေရတဲ့ ​လုံခြုံရေး ​ပြဿနာ ​အကြောင်းကိုလည်း ​ဦးစားပေး ​ဆွေးနွေးဖို့ ​ရှိပါတယ်။

အီးယူနဲ့ ​အာဆီယံတို့ ​ဆွေးနွေးပွဲ ​ပြန်စဖို့ ​သဘောတူ

မနေ့ ​တနင်္ဂနွေနေ့မှာတော့ ​အာဆီယံနဲ့ ​ဥရောပ ​သမဂ္ဂ ​အီးယူတို့က ​လွတ်လပ်စွာ ​ကုန်သွယ်ရေး ​အကြောင်း ​ပြန်လည် ​ဆွေးနွေးဖို့ ​သဘောတူညီခဲ့ကြပါတယ်။

အီးယူနဲ့ ​အာဆီယံတို့ ​၂၀၀၇ ​ခုနှစ်တုန်းက ​လွပ်လပ်စွာ ​ကုန်သွယ်ရေးအတွက် ​စတင်ဆွေးနွေးလာတာ ​ဖြစ်ပေမယ့် ​၂၀၀၉ ​ခုနှစ်ကစပြီး ​ဆွေးနွေးမှု ​ပျက်ပြားခဲ့ပါတယ်။

အကြောင်းရင်းကတော့ ​အာဆီယံ ​အဖွဲ့ဝင် ​ဖြစ်တဲ့ ​မြန်မာနိုင်ငံရဲ့ ​လူ့အခွင့်အရေး ​ချိုးဖောက်မှုတွေနဲ့ ​ပတ်သက်ပြီး ​အခြေအတင် ​ဖြစ်ရာက ​အီးယူ- ​အာဆီယံ ​ဆွေးနွေးမှုကို ​ရပ်ဆိုင်းခဲ့တာ ​ဖြစ်ပါတယ်။

ဒါပေမဲ့ ​အခုအခါမှာ ​ဆွေးနွေးမှု ​ပြန်စဖို့ ​သဘောတူခဲ့ကြပြီး ​ဒီနှစ်ကုန်လောက်မှာ ​စတင်ဖို့ ​သဘောတူခဲ့ကြတယ်လို့ ​ပူးတွဲ ​ကြေညာချက် ​တစ်စောင် ​ထွက်ပေါ်လာပါတယ်။

အာဆီယံ ​အသင်း ​တစ်ခုလုံးနဲ့ ​လွတ်လပ်စွာ ​ကုန်သွယ်မှု ​လုပ်လိုသလို ​အီးယူက ​မလေးရှား၊ ​ထိုင်း၊ ​ဗီယက်နမ်နိုင်ငံတို့နဲ့လည်း ​သီးသန့် ​တွေ့ဆုံပြီး ​ကုန်သွယ်ရေးအကြောင်း ​ဆွေးနွေးခဲ့ကြပါတယ်။

အီးယူဟာ ​အာဆီယံနိုင်ငံတွေအတွက် ​ဒုတိယအကြီးမားဆုံး ​ကုန်သွယ်ဘက် ​ဖြစ်ပြီး ​အရင်နှစ်က ​ကုန်သွယ်ရေးတန်ဖိုး ​ဒေါ်လာ ​၂၄၈ ​ဘီလီယံ ​ရှိခဲ့သလို ​အာဆီယံအတွက် ​တိုက်ရိုက် ​ရင်းနှီးမြုပ်နှံမှုမှာ ​အများဆုံး ​လုပ်ကိုင်တဲ့ ​ကုန်သွယ်ဘက်လည်း ​ဖြစ်ပါတယ်။


အာဆီယံ ​အစည်းအဝေး ​မကျင်းပခင် ​အကြမ်းဖက်ဖို့ ​ကြိုးစားမှုရှိလို့ဆို

အာဆီယံ ​အသင်းဝင် ​နိုင်ငံခြား ​ဝန်ကြီးများ ​အစည်းအဝေး ​မကျင်းပခင် ​ရက်ပိုင်းတုန်းကပဲ ​မလေးရှား ​ရဲတွေက ​လူ ​၁၂ ​ယောက်ကို ​ဖမ်းဆီးပြီး ​ဖောက်ခွဲရေး ​ပစ္စည်းတွေကိုလည်း ​သိမ်းဆည်း ​ရမိထားပါတယ်။

IS ​အဖွဲ့နဲ့ ​ဆက်စပ်နေတဲ့ ​အဖွဲ့က ​မြို့တော် ​ကွာလာ ​လမ်ပူမြို့မှာ ​အကြမ်းဖက်မှု ​လုပ်ဖို့ ​ကြိုးစားနေတယ်လို့ ​ရဲတွေက
ပြောပါတယ်။

အာဆီယံ ​အစည်းအဝေး ​ကျင်းပတဲ့ ​နေရာနဲ့ ​အနီးတစ်ဝိုက်မှာတော့ ​လုံခြုံရေးတွေ ​တင်းကြပ်နေတယ်လို့ ​သိရပါတယ်။

No comments: