Monday, April 27, 2015

Miss World Myanmar 2015 ပြိုင်ပွဲ အတွက် မေ ၄ရက်တွင် ဆန်ကာတင် အယောက် ၂၀ ရွေးမည်

ပန်းမြတ်ဇော်

Miss World Myanmar 2015 ပြိုင်ပွဲ အတွက် ဆန်ကာတင် အယောက် ၂၀ ရွေးချယ်မှုကို မေလ ၄ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ပြုလုပ်မည့် ပွဲနေရာကို မသတ်မှတ်ရသေးကြောင်း ပြိုင်ပွဲစီစဉ်သူ Forever Group ၊ Forever BEC-Tero ၏ ဌာနေမန်နေဂျာ ကိုစိုးသူရက မဇ္ဈိမကို ပြောသည်။

ကမ္ဘာ့ အလှမယ်ပြိုင်ပွဲများတွင် အကြီးကျယ်ဆုံးပြိုင်ပွဲ တစ်ခုဖြစ်သည့် မယ်ကမ္ဘာ ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် နိုင်ငံကိုယ်စားပြု အလှမယ် ရွေးချယ်ပွဲ Miss World Myanmar ကို Forever BEC-Tero မှ ၂၀၁၄ ခုနှစ် တွင် စတင် ကျင်းပ စေလွှတ် ခဲ့ပြီး ယခု တစ်ကြိမ်သည် ဒုတိယ အကြိမ်မြောက် ဖြစ်သည်။

ကိုစိုးသူရက " ကျွန်တော်တို့ ဧပြီ ၃၀ ရက် နောက်ဆုံးထားပြီး လျှောက်လွှာတွေ ခေါ်ယူထားပါတယ်။ လာရောက် လျှောက်ထားတဲ့ သူတွေထဲက အယောက် ၄၀ အရင်ရွေးမယ်။ အယောက် ၄၀ ထဲကနေမှ ဆန်ခါတင် အယောက် ၂၀ ကို ထပ်ရွေးမှာပါ" ဟု ပြောသည်။

Miss World Myanmar 2015 ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် လျှောက်လွှာများကို ဧပြီ ၂၄ ရက် မှ စတင်ကာ ဧပြီ ၃၀ ရက် နောက်ဆုံးထား လျှောက်ထား ရမည် ဖြစ်သည်။ ယခု အခါ ပြိုင်ပွဲဝင် လျှောက်လွှာများကို ရန်ကုန်မြို့ အပြင် မန္တလေး၊ တောင်ကြီးမြို့များတွင်လည်း လျှောက်လွှာများကို ခေါ်ယူ ထားသည်။

လျှောက်လွှာများ လက်ခံပြီးပါက လာရောက် လျှောက်ထားသူများထဲမှ အယောက် ၄၀ ပဏာမ ရွေးချယ်မည် ဖြစ်ကာ ဝိတိုရီယ ဆေးရုံတွင် ဆေးစစ်ချက် များ ပြုလုပ်မည် ဖြစ်ပြီး အင်တာဗျူးများ ပြုလုပ်သွားမည် ဖြစ်သည်။

ပြိုင်ပွဲ အတွက် ပဏာမ ရွေးချယ်ထားသည့် အယောက် ၄၀ တွင်းမှ ဧပြီ ၄ ရက်တွင် ဆန်ကာတင် အယောက် ၂၀ ရွေးချယ်မည် ဖြစ်သည်။ ရွေးချယ်ခံရသည့် ဆန်ကာတင် အယောက် ၂၀ ကို တစ်လခွဲကြာ လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံ ဖူးခက်တွင် ၁ ပတ်ကြာ လေ့ကျင့်မှုများ ပြုလုပ်ပေးမည် ဖြစ်သည်။

Miss Myanmar World 2015 ပြိုင်ပွဲတွင် Winner ဆု ရရှိသူသည် သိန်း ၂၀၀ တန်ဖိုးရှိ သရဖူ အပြင် ငွေကျပ် သိန်း ၁၀၀ နှင့် တခြား ဆုများစွာ ရရှိမည် ဖြစ်ပြီး၊ 1st runner up ကို ကျပ် သိန်း ၅၀၊ 2nd runner up ရရှိသူကို ငွေကျပ် သိန်း ၃၀ ချီးမြှင့်မည်ဖြစ်ပြီး အခြားသော ဆုပေါင်း များစွာ လည်း ရရှိမည် ဖြစ်သည်။

Miss World 2014 အလှမယ် ပြိုင်ပွဲ နောက်ဆုံး ပြိုင်ပွဲကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ဒီဇင်ဘာလ ၁၄ ရက်တွင် ပြုလုပ် ခဲ့ပြီး နိုင်ငံ အသီးသီးမှ အလှမယ် ၁၂၁ယောက် ပါဝင် ယှဉ်ပြိုင် ကြသည်။ ယခုနှစ်တွင် Miss World 2015 ပြိုင်ပွဲကို စက်တင်ဘာလ၌ အင်ဒိုးနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသည်။

No comments: