စိုင်းအောင် စနေနေ့၊ 14 ဖေဖော်ဝါရီလ 2009
တရုတ်နယ်စပ် မူဆယ်မြို့နှင့် မိုင် (၃၀) ကျော်ကွာဝေးသည့် နမ့်ဖတ်ကာမြို့ပေါ်ရှိ တရုတ်ဖုန်းများကို အာဏာပိုင်များက လိုက်လံသိမ်းယူ နေကြောင်း သိရသည်။
နမ့်ဖတ်ကာမြို့သည် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိမြို့တစ်မြို့ဖြစ်ပြီး ယခုလ (၁၀) ရက်နေ့ ညသန်း ကောင်ယံ ချိန်ခန့်က အဆိုပါမြို့နှင့် မိုင်အနည်းငယ်ဝေးသည့် နေရာ၌ အမည်မသိလက်နက်ကိုင် ဆောင်သူများက ကုန်ကားကြီးသမားများထံမှ ငွေတောင်းယူခဲ့သည်။
အခင်းဖြစ်ပြီး နောက်တစ်နေ့တွင် နမ့်ဖတ်ကာရှိ ဒေသခံများကိုင်ဆောင်သည့် တရုတ်ပြည်တွင်းသုံး နံပတ်(ရ)လုံးပါ ဖုန်းများကို အာဏာပိုင်များက သိမ်းယူနေခြင်းဖြစ်သည်။
တရုတ်ပြည်တွင်းသုံး ဖုန်းအမျိုးမျိုးကို နယ်စပ်တစ်လျောက်ရှိ ဒေသခံများက ၀ယ်ယူ အသုံးပြုရာတွင် မူဆယ်-နမ့်ခမ်းနှင့် နယ်စပ်တစ်လျောက်၌ အဆိုပါ တရုတ်ဖုန်းများသည် အမြင့်တွင်တိုင်ထောင်စရာမလိုပဲ အလွယ်တကူပြောဆိုနိုင်ပြီး နမ့်ဖတ်ကာတွင် တိုင်ထောင်၍ အသုံးပြုရကြောင်း ဒေသခံက အခုလိုပြောသည်။
“ နမ့်ဖတ်ကာမှာ တရုတ်ဖုန်းဆိုရင် အိမ်ပေါ်မှာတိုင်ထောင်ထားရတယ် မထောင်ရင်မရဘူး တရုတ်ဖုန်းရှိရင် အာဏာပိုင်တွေလည်း သိရတယ်ပေါ့ ဒါကြောင့်သူတို့က အရင်ကတည်းက ဖုန်းရှိတဲ့အိမ်ဆို စာရင်းယူထားတယ်၊ ဟိုတစ်နေ့က ကားငွေ တောင်းတာဖြစ်ပြီး နောက်တစ်ရက်ဆိုဘာမှမပြောဘဲတရုတ်ဖုန်းတွေ အကုန်လာသိမ်းသွားတယ် သိမ်းသွားတယ်” ဟု ၄င်းဒေသခံက သျှမ်းသံတော်ဆင့်ကိုပြောပြသည်။
တရုတ်ပြည်မှ ၀ယ်ယူသည့် အထိုင်ဖုန်းတစ်လုံးလျင် တရုတ်ယွမ်ငွေ (၄၆၀) ကုန်ကျပြီး ဧရိယာတိုင်တစ်ချောင်းလျင် ယွမ်ငွေ (၈၀) ပေးရသဖြင့်စုစုပေါင်း ယွမ် (၅၀၀) ကျော်ခန့်သာကုန်ကျကာ မြန်မာငွေနှင့်တွက်လျင် ကျပ် ၁ သိန်းပင် မကျသဖြင့် ဒေသခံများ အသုံးများကြောင်းသိရသည်။
“သိမ်းသွားတာတော့ သူတို့အကြောင်းနဲ့သူတို့ပေါ့ ဒီအခုသိမ်းသွားတဲ့ဖုန်းတွေလည်းနောက်ပိုင်းပြန်ပေးမယ်ဆို ငွေဘယ် လောက် နဲ့လာရွေးပါ ဆိုတာ ဒဏ်ငွေရိုက်မှာပဲ လူကြီးတွေပိုက်ဆံရအောင် လုပ်တာပဲဖြစ်မှာပဲ” လို့ အဆိုပါ ဒေသခံက ပြောပြသည်။
No comments:
Post a Comment