Tuesday, February 17, 2009

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဒု-ဥက္ကဌ နိုင်ငွေသိမ်းကို အမျိုးသားပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆု ချီးမြှင့်

Kaowao

ဘာပဲဖြစ်ဖြစ် အာဏာရအဖွဲ့အစည်းက သူမကြိုက်တဲ့ အလုပ်လုပ်ရင် သူ့တ ရားသူကြီး၊ သူရဲ့ရဲတွေက ထောင်ချဖို့ ပဲရှိတယ်။ ဒါတွေကို ကျွန်တော်တို့ ခံနိုင်င်ရည်ရှိဖို့လိုတယ်၊

မြန်မာနိုင်ငံမှ တိုင်းရင်းသားခေါင်းဆောင်အချို့နှင့် မွန်အမျိုးသားဒီမိုကရေစီ ဒု-ဥက္ကဌ နိုင်ငွေသိမ်းတို့အား အမျိုးသား ပြန်လည် သင့်မြတ်ရေး သူရဲကောင်း ဆု ချီးမြှင့်ပွဲကို နော်ဝေးနိုင်ငံ၊ အော်စလိုမြို့၌ လွန်ခဲ့သည့် အောက်တိုဘာလ (၁၄)ရက်နေ့က ကျင်းပ ခဲ့ပါသည်။ ဤဆုကို နော်ဝေးနိုင်ငံရောက်(၈၈)မျိုး ဆက်ကျောင်းသား များနှင့် မြန်မာတိုင်းရင်းသားများက မြန်မာနိုင်ငံရေးတွင် ကိုယ်ကျိုးမဖက် တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သူများကို ဒုတိယပင်လုံတွင် ပါဝင်လှုပ်ရှားခဲ့သူများအဖြစ် အသိအမှတ်ပြု၊ သတ်မှတ်ဂုဏ်ပြုခြင်းလည်း ဖြစ်သည်။

အဆိုပါ ဆုပေးပွဲကို နိုင်ငွေသိမ်း မတက်ရောက်နိုင်ခဲ့သော်လည်း Kaowao News group အယ်ဒီတာက နိုင်ငွေသိမ်းကို မေးမြန်း ခဲ့ရာတွင် “ကျွန်တော်တို့နိုင်ငံရေးလုပ်တာ ဆုတွေရဖို့ မျှော်လင့်ချက်နဲ့လုပ်တာ မဟုတ်ဘူး။ ကျွန်တော်တို့တိုင်းပြည် လိုအပ်ချက်က ဒီမိုကရေစီရေးနှင့် တန်းတူရေးရဖို့ပဲ။ အခုလိုဆုပေးတာကို ဝမ်းသာစရာ ကောင်းတော့ကောင်းပါတယ်၊ ကျွန်တော်မွန်တယောက်အနေနဲ့ ဂုဏ်ယူစရာဖြစ်သလို နောက်ထပ် မွန်အမျိုးသား တွေနဲ့ရော တိုင်းရင်းသားတွေနဲ့ပါ လက်တွဲပြီး အလုပ်ဆက်လုပ်ဖို့၊ ကျွန်တော့်စိတ်မှာ တော့ နောက်ဆက်လုပ်စရာ တွေ အများကြီးရှိပါသေးတယ်၊ တွန်းအားပေးရင်း နောက်မဆုတ်ဖို့ပဲ။ ကျွန်တော်တို့ တိုင်းရင်းသားတွေ အားလုံး တွေ့ဆုံဆွေးနွေးပြီး ဒီမိုကရေစီရေးနဲ့ တန်းတူအခွင့်အရေးရဖို့ ဆက်ပြီးကြိုးပမ်း သွားရမှာပဲ။

ကျွန်တော်အနေနဲ့ ဆိုရင် ဝါရင့်နိုင်ငံရေးအဖွဲ့တွေပါဝင်ပြီး တွေ့ဆုံဆွေးနွေးပါ၊ တန်းတူရေးနဲ့ ဒီမိုကရေစီဖြစ်အောင် လုပ်ပါ၊ အဲဒါကို ကျွန်တော်တို့တောင်းတတယ်။ အဲဒီလိုဖြစ်မြောက်အောင် အဖွဲ့အစည်းအသီးသီးက တိုင်းရင်းသားခေါင်းဆောင်၊ NLD ခေါင်းဆောင်၊ ကျောင်းသား၊ ဒီမိုကရေစီ အင်အားစုတို့ အားလုံးကို လွှတ်ပေးပြီး နိုင်ငံရေးဖြစ်ပေါ်နေတဲ့ဟာကို နိုင်ငံရေးအရ ဖြေရှင်းဖို့ပဲလိုတယ်။ ကျွန်တော်တို့တိုင်းပြည် ဒီမိုကရေစီနဲ့ လူအခွင့်အရေး တန်းတူရေးမရမခြင်း ဆက်လက် လက်တွဲချီတက်သွားရမယ်၊ ဘာပဲဖြစ်ဖြစ် အာဏာရအဖွဲ့အစည်းက သူမကြိုက်တဲ့ အလုပ်လုပ်ရင် သူ့တရားသူကြီး၊ သူတို့ရဲတွေက သူတို့ဥပဒေနဲ့ ထောင်ချဖို့ပဲရှိတယ်။ ဒါတွေကို ကျွန်တော်တို့ ခံနိုင်ရည်ရှိဖို့လိုတယ်၊ တန်းတူရေးနဲ့ ဒီမိုရေစီမရမခြင်း သူတို့ဖိနှိုပ်ပါစေ ဆက်လက်ချီတက်ဖို့လိုတယ်” ဟု ပြောကြားခဲ့ပါသည်။

ဤဆုကို နိုင်ငွေသိမ်းနှင့်အတူ ယမန်နှစ်က လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရသူ ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာလာဖန်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်းထွန်းဦး (ထောင်ဒဏ်ကျခံနေရဆဲ)၊ ဇိုမီးအမျိုးသားကွန်ဂရက်မှ ပူကျင့်ရှင်းထန်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်တို့ ငါးဦးဖြစ်ကြပြီး တစ်ဦးကိုအမေရိကန် ဒေါ်လာတစ်ထောင်စီ ချီးမြှင့်ခံ ခဲ့ကြရသည်။

နိုင်ငွေသိမ်းကို(၁၉၂၃)ခု၊ မတ်လ(၁၉)ရက်နေ့တွင် ဖခင်နိုင်သာဒွန်း၊ မိခင် မိငွေသုန်တို့မှ ဖားအံမြို့နယ်၊ ထုံးအိုင် ကျေးရွာတွင် မွေးဖွားခဲ့သည်။ (၁၉၃၉)တွင် ဒုတိယကမ္ဘာစစ် ဖြစ်ပွားနေချိန်၌ ရန်ကုန်ဂျပ်ဆင်ကောလိပ်တွင် သိပ္ပံဘာသာတွဲကို သင်ယူခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်၌ ဆက်လက်ပညာ သင်ကြားခဲ့သည်။

ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA)အဖွဲ့ဝင်၊ အာရှလူငယ်အစည်းအရုံးဝင်၊ ရာမညတိုင်းလုံးဆိုင်ရာမွန်ရေးရာ အဖွဲ့ချူပ် အထွေထွေအတွင်းရေးမှူး(၁၉၄၈)အထိ၊ မွန်လူငယ်အဖွဲ့အထွေထွေအတွင်းရေးမှူး၊ ဗိုလ်ချုပ်အောင်ဆန်း ဖွဲ့စည်းခဲ့သော ပြည့်သူရဲဘော်တပ်ဖွဲ့တွင် ဝါဒဖြန့်ချိရေးတာဝန်ခံ၊ မွန်ရေးရာအဖွဲ့နှင့် မွန်တိုင်းရင်းသားအဖွဲ့ ပူးတွဲ တပ်ဖွဲ့၏ တာဝန်ခံ(၁၉၅၂)၊ မွန်ပြည်သူတပ်ဦး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ UNLD အမြဲတမ်း သဘာပတိ အဖွဲ့ဝင်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ ဒုဥက္ကဌအဖြစ်ဘဝတလျှေက်လုံးတွင် နိုင်ငံရေးလောက၌သာ ကျင်လည်ခဲ့ သည်။

၁၉၄၈၊ ဇူလိုင်လတွင် နိုင်ရွှေကျင်(ကွယ်လွန် - မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း)နှင့်အတူ မော်လမြိုင်ထောင်၊ (၁၉၆၃)နိုဝင်ဘာလတွင် အင်းစိန်ထောင်နှင့် နေအိမ်အကျယ်ချုပ် နှစ်နှစ်ခန့်ကြာ၊ ၁၉၉၁- နိုဝင်ဘလတွင် မော်လမြိုင်ထောင်၌ နိုင်ထွန်းသိန်း(မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဥက္ကဌ)၊ နိုင်ဗလတို့နှင့်အတူ(၃)နှစ်ခန့်၊ ၁၉၉၈ တွင် ဒေါက်တာမင်းစိုးလင်း(မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ အထွေထွေအတွင်းရေးမှူး) ဒေါက်တာမင်းကြည်ဝင်း (တွဲဖက်အတွင်းရေးမှူး မွန်အမျိုးသားဒီမိုကရေစီအဖွဲ့) တို့နှင့်အတူ မော်လမြိုင်ထောင်တွင်(၇)နှစ်ခန့် ကျခံခဲ့ဘူး သည်။


No comments: