Tuesday, February 17, 2009

ပစ်မှတ် (၁) တဦးတယောက်မှ တဖွဲ့လုံးသို့

ရဲဘော်ဖိုးသံချောင်း

နအဖရဲ့လမ်းပြမြေပုံအဆင့် (၇) မှာ ရေးမထားတဲ့ လုပ်ငန်း တရပ်ဟာ အခုအခါ တော်တော်လေး ပုံပေါ်လာနေပြီလို့ ယူဆရပါတယ်။ အဲဒါကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တရားဝင် နိုင်ငံရေး ပါတီတရပ်အဖြစ်ကနေ ဖယ်ရှားပစ်ဖို့ပဲ ဖြစ်ပါတယ်။

ပြောရရင် ဦးဝင်းတင်ကို ထောင်ကနေ လွှတ်လိုက်တယ်ဆိုကတည်းက နအဖဟာ နောက်ကွယ်မှာ အကြံပုပ်ဉာဏ်ယုတ် တခုခုတော့ ရှိလောက်တယ်လို့ လူတိုင်းက တွေးနေကြတာပါ။ ကိုမင်းကိုနိုင်တို့တသိုက်ကို ထောင်ကလွှတ်ပေး၊ ပြီးတော့ (၂၄) နာရီ အပြတ်ကပ်ထား၊ စောင့်ကြည့်၊ သူတို့နဲ့ဆက်သွယ်သူတွေကိုဆွဲ၊ တော်လောက်ပြီထင်တော့ ပြောလောက်တဲ့အကြောင်းပြချက် မရှိဘဲ အားလုံးကို (အပွားများနဲ့အတူ) ထောင်ထဲကို ဆွဲထည့်လုပ်ပါတယ်။ အခုလည်း ဦးဝင်းတင်ကို လွှတ်ပေးရတာအပေါ် အတတ်နိုင်ဆုံး အမြတ်ထုတ်နေ ပါတယ်။ အခုအခါ နအဖကိုယ်တိုင်ကဖြစ်စေ၊ သူတို့ရဲ့တပည့် လက်ကိုင်းတွေကဖြစ်စေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တိုက်ဆိုရင် အားလုံးလိုလိုပဲ ဦးဝင်းတင်ရဲ့ နာမည်ကို ထိပ်မှာတင်ပြီး တိုက်တာကို တွေ့နေရပါတယ်။ တိုက်တာမှ ဦးဝင်းတင် မပြောတာကို အပြော လုပ်ပြီး လိမ်ညာ သိက္ခာချတဲ့အထိ ကမ်းကုန်အောင် လုပ်ပါတယ်။ ကပြောင်းကပြန်လုပ်ဖို့ တမင်အင်တာဗျူးတာတွေတောင် လုပ်ပါတယ်။ စနစ်တကျလုပ်တာပါ။

နောက်တချက် မဖြစ်မနေ ထောက်ပြရမှာက နအဖနဲ့သူ့လက်ပါးစေတွေဟာ ဦးဝင်းတင်နဲ့ ဦးခင်မောင်ဆွေတို့ကို အောက်ခြေ လူငယ်ထုနဲ့ သိပ်ပေါင်းမိသွားမှာ၊ တခြားအဆင့် အသီးသီးခေါင်းဆောင်တွေနဲ့ သိပ်ညီညွတ်သွားမှာကို အကြီးအကျယ်စိုးရွံ့နေ ကြတယ်ဆိုတာပါပဲ။ ဒါကြောင့်မို့ သူတို့ရေးသမျှ ပြောသမျှမှာ ဦးဝင်းတင်နဲ့ ဦးခင်မောင်ဆွေကြောင့်ပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြိုကွဲသွားတော့မယောင်ယောင်၊ စစ်အစိုးရက မဖြစ်မနေအရေးယူရတော့ မယောင်ယောင် အာဘော်တွေ ဖန်တီးနေတာဖြစ်ပါတယ်။ တခါတလေဆိုရင် နအဖတပည့် ဆောင်းပါးရှင်တွေက ဦးဝင်းတင်နဲ့ဦးခင်မောင်ဆွေတို့ဟာ ကမ်းပါးစွန်းရောက်နေတဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကို ချောက်ကမ်းပါးထဲ တွန်းချနေတယ်လို့ ရေးပါတယ်။ ဒါဟာအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွင်း အချင်းချင်း သွေးခွဲပေးပြီး တရားခံရှာပေးနေတာပါပဲ။ ကြည့်လိုက်ရင် အဲဒီလိုရေးတဲ့လူတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ်မှာ တယ်လည်း စေတနာထားနေပါလားလို့တောင် အောချရမလိုဖြစ်ပါတယ်။ တကယ်ကျတော့ စစ်အစိုးရဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပိတ်ပင်ဖျက်သိမ်းပစ်ရင်တောင် လူတွေက ဦးဝင်းတင်ကို တရားခံအဖြစ်မြင်အောင် အခြေအနေတွေ ဖန်တီးနေတာ ဖြစ်ပါတယ်။

အခုလို ဦးဝင်းတင်အနားကို သူများတွေ မကပ်ရဲအောင်၊ မှိုင်းတိုက်ရာမှာ ဆောင်းပါးရေး သူတွေက ဦးဝင်းတင်ဟာ လက်ဝဲသမားဆိုပြီး ပုဒ်မတပ်တာလည်း ပါပါတယ်။ ဒါဖြင့် လက်ဝဲသမားဆိုတော့ရော ဘာဖြစ်လဲဆိုတာ မေးစရာလိုဖြစ်လာပါတယ်။ နအဖရဲ့ “စည်းကမ်းရှိတဲ့ ဒီမိုကရေစီ” ဘောင်ထဲမှာ လက်ဝဲသမားတွေအတွက် နေရာမရှိဘူးတဲ့လား။ ဒါဟာ စစ်ဗိုလ်တွေကျတော့ ဒီမိုကရေစီကို (၂ဝဝ) ရာခိုင်နှုန်းခံစားကြပြီး သူတို့မကြိုက်တဲ့လူကိုတော့ (ဝ) ရာခိုင်နှုန်းတောင် ခံစားခွင့်မပေးချင်ကြဘူးဆိုတာကို ဖော်ပြနေတာပါပဲ။

ပိုဆိုးတာက သူတို့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဗကပနဲ့ အတင်းဆွဲဆက်ပေးနေတာ ဖြစ်ပါတယ်။ ဗမာပြည်မှာပေါ်ပေါက်ခဲ့တဲ့ အစိုးရတိုင်း၊ အထူးသဖြင့် စစ်အစိုးရတိုင်းဟာ အတိုက်အခံတွေကို ဗကပနဲ့ ပတ်သက်တယ်လို့ လက်ညှိးထိုးပြီး ဖိနှိပ်၊ ချေမှုန်းတာ လုပ်လေ့ရှိကြပါတယ်။ လူတယောက်၊ အဖွဲ့အစည်း တခုဟာ ဗကပနဲ့ပတ်သက်သတဲ့ဆိုရင် သေဒဏ်ချလို့လည်း ရတယ်။ သေဒဏ်မချဘဲ အပျောက်ရှင်းလို့လည်း ရတယ်၊ လုပ်ချင်တာ လုပ်ပစ်လို့ ရတယ်ဆိုတဲ့ အစဉ်အလာကို ဗမာပြည်မှာ ဆိုရှယ်လစ်ပါတီနဲ့ ဗိုလ်နေဝင်းတို့က ထူထောင်ခဲ့တာပါ။ အခုတော့ နအဖကလည်း နိုင်ငံရေးချွတ်ခြုံကျလာတာနဲ့အမျှ ဒီနည်းလမ်းဟောင်းကြီးကို သုံးပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ချေမှုန်းဖို့ ပြင်ဆင်နေတာလား စဉ်းစားရပါတော့မယ်။

နအဖဟာ ဖြစ်နိုင်ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သူတို့လက်ရာမပေါ်ဘဲ ဗမာပြည်နိုင်ငံရေး ဇာတ်ခုံပေါ်က ပျောက်သွား စေချင်တာပါ။ တတ်နိုင်ရင် သူတို့က ဥပဒေအသစ်ထုတ်ပြီး ဖျက်သိမ်းပစ်တာမဟုတ်ဘဲ တခြားနည်းတွေနဲ့ ပျောက်ကွယ် သွားအောင် လုပ်ချင်တာဖြစ်ပါတယ်။ အခုလို ဦးဝင်းတင်တို့ကို လက်ညှိးထိုးပြပြီး ဒီချုပ်ကို တိုက်တာ၊ သွေးကွဲအောင်လုပ်တာတွေဟာ နောက်ဆုံး ခြေလှမ်းအတွက် ပြင်ဆင်နေတာလားလို့ ယူဆစရာအကြောင်းတွေ ရှိနေပါတယ်။ သေချာနေတာတခုက နအဖဟာ တဖြည်းဖြည်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောင့်ထဲကို တွန်းပို့နေပါတယ်။ ထောင့်ပိတ်ပြီး တခုခုလုပ်ချင်တဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

အခုအခါမှာ နအဖစစ်အစိုးရအဖို့ ၂ဝ၁ဝ ရွေးကောက်ပွဲအပါအဝင် လမ်းပြမြေပုံ အကောင်အထည်ဖော်ရေးမှာ အဓိကအကျဆုံး အတားအဆီးကြီး (၃) ခု ရှိနေတယ်လို့ ထင်ပါတယ်။ အဲဒါတွေက (အရေးပါမှုအစဉ်အလိုက်မဟုတ်ပါ) (၁) ရှစ်လေးလုံး အရေး တော်ပုံကြီးရဲ့ အောင်ပွင့်နဲ့ကိုယ်စားပြု အထိမ်းအမှတ်ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၁၉၉ဝ ရွေးကောက်ပွဲရဲ့ ရလဒ်ဖြစ်ပါတယ်။
(၂) အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ တည်ရှိနေသေးတဲ့ ပြဿနာဖြစ်ပါတယ်။ (၃) ရွေးကောက်ပွဲလွန်ပြီး နောက် သူတို့တွင်းမှာပေါ်လာမယ့် ဂိုဏ်းအုပ်စုပြဿနာတွေပဲ ဖြစ်ပါတယ်။

ဒီပြဿနာတွေဖြေရှင်းဖို့အတွက် နအဖဟာ အမျိုးမျိုးလှည့် သွေးတိုးစမ်းနေတာ အတော်လေးကြာသွားပါပြီ။ အခုဖော်ပြတဲ့အထဲက နံပါတ် (၃) ကို အာဏာနဲ့ဖြေရှင်းလို့ အလွယ်တကူ ရကောင်းရနိုင်ပေမယ့် နံပါတ် (၁) နဲ့ (၂) ဟာ နအဖအဖို့ ဆုပ်စူးစားရူးတွေပါ။ ဒီနှစ်ရပ်တည်ရှိနေလို့လည်း နအဖဟာ သူလုပ်ချင်တိုင်း လုပ်မရဘဲ လမ်းပြမြေပုံဟာ အခုလောက်ကြာနေတာ ဖြစ်ပါတယ်။

တကယ်ကျတော့ ဒီနေ့ နိုင်ငံတကာအခြေအနေ၊ ပြည်တွင်းအခြေအနေတွေက တယ်ပြီးကောင်းလှတာ မဟုတ်ပါဘူး။ အချိန်မရွေး၊ နေရာမရွေး စစ်ထဖြစ်နိုင်တဲ့ အခြေအနေတွေ ရှိနေပါတယ်။ ဒါကို စစ်နဲ့တော်လှန်ရေးမီခဲ့တဲ့ လူတိုင်းက ပူပင်သောကဖြစ်ကြပါတယ်။ နိုင်ငံကိုချစ်သူတိုင်း၊ အရှည်ကိုမျှော်တွေးနိုင်သူတိုင်း အချိန်အခါကို အမိအရအသုံးချ၊ အကောင်းဆုံးကိုမျှော်မှန်း၊ အဆိုးဆုံးအတွက် ပြင်ဆင်တာတွေ လုပ်ရမယ့်ကာလပါ။ ဒါပေမယ့် အခုတော့ အခြေအနေတွေဟာ နအဖကြောင့်မို့ ပိုလို့သာဆိုးလာ၊ အန္တရာယ် ရှိလာနေ ပါတယ်။ နအဖစစ်အုပ်စုအတွင်း ဘယ်လောက်ကျစ်လျစ်ခိုင်မာတယ် မသိရပေမယ့် ဗမာပြည်ကြီးကတော့ စီးပွားရေးကလည်း ချူချာ၊ အမျိုးသားသွေးစည်းညီညွတ်ရေးကလည်း ဒုက္ခိတလိုဖြစ်၊ လှေကွဲကြီးနဲ့ လှိုင်းလေကို ဖြတ်ရတဲ့အဖြစ် ရောက်မှာ စိုးရိမ်နေရပါတယ်။


No comments: