
တရက်က ကျနော့်အိမ်ကို ဆေးပြန်သုတ်သည်။ ငြမ်းတွေဆင်ကြ၊ ဂျေးချွတ်ကြ၊ သဘောင်္ဆေးသုတ်ကြနှင့် တလက်စထဲ လက်သမား ပါခေါ်၍ ပရိဘောဂ အဟောင်းတွေ၊ တံခါးပတ္တာတွေပါ လဲသည်၊ ပြင်သည်။ နောက် အိမ်ရှေ့က အုတ်ခုံကို အင်္ဂတေပြန်ကိုင်သည်။ ဤတွင်မှ ဤစကားဝိုင်း ဖြစ်လာခဲ့သည်။ အင်္ဂတေအချောကိုင်သည့် ပန်းရံဆရာ နားခိုက် စကား စမြည်ပြောဖြစ်သည်။
"ဘယ့်နှယ်လဲ၊ မောပြီလား၊ နားဦးဗျာ" ကျနော်က အညာထုံးစံအတိုင်း လက်ဖက်ပန်းကန် ချပေးသည်။
သူက လက်ဖက်စားရင်း "ကျနော်တို့အလုပ်က ဒီလိုပါပဲဗျာ။ ကျိန်စာပေါ့ဗျာ"
ကျနော် လန့်သွားသည်။ "ဘာကျိန်စာလဲဗျ"
သူက "ကျနော်တို့မှာက နေ့စဉ်ဝမ်းရေးဖြေရှင်းဖို့ တခြားအလုပ်တွေထက်စာရင် ငွေမြန်မြန်ဖြစ်တဲ့ အုတ်ထမ်း၊ သဲထမ်း၊ အင်္ဂတေဖျော် အလုပ်တွေပဲ ၀င်ရတာ။ နေ့စဉ်ဝမ်းရေးကတော့ ပြီးသွားတာပေါ့။ ဒါပေမဲ့ နားလို့မရဘူး။ နားလိုက်တာနဲ့ အကြွေးတက်တော့တာပဲ။ ဒီတော့ မိုးလင်းတာနဲ့ သံလျက်တချောင်းကိုင်ပြီး ထွက်ရတာပဲ"
"မစုမိဘူးလား"
"ကျနော်တို့အလုပ်က နေ့စားပဲလုပ်လုပ်၊ ပုတ်ပြတ်ပဲလုပ်လုပ် ပိုတယ်ဆိုတာ မရှိဘူးဗျ"
"ကျနော်ငယ်ငယ်က လက်သမားဆရာတွေ၊ ပန်းရံဆရာတွေ အိမ်ကောင်းကောင်းတွေနဲ့ နေနိုင်တယ်ဗျ"
"အဲ့ဒါ သူတို့ မိဘလက်ငုတ်ရှိလို့ပါ။ ပန်းရံ၊ လက်သမားလုပ်ပြီး ကြီးပွားဖို့တော့ မရှိဘူးဗျ"
"နိုင်ငံခြားမှာဆိုရင်ရောဗျာ"
"မြ၀တီတို့၊ မဲဆောက်တို့ဘက်မှာ ကျနော့်အမျိုးတွေ ရှိတယ်။ ဒါပေမဲ့ သူတို့လည်း အိမ်ကို ပြန်ပို့နိုင်တာမှ မဟုတ်ဘဲ။ သူ့နေရာနဲ့ သူ နေစရိတ်၊ စားစရိတ်ကလည်း မသေးဘဲကိုဗျ"
ကျနော်ငယ်ငယ်က ကြည့်ခဲ့ရသည့် ကာတွန်းကို သတိရသည်။ ကာတွန်းငွေကြည်လား၊ ရွေှ့မင်းသားလား မမှတ်မိ။ လူတယောက်၏ နေအိမ်ညာဘက် ၀ုန်းဆို တိုက်ကြီးတလုံး ပေါ်လာသည်။ ပြီးတော့ ဘယ်ဘက် ၀ုန်းဆို တိုက်ကြီး နောက်တလုံး ပေါ်လာသည်။ သူ့အိမ်သေးသေးလေးက ကြားညပ်နေသည်။ ပြီးတော့ သူက ဤသို့ မှတ်ချက်ချ၏။ "ဘယ်ကဘယ်လို ချမ်းသာလာမှန်း မသိတဲ့လူတွေ ပေါလာလေလေ၊ ငါတို့ ငတ်လေလေပါပဲကွာ" ဟု ပြော၏။ သည် ကာတွန်းလေးကို အခုထိ မှတ်မိနေသည်။
တိုက်ကြီးတာကြီးတွေ တလုံးပြီးတလုံး ဘာလုပ်ကိုင်စားမှန်းမသိ သူတို့ ဆောက်ကြသည်။ တိုက်ဆောက်သူ ပန်းရံ၊ လက်သမားတို့မှာမူ အစွန်အဖျား လူမနီးသူမနီး ရပ်ကွက်နေရာတို့တွင် တဲကလေးတွေ ထိုးပြီး ခေါင်းဝင်ကိုယ်ဆန့် နေကြရသည်။
မျှတမှုမရှိသော လက်ဝါးကြီးအုပ် စီးပွားရေးစနစ်၏ သက်ရောက်မှုများပင်။
မိုးလင်းမိုးချုပ် မနားတမ်း လုပ်နေကြသည့် အခြေခံလူတန်းစားတို့၏ ဘ၀အမြင်ပင် ဖြစ်သည်။ ၎င်းတို့အတွက် ဘ၀ဆိုသည်မှာ ကျိန်စာသင့်နေသော အဆုံးမရှိ၊ နားရက်မရှိ ခရီးရှည်ကြီးပင် ဖြစ်နေသည်။ ဂရိပုံပြင်ထဲမှ ကျောက်တုံးကြီးကို တောင်ပေါ်တွန်းတင်နေရသော လူသန်ကြီး၏ အဖြစ်အပျက်သည် ရှေးအခါက နတ်ဘုရားများ ကြိုမြင်နေသော လက်ရှိကမ္ဘာကြီး၏ အဖြစ်အပျက်ပင်။ ခေတ်အဆက်ဆက်တွင် အခြေခံလူတန်းစားတို့ ကြုံတွေ့နေရသော ဘ၀၏ ကျိန်စာပင်။
ပန်းရံဆရာသည် လက်ဖက်ကို အပြီးသတ်စားပြီး အင်္ဂတေပြန်ဖျော်ဖို့ ထလိုက်သည်။
"အေးဗျာ ခင်ဗျားတို့လုပ်ငန်းတွေ ကောင်းလာမှာပါ။ ဖြည်းဖြည်းပေါ့။ အခုအချိန်က ကမ္ဘာ့စီးပွားပျက်ကပ်ကလည်း ရှိနေတော့" ကျနော်ကြားဖူးနားဝနှင့် နှစ်သိမ့်လိုက်သည်။
သူက "ကျနော့်ကျိန်စာကတော့ မဆုံးသေးဘူးဆရာ။ ဆရာတို့ကမ္ဘာကြီး စီးပွားပျက်ကပ် မဖြစ်ခင်ကတည်းက အမြဲတမ်း ဒီလိုပဲ နေလာခဲ့တာ ဘယ်လောက်ရှိပြီလဲ။ ကျနော်တို့ အဖေအမေလက်ထက်ကလည်း ဒီလိုပဲ။ ကျနော့်လည်း ဒီလိုပဲ။ ကျနော့်သားလည်း ဒီလိုပဲ လာမှာပဲ။ သူ့ကိုလည်း ကျောင်းထုတ်ပြီး ပန်းရံနဲ့ အလုပ်သွင်းထားတာ။ အိမ်မှာက ပိုက်ဆံလိုနေတော့ မတက်နိုင်ဘူး"
"ဘယ်နှတန်းလဲ"
"၄ တန်းပေါ့"
"ကျနော်တို့နားရက်က ဖျားတဲ့နာတဲ့အချိန်ပဲဗျ။ အဲ့ဒီအချိန်ကို ဇိမ်လုပ်ရတော့တာပဲ။ တကယ်ဖျားရင် ဘာမှမလုပ်နိုင်ဘူး ဆရာ။ အိပ်ရာထဲ ခွေပြီးတော့ အခုမှ နားရတော့တယ်ဆိုပြီး အောက်မေ့ရတာပဲ။ မဟုတ်ရင် အလုပ်သွားရမှာ"
"အဲ့လိုဆိုတော့ ဖျားတဲ့အချိန်က ဘယ်လိုစားလဲ"
"ဒီလိုပဲ။ ဘ၀တူတွေဆီက ချေးငှားပေါ့။ ဒါမှမဟုတ် အလုပ်ရှင်ဆီက ကြိုသုံးလေးထုတ်ပေါ့ဗျာ။ ပြီးရင် လုပ်ရင်းနှိမ်သွားပေါ့"
"အင်း "
ကျနော်လည်း ဘာပြောရမည်မသိ။
"ကဲ စကားကောင်းနေလိုက်တာ" ပြောပြောဆိုဆိုသူ အလုပ်ပြန်စသည်။
"ကောင်းပါပြီဗျာ"
နေရောင်အောက်မှ ချွေးဖြင့်ပြောင်နေသော သူ၏ ဗလာကျောပြင်ကြီးကိုကြည့်ကာ ကျိန်စာဆိုသော စကားကို တွေးနေမိသည်။
No comments:
Post a Comment