Tuesday, February 17, 2009

ကုလသမဂ္ဂမှ မြန်မာသံအမတ်ဖယ်ရှားရေး CC ရပ်ဆိုင်းသွားပြီလား

ဗန္ဓရ

နအဖအား ကြိုးဝိုင်းအလယ်တွင် အလဲထိုးမည့် Credential Challenge တိုက်ကွက်ကို နယ်စပ်မှ နိုင်ငံရေးအဖွဲ့ပေါင်းများစွာ၊ အန်အယ်လ်ဒီအမတ်များ၊ လူမျိုးစုအမတ်များ၊ ပြည်သူများစွာတို့က လက်ခံထား သည့် ယင်းတိုက်ကွက်ကို ဒဗလင်မြို့မှ အမတ် (၃၃) ဦးအနက် (၁၈) ဦးက ကန့်ကွက်ရုံနှင့် ရပ်ကြမည်လား၊ မရပ်ကြ ဘူးလား၊ တိုင်းပြည်အတွက် အရေးကြီး၍ ခေါင်းဆောင်ကြီးများတို့ အလေးအနက် စဉ်းစားရန် လိုအပ်ပါသည်။

စစ်အစိုးရ၏ အမျိုးသားညီလာခံ ပြီးဆုံးပြီးဖြစ်၍ ၂ဝဝ၈ ခုနှစ်၊ မေလ (၁ဝ) ရက်နေ့တွင် အခြေခံဥပဒေကို ပြည်သူလူထုတို့၏ ဆန္ဒမဲ (၉၂) ရာခိုင်နှုန်းဖြင့် အတည်ပြုခဲ့ပြီးဖြစ်သည်။ စစ်အစိုးရချမှတ်ထားသော လမ်းပြမြေပုံ (Road Map) အဆင့် (၇) ဆင့်မှ နောက်ထပ် ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပမည်။ လွှတ်တော်တရပ်ခေါ်ယူပြီး ဒီမိုကရေစီအစိုးရတရပ် ထူထောင်မည်ဖြစ်၍ ဒီဖက်တိုအစိုးရမှ တရားဝင် အစိုးရအဖြစ်သို့ ပြောင်းလဲရောက်သွားမည်ဆိုပါက မူလကမှ စစ်အစိုးရကို ထောက်ခံအားပေးနေသော အိမ်နီးချင်းအစိုးရများအဖို့ ယခင်ကထက် စစ်အစိုးရအား ပိုမိုအားပေးထောက်ခံမှု ရှိလာတော့မည်။

စစ်အစိုးရ၏ အခြေခံဥပဒေတရားမဝင်ရေးနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲမကျင်းပနိုင်ရန် ဆန့်ကျင် တိုက်ပွဲဝင်ရာတွင် မြန်မာသံရုံးရှေ့ ဆန္ဒပြတောင်းဆိုခြင်း၊ ကြေညာချက်ထုတ်ပြန်နေခြင်းတို့မှာ နိုင်ငံရေး အဖွဲ့ပေါင်းများစွာမှ လုပ်ရိုးလုပ်စဉ်ဖြစ်သည်။ ယင်းထုတ်ပြန်ကြေညာချက်နှင့် ဂျာနယ်များ စုဆောင်းခဲ့လျှင် ဂိုဒေါင်ကြီး သုံးဂိုဒေါင်မျှပြည့်လိမ့်မည်။ လွှတ်တော်အမတ်တဦးကဆိုလျှင် အတိုက်အခံ နိုင်ငံရေးဘက်က ထုတ်နေသည့် ဂျာနယ်၊ စာစောင်၊ ထုတ်ပြန်ကြေညာချက်များတို့မှာ သင်္ဘောသုံးစီးမျှရှိပြီးဖြစ်နေသော်လည်း စစ်အစိုးရ၏ကုလားထိုင် တလက်မမျှမရွေ့ဟု ဆိုခဲ့ပါသည်။ စစ်အစိုးရနှင့် အတိုက်အခံပါတီကြား ညှိနှိုင်းစကား ပြောဆိုလာနိုင်စေရန် တွန်းအားပေးသော နိုင်ငံရေးတိုက်ကွက်တခု လက်တွေ့လိုအပ်နေပြီဖြစ်သည်။

သို့ဖြစ်၍ စစ်အစိုးရအား Credential Challenge နှင့် တိုက်ပွဲဝင်ရန် NCUB မှ စဉ်းစားလာခြင်းဖြစ်သည်။ NCUB နှင့် MPU တို့ (၂၇၊ ၅၊ ၂ဝဝ၈) ရက်နေ့တွင် တိုင်ပင်ဆွေးနွေးခဲ့ရာ MPU က သဘောတူကြောင်းနှင့် NCGUB ကလည်း ထောက်ခံကြောင်း သိရပါသည်။ သို့သော် NCGUB က ဦးဆောင်လုပ်မည်မဟုတ်။ သမိုင်းတရားခံအဖြစ်မခံနိုင်ဟု ဒေါက်တာစိန်ဝင်းကဆိုသည်။ ထို့ကြောင့် Credential Challenge နှင့်ပတ်သက်၍ လက်မှတ်ရေးထိုးခြင်းကို ငြင်းဆိုခဲ့သည်။

မြန်မာသံအမတ်ကို ကုလသမဂ္ဂမှဖယ်ရှားရန် CC အဆိုကို ဒီမိုကရေစီစနစ်အရ အများဆန္ဒအတိုင်း ဆုံးဖြတ်ရ ပေမည်။ ထို့ကြောင့် MPU Congress ကို အိုင်ယာလန်နိုင်ငံ၊ ဒဗလင်မြို့တွင် (၂ဝ၊ ၁၊ ၂ဝဝ၉) ၌ ကျင်းပမည်ဖြစ်၍ နိုင်ငံစုံမှရှိနေသော MPU အဖွဲ့ဝင်များ အိုင်ယာလန်နိုင်ငံ၊ ဒဗလင်မြို့သို့ (၁၉၊ ၁၊ ၂ဝဝ၉) အရောက်လာရပေမည်။ ဦးတင်ထွဋ် သြစတြေးလျမှလွဲပြီး MPU Congress သို့ အမတ် (၃၂) ယောက်လုံး ရောက်ရှိလာပါသည်။ ယင်းညီလာခံသို့ MP များ အားလုံးတက်ရောက်နိုင်ရန် NCGUB က အစွမ်းကုန် ကြိုးပမ်းခဲ့ပါသည်။

(ဒဗလင်မြို့သည် အိုင်ယာလန်နိုင်ငံ၏ မြို့တော်ဖြစ်သည်။ အိုင်ယာလန်နိုင်ငံသည် ကျွန်းနိုင်ငံတခုဖြစ်ပြီး အင်္ဂလန်နိုင်ငံလက်အောက်မှ ခွဲထွက်လာသော နိုင်ငံတခုဖြစ်သည်။ နိုင်ငံ၏ပတ်လည်တွင် ပင်လယ်ရေပြင်များ ကိုသာ တွေ့မြင်ရပါသည်။ ပင်လယ် ဝိုင်းရံထားသော ကျွန်းနိုင်ငံဖြစ်၍ တနှစ်လုံးမိုးရွာပြီး နှင်းလည်းကျပါသည်။ ကျွန်ုပ်တို့ ဒဗလင်မြို့သို့ရောက်ချိန်တွင် မိုးတဖွဲဖွဲကျနေပါသည်။ ဥရောပနိုင်ငံဖြစ်၍ အီကွေတာနှင့်နီးသော ကျွန်ုပ်တို့နိုင်ငံကဲ့သို့ သည်းကြီးမဲကြီးရွာသည်မဟုတ်၊ မြေကြီးစိုရုံမျှသာ ရွာသော မိုးဖြစ်သည်။ ဆောင်းကာလ ဖြစ်၍ နံနက် (၈) နာရီမှာ မိုးလင်းပြီး ညနေ (၄) တွင် မိုးချုပ်ပါသည်။)

ဒဗလင်မြို့ရှိ Grand Hotel ခန်းမတွင် (၂ဝ၊ ၁၊ ၂ဝဝ၉) ရက်နေ့ နံနက် (၉းဝဝ) ၌ MPU Congress ကို စတင်ဖွင့်လှစ်ခဲ့သည်။ သဘာပတိအဖြစ် ဦးတယ်ဒီဘူးရီ MPU (ဥက္ကဋ္ဌ) က ဆောင်ရွက်ပြီး အခမ်းအနားမှူး အဖြစ် ဦးဘိုလှတင့်က ဆောင်ရွက်ပါသည်။ ညနေသုံးနာရီတွင် အိုင်ယာလန်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရန် နိုင်ငံခြားဝန်ကြီးရုံးသို့ သွားရောက်ရပါ၍ ပထမနေ့ အခမ်းအနားတွင် ဆွေးနွေးမည့် Agenda များကိုသာ ဆောင်ရွက်နိုင်ပါသည်။ ကျွန်ုပ်တို့ရောက်ရောက်ချင်း ဝိုင်အရက်နှင့် စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံပါသည်။ (၄) နာရီတွင် အိုင်ယာလန်နိုင်ငံခြားဝန်ကြီး မိတ်ဆက်စကား ပြောပြီးနောက် ဒေါက်တာစိန်ဝင်း ဝန်ကြီးချုပ် NCGUB က မိတ်ဆက်စကားပြောကြားပါသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များညီလာခံကို (၂ဝ၊ ၁၊ ၂ဝဝ၉) မှ (၂၃၊ ၁၊ ၂ဝဝ၉) ရက်နေ့အထိ (၄) ရက်တိုင်တိုင် ကျင်းပခဲ့ပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား ညွန့်ပေါင်းအစိုးရ၏ ဝန်ကြီးချုပ်ကို Congress က မဲ (၅၁) ရာခိုင်နှုန်းဖြင့် ရွေးချယ် တင်မြှောက်ကြပါသည်။ မည်သည့် MP မဆို ဝန်ကြီးချုပ် အဖြစ် ရွေးချယ်ခံခွင့်ရှိသည်။ အစိုးရအဖွဲ့ဝင် ဝန်ကြီးများကိုမူ ဝန်ကြီးချုပ်က စိတ်ကြိုက်ရွေးချယ်ပြီး Congress မှ မဲ (၅၁) ရာခိုင်နှုန်းဖြင့် အတည်ပြုပေးရပါသည်။ MP များ၏ Congress ကို လေးနှစ်တကြိမ်ကျ ကျင်းပခဲ့ရသဖြင့် လေးနှစ်ကြာမှ အစိုးရအပြောင်းအလဲလုပ်နိုင်ခဲ့သည်။ အိုင်ယာလန်နိုင်ငံ၊ ဒဗလင်မြို့တွင် လေးကြိမ်မြောက် Congress သည် ယခင် ပြီးခဲ့သည့် Congress နှင့်မတူသည်မှာ CC လုပ်ငန်းစဉ်တရပ် ရှေ့တန်းမှ ပါဝင်နေခြင်းဖြစ်သည်။

MPU အဖွဲ့သည် Congress သို့ CC ကို လုပ်ငန်းစဉ်တရပ်အဖြစ် တင်သွင်းခဲ့၍ CC ကို အများက လက်ခံဆုံးဖြတ်ပါက လက်ရှိဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်း ရာထူးမှရပ်နားမည်။ ထို့ကြောင့် ဒဗလင်မြို့မှ MP များ၏ Congress သည် အစိုးရအပြောင်းအလဲဖြစ်မည့် Congress ဖြစ်၍ ပြည်တွင်း ပြည်ပမှ နိုင်ငံရေး ပါတီများ၊ ပြည်တွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များတို့က စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသည်။ ထိုင်း-မြန်မာ နယ်စပ်တွင် NCUB မှ အမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရတရပ်ဖွဲ့စည်းရန် ကြေညာချက်တရပ် လည်း ထုတ်ပြန်ကြေညာထားပြီးဖြစ်၍ ရှေ့လုပ်ငန်းစဉ်အဖြစ် CC ကိစ္စကို တိုက်ပွဲဝင်ရန်လည်း ပြင်ဆင်ထားပါ သည်။

MPU သည် NCUB ၏ ဒေါက်တိုင်လေးတိုင်မှ ဒေါက်တိုင်တတိုင်အဖြစ် တည်ရှိနေ၍ NCUB ၏ တိုက်ပွဲဝင်လုပ်ငန်းစဉ် ဖြစ်သော CC သည် Congress တွင် အဓိက ဆွေးနွေးရမည့် လုပ်ငန်းစဉ်ဖြစ် သည်ဟု MPU က ခံယူထားသည်။ ကွန်ဂရက်မစမီ CC ကို MP အားလုံးနီးပါးက လုပ်သင့်လုပ်ထိုက်သောကိစ္စဟု သဘောထားခဲ့ကြသည်။ အစည်းအဝေးတွင် အကြိတ်အနယ် ဆွေးနွေးကြသောအခါ CC ကို ဆက်လက်ဆောင်ရွက်ပါက ဒေါက်တာစိန်ဝင်း၊ ဦးဘိုလှတင့် တို့က MPU မှ နုတ်ထွက်မည်။ ယင်း နောက် ဦးစိုင်းဝင်းဖေ (SNLD) ကလည်း နုတ်ထွက်မည်ဖြစ်ကြောင်း ဆိုလာပြန် သည့်အခါတွင် အုပ်စုနှစ်စု ကွဲထွက်လာသည်။ နိုင်ငံရေးပါတီများမှပေးလာသည့် အကြံပြုအစီရင်ခံစာများကို အမတ်မင်းများက မဖတ်ကြ။ MPU ကွဲမည့်အရေး စိုးရိမ်သည့် အမတ်မင်း၊ ကျေးဇူးခံ ကျေးဇူးစား မလွန်ဆန်နိုင်သော အမတ်မင်း၊ ဝန်ကြီးရာထူးလိုချင်သောအမတ်မင်း၊ နောင်တွင် ဒေါက်တာစိန်ဝင်း အလားအလာကို မျှော်တွေးပြီး ပြည်ရေးထက် နောင်ရေးကို မျှော်သောအမတ်မင်းများတို့၏ သဘောထားရှုပ်ထွေးကုန်သည်ဟု ကျွန်ုပ်နားလည်မိသည်။ မဲခွဲရာတွင် အဆိုထောက်ခံမဲ (၁၅) မဲ၊ ကန့်ကွက်မဲ (၁၈) မဲဖြင့် အဆုံးသတ်ခဲ့ပါသည်။ ဝန်ကြီးချုပ်ရာထူးကိုလည်း ဒေါက်တာစိန်ဝင်းကိုသာ ဆက်လက်တင် မြှောက်ကြပါသည်။ CC ကိစ္စ ရပ်ဆိုင်းသွားသည့်အတွက် ဒေါက်တာစိန်ဝင်းအား နအဖတို့က ကောင်းချီး ထောပနာပြု၍ သာဓုသုံးကြိမ်ခေါ်ပါ၏။

C.C သည် စစ်အစိုးရ၏ အခြေခံဥပဒေ တရားမဝင်ရေးနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲပယ်ဖျက်ရန် အကောင်းဆုံး လက်နက်ဟု NCUB နှင့် MPU တို့က ခံယူထားသည်။ ထို့ကြောင့် CC သည် အိုင်ယာလန်နိုင်ငံ ဒဗလင်မြို့တွင် အဆုံးသတ်သွားပြီလား၊ MP များ၏ (၉၊ ၂၊ ၂ဝဝ၈) ထိုင်း-မြန်မာနယ်စပ် ကွန်ဂရက် ဆုံးဖြတ်ချက်အရ စင်ပြိုင်အစိုးရအား တိုင်းရင်းသားကိုယ်စားလှယ်များနှင့် တိုးချဲ့သွားမည်ဟု မူအရ သဘောတူထားသည်။ ဒဗလင်မြို့၏ ကွန်ဂရက်အစည်းအဝေးတွင် တိုင်းရင်းသားအဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေး နိုင်ရန်အတွက် ကိုယ်စားလှယ် (၅) ဦး ခန့်အပ်ထားပါသည်။ တိုင်းရင်းသားအဖွဲ့များဘက်မှ NCGUB အား မည်သည့်အတိုင်း အတာအထိ ယုံကြည်လက်ခံသည့်အပေါ်တွင် မူတည်ပါသည်။

ပူပူနွေးနွေး ဝန်ကြီးခန့်အပ်ခံရသော အမတ်မင်း တဦးက (၅၊ ၂၊ ၂ဝဝ၉) RFA အင်တာဗျူးမှာ အမျိုးသားညွန့်ပေါင်းအစိုးရက သုံးလမှ ခြောက်လအတွင်း တိုင်းရင်းသားအဖွဲ့များနှင့် လက်တွဲပူးပေါင်းမှု မလုပ်ဆောင်နိုင်လျှင် ဝန်ကြီးရာထူးမှ နုတ်ထွက်မည်ဟု ဆိုပါသည်။ ဝန်ကြီးအသစ်တဦးကလည်း (၆) လအထိ စောင့်ကြည့်ရမည်ဟု အလွတ်သဘောအားဖြင့် ပြောပါသည်။ သို့ဖြစ်လျှင် MPU ကလည်း ဒေါက်တာစိန်ဝင်းအစိုးရကို အယုံအကြည်မရှိ အဆိုကို တင်သွင်းကောင်း တင်သွင်းလာနိုင်ပါသည်။

ဒဗလင်မြို့ ကွန်ဂရက်သို့ တိုင်းရင်းသားအဖွဲ့ (၄) ဖွဲ့မှ ကိုယ်စားလှယ်များကို ဖိတ်ကြားထားသော်လည်း မတက်ရောက်ဘဲနေကြသည်။ NCUB မှ ကိုယ်စားလှယ်များလည်း မတက်ရောက်ဘဲနေသည်။ ၁၉၉ဝ ခုနှစ်၊ ဒီဇင်ဘာလ NCGUB စင်ပြိုင်အစိုးရ ဖွဲ့ပြီးနောက်တွင် တိုင်းရင်းသားအဖွဲ့ပေါင်း (၁၇) ဖွဲ့တိတိ နအဖနှင့် သွားရောက်ပူးပေါင်းခဲ့သည်မှာ လက်တွေ့ဖြစ်နေသည်။ နိုင်ငံရေးအရ သုံးသပ်လျှင် NCGUB အစိုးရအား တိုင်းရင်းသား အဖွဲ့များစွာတို့က အားကိုးသမှုမပြု၊ အထင်မကြီး၍ ဖြစ်နိုင်သည်။ NCGUB အနှစ် (၂ဝ) အတွင်း မယ်မယ်ရရ လက်ဆုပ်လက်ကိုင်တိုက်ပွဲ၏ အောင်မြင်မှုတခုမျှမပြနိုင်ဟု MPU ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရတွင် ခေါင်းဆောင်အပြောင်းအလဲမရှိ၊ ယခင်မူလအတိုင်း ဒေါက်တာစိန်ဝင်း အစိုးရကသာ ဦးဆောင်နေသည်ဖြစ်၍ တိုင်းရင်းသားအဖွဲ့များ ပူးပေါင်းနိုင်ပါ့မလား၊ သံသယ ဖြစ်နေမိသည်။ ဗိုလ်ချုပ်ကြီး တာမလာဘောက ညီညွတ်ရေးအတွက် ငွေမလိုပါ။ နိုင်ငံရေးသာ လိုအပ်သည်။ တခုတော့ရှိသည်မှာ NCGUB မှ စစ်မှန်သော ပြည်ထောင်စုအစိုးရ (ဖက်ဒရယ်အစိုးရ) အလံတော်ကို လွှင့်ထူနိုင်လျှင် လက်တွေ့လာရောက်မပူးပေါင်းနိုင်သော်လည်း ထောက်ခံအားပေးလာနိုင်သည်ဟု ယုံကြည်ရပါသည်။ တိုင်းရင်းသားအဖွဲ့များ ပါဝင်ပူပေါင်းမှုမရှိလျှင် ဒေါက်တာစိန်ဝင်းအစိုးရသည် ယခင်က ကဲ့သို့ အလွန်သေးကွေးပြီး အင်အားချည့်နဲ့သော အစိုးရတရပ်ဖြစ်လိမ့်မည်။ နအဖကလည်း နှစ်ယောက်နှင့် တပိုင်းအစိုးရဟုဆိုပြီး ခဏခဏ ပျက်ရယ်ပြုပြောဆိုနေသည်။

NCGUB အစိုးရအား တိုင်းရင်းသားလူမျိုးများ မပူးပေါင်းခဲ့လျှင် MPU က အယုံအကြည်မရှိအဆိုကို တင်သွင်းခဲ့လျှင် တိုက်ပွဲဝင်အစိုးရတရပ် ဖော်ထုတ်ရပေတော့မည်။ သို့ဖြစ်လျှင် CC ကိစ္စလည်း အသက်ဝင်လှုပ်ရှားလာဦးမည်။ လူထုဦးစိန်ဝင်းက နိုင်ငံတနိုင်ငံ၏ ပြဿနာပြေလည်ရန် ကုလသမဂ္ဂမှ ဝင်ရောက်ဖြေရှင်းနိုင်ခဲ့သော နိုင်ငံ ကမ္ဘာပေါ်တွင် တနိုင်ငံမျှမရှိဟု ဆိုသည်။


No comments: