Wednesday, April 1, 2009
ပုတ်သင်၊ ခွေးလည်ပတ်၊ လူသားနှင့် စွဲလမ်းခြင်း ပြဿနာ
ဇာတ်ကြီး ဆယ်ဘွဲ့ကို ဖတ်ရှု ရစဉ် အလွန် ထူးခြားသော အကြောင်း တခုကို မဟော်သဓာ ထဲတွင် တွေ့မိသည်။ ရှင်ဘုရင်က မုန့်ဖိုးပေး၍ ရလာသော အသပြာစ လေးရွေး၊ ရှစ်ရွေးမျှကို လည်ပင်း ဆွဲရသော အခါ ထိုအသပြာစကို ပိုင်ဆိုင်မှုကြောင့် ပုတ်သင်က ဂုဏ်ခံပြီး ဦးမ ညွတ်ဘဲ နေလေသည်။ ထိုအချင်း အရာကို ရှင်ဘုရင်က မေးသောအခါ အသပြာ ကြောင့် စိတ်ပြောင်း ရခြင်း ဖြစ်ပါသည်ဟု ဘုရား လောင်း မဟော်သဓာက ရှင်းပြသည်။
ငယ်စဉ်ကမူ မှိုပွင့်အောက်က ဖားကဲ့သို့ ငါလည်း မင်းတပါးဆိုသလို ကိုယ့်အထင်နှင့်ကိုယ် ဘဝင်ခိုက်ကြသည့် သတ္တဝါများအကြောင်း စဉ်းစားရင်း ပြုံးမိသည်။ တွင်းထဲက ဖားသည် ပြင်ပကမ္ဘာ၏ အကျယ်အဝန်းကို မသိနိုင်သကဲ့သို့ အတိုင်းအဆ မသိသူတို့၏ မိမိကိုယ်ကို ထင်တလုံး ရှိသည်ကို သင်ခန်းစာယူရသည်။
အသက်ကြီး၍ ပြန်စဉ်းစားသောအခါ မဟော်သဓာ ရှင်းပြသော ပုတ်သင်၏ အသပြာအပေါ် ဂုဏ်ခံမှုသည် ဟုတ်နိုင်ပါ့မလားဟု စဉ်းစားကြည့်မိသည်။ ပုတ်သင်၏ ကမ္ဘာတွင် ငွေသည် အရေးမကြီး၊ အဓိပ္ပာယ်လည်းမရှိ၊ အသုံးလည်းမတည့်၊ ပုတ်သင်အတွက် လိုအပ်ချက်သည် အစားအစာနှင့် အန္တရာယ်ကင်းရှင်းမှု။
သည်တော့ ဤလည်ဆွဲသည် သူ့သွားရေးလာရေးအတွက်ပင် အနှောင့်အယှက် ဖြစ်လေရာ ဤလည်ဆွဲကြောင့် မာန်တက်ပါမည်လောဟု စောကြောမိသည်။ သို့သော် ဤအဖြစ်အပျက်က ပေးချင်သော သင်ခန်းစာမှာ ကိုယ့်အထွာနှင့်ကိုယ် မာန်တက်တတ်သော သဘာဝကို ပြလိုခြင်းဖြစ်ပေရာ အလွန်အကျူး ဖွဲ့ဆိုမိသည်ဟု သုံးသပ်မိသည်။ သို့သော် ကျနော့်မှာ သာမန်ပမွှား၊ မဟော်သဓာမှာ ဘုရားလောင်းပညာရှိမို့ ကိုယ့်အရာမဟုတ်ဟု နှလုံးသွင်းပြီး ပြည်ဖုံးကားချလိုက်သည်။ သို့သော် ဘာပဲဖြစ်ဖြစ် ပုတ်သင်၏ မာန်တက်မှု အကြောင်းကိုကား မမေ့တော့ပါ။
ကျနော့အိမ်တွင် မဲလုံးဟု ခေါ်သော ခွေးနက်တကောင်ရှိရာ ညီမက လည်ပတ် ဝယ်ဆင်ပေးသည်။ ရည်ရွယ်ချက်မှာ ဧည့်သည်လာလျှင် ထွက်ကိုက်တတ်၍ ချုပ်ရန်၊ ချည်ရန် သံကြိုးနှင့်တွဲ၍ရသော လည်ပတ်ကို ဆင်ပေးခြင်းဖြစ်သည်။ ကျန်အချိန်များတွင်မူ လည်ပတ်သည် ပိုင်ရှင်အတွက်ရော၊ ခွေးအတွက်ပါ ထူးခြားသော အဓိပ္ပာယ်မရှိ။ ကြံဖန်၍ ပြောရမည်ဆိုလျှင် ပိုင်ရှင်ရှိသော ခွေး၊ ခွေးဝင်စားမဟုတ်သော ခွေး ဆိုပြီး သိသာရုံမျှသာ။
သို့သော် တရက်၊ ထိုလည်ပတ်သည် ကျနော့်ကို အတွေးများစေတော့သည်။ ကျနော့်ခွေးက အနက်ရောင်၊ လည်ပတ်က အပြာရောင်ဖြစ်နေ၍ ကျနော့်ပန်းချီမျက်စိတွင် အဆင်မပြေဖြစ်နေ၍ လည်ပတ် လဲပေးချင်သည်။ အနက်ရောင်နှင့် လိုက်ဖက်မည့် သားရေရောင် သို့မဟုတ် အနီရောင်လည်ပတ်၊ ကျနော်ဝယ်လာပြီး လဲပေးရန်အတွက် မဲလုံး၏ လည်ပင်းမှ လည်ပတ်ကို ဖြုတ်ရန်လုပ်ရာ မဲလုံးက မနှစ်သက်ဟန်ဖြင့် မာန်ဖီသည်။
ကျနော်က ခွေးလည်ပင်းတွင် အနာရှိ၍လောဟု စစ်ဆေးကြည့်ရာ ဘာအနာမှမရှိ။ တဖန်ပြန်၍ ကြိုးစားရာ အရင်အတိုင်း မာန်ဖီပြန်သည်။ ခက်ပြီ။ ကျနော့်ခွေး မဲလုံးသည် လည်ပတ်ကို စွဲလမ်းနေလေပြီ။ ကျနော့်အမြင်အရမူ ဤလည်ပတ်သည် သူ့ဘဝအတွက် ဘာမှအဓိပ္ပာယ်မရှိ။ သူ့သခင်က လိုလျှင်လိုသလို သူ့ကို ချည်နှောင်ရန် ဆွဲထားခြင်းဖြစ်ရာ သူ့လွတ်လပ်မှုအတွက်ပင် ထိခိုက်သေးသည်။ သည်လည်ပတ်က သူ့ကို ထိန်းချုပ်ရန် လွယ်ကူသော ပစ္စည်းတခု ဖြစ်လေသည်။
သို့သော် သူက ဤလည်ပတ်ကို စွဲလမ်းနေပြီ။ ရှိစေတော့၊ ကျနော် မဖြုတ်တော့ပါ။ ကျနော့မျက်စိတွင် မလိုက်ဖက်သော အပြာရောင်လည်ပတ်နှင့် ကျနော့်ခွေးနက်ကြီးကို ဒီအတိုင်း ထားလိုက်သည်။ ကျနော် ဖျပ်ကနဲ မဟော်သဓာထဲက ပုတ်သင်ကို သတိရမိသည်။
ဤသို့နှင့် လူတချို့အကြောင်း စဉ်းစားမိသည်။
သူတို့၏ စွဲလမ်းမှုသည် သူတို့အတွက် ပြဿနာဖြစ်လာနိုင်မည်။ သူတို့၏ ထင်မြင်မှုသည် အမှန်တကယ်ပင် သူတို့၏ ဘဝအတွက်လည်းကောင်း၊ သူတပါးအတွက်လည်းကောင်း၊ အကျိုးမရှိကြောင်းကို သိမြင်သူများက ဝေဖန်ထောက်ပြသောအခါ မိမိအမြင်ကို မစွန့်လွှတ်နိုင်ကြဘဲ စွဲလမ်းနေခြင်းကို တွေ့ရှိလာသောအခါ ကျနော့်ခွေးကြီး မဲလုံးနှင့် ပုတ်သင်ကို သတိရမိသည်။
လူ့အဖွဲ့အစည်းကြီးအတွက်၊ မိမိ မှီတင်းနေသော တိုင်းပြည်အတွက် အသုံးမတည့်နိုင်သော အတွေးအမြင် အယူအဆများကိုလည်းကောင်း၊ အန္တရာယ်ကြီးလှသော ဗြဟ္မာဦးခေါင်းလို အာဏာဆိုသော အရာသည် ဆုပ်ကိုင်ထားသူအတွက် တချိန်မဟုတ်တချိန် ပြန်လည်လောင်ကျွမ်းနိုင်သည်။
ထို့ကြောင့် အာဏာဆိုသည်ကို အသေမဆုပ်ကိုင်ဘဲ လူ့အဖွဲ့အစည်းအတွက် အကျိုးရှိရာရှိကြောင်း အသုံးချရန်သာဖြစ်ကြောင်းကိုလည်းကောင်း၊ ထောက်ပြ ဝေဖန်ပြ အသိတရားရကြဖို့ မည်မျှပင် တိုက်တွန်းနေသော်လည်း သည်ပူလောင်လှသော အာဏာကြီးကို မခွဲနိုင် မခွာနိုင် မလွှတ်ချနိုင် ဖြစ်နေကြပုံမှာ မဲလုံး၏ လည်ပတ်အပေါ် စွဲလမ်းမှုကိုလည်းကောင်း၊ ပုတ်သင်၏ ရှစ်ရွေးသော အသပြာ လည်ဆွဲအပေါ် အထင်မှားနေပုံကိုလည်းကောင်း ပြန်ပြောင်းမြင်မိသည်။
တိုင်းပြည်ရှိ လူထုတရပ်လုံးက မတော်ပါမသင့်ပါ ပြောလည်းမရ၊ ဘယ်သူကမှလည်း မကြည်ညို မနှစ်လို၊ လူထုတရပ်လုံး၏ အကျိုးစီးပွားအတွက် တိုင်းပြည်၏ အချုပ်အခြာအာဏာကို လူထုလက်ထဲပြန်ပေးပါ ပြောလည်းမရ၊ ကိုယ်တိုင်လည်း အကျိုးရှိအောင် မသုံးနိုင်၊ မသုံးတတ်၊ ကိုယ်လည်း လူမုန်း၊ အများလည်း နစ်နာ၊ တိုတောင်းလှသည့် လူ့ဘဝတွင် အဖိုးအတန်ဆုံး လူ့သိက္ခာ၊ လူ့တန်ဖိုးကို ရေမြုပ်ပမာ အနှစ်မပါသော အပေါ်ယံအခွင့်အရေး အကျိုးစီးပွားနှင့် လဲယူကြပေသည်။
လူ့တန်ဖိုး၊ လူ့သိက္ခာမှ မရှိဘဲ လူ့ဘဝ အရသာဆိုသည်မှာ မည်သို့ နားလည်ခံစားနိုင်ကြပါမည်နည်း။ လူ့ချဉ်ဖတ်ဘဝနှင့်သာ ဇာတ်သိမ်းလိုကြသည်။ မြန်မာတွင်သာမက ကမ္ဘာ့လူထု၏ လေးနက်သော တန်ဖိုးထားမှုကို အပြည့်အဝ ရယူနိုင်သော ဒေါ်အောင်ဆန်းစုကြည်၏ ဘဝအချိန် တစက္ကန့်စာလောက်မျှ တန်ဖိုးမရှိသော အာဏာရူး လူမုန်းခံဘဝ၊ ဘယ်သူသေသေ ငတေမာသည့်ဘဝကို ဤစွဲလမ်းမှုတခုကြောင့် ရယူနေကြသည်။
အသိမှား၊ အတွေးမှား၊ အမြင်မှားနေသည့် လူ့ဘဝသည် မည်သည့်တန်ဖိုးကို ဖော်ဆောင်နိုင်မည်နည်း။ အမှန်တရားကို မြင်တတ်သည့် အသိ အလိမ္မာကား တိရစ္ဆာန်တွင်သာမက လူတချို့တွင်ပါ ကန်းနေကြသည်။
မနက်ဖြန်တွင်လည်း မဲလုံးကို လည်ပတ်အပြာကြီးနှင့် တွေ့နေရပေဦးမည်။ မဟော်သဓာထဲက ပုတ်သင်သည်လည်း ရွေးစ အသပြာလည်ဆွဲကို အိပ်မက်ထဲထိ မက်ဆဲရှိဦးမည်။
ကျနော်တို့ တိုင်းပြည်မှ လူတချို့သည်လည်း အာဏာဆိုသော မီးခဲကြီးကို ကိုယ်တိုင်လောင်ကျွမ်း ခံရသည်အထိ စွဲကိုင်နေဦးမည် ဖြစ်လေသည်။
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment