ရတနာပုံ ဖိုးမှတ်စု (ရွှေကိုင်းသား)
ရှေးမြန်မာမင်းတို့လက်ထက် နန်းသိမ်းနန်းတက် စစ်ပွဲကြီး များ အောင်မြင်ပြီး သည့်အခါများ တွင် မှူးတော် မတ်တော် သူရဲသူခက် တို့ကို မိမိတို့ရ သည့် ပွဲလမ်း အမှုထမ်းရည်တို့ ကို ထောက်၌ သင့်တင့် လျောက်ပတ်သော ဘွဲ့အမည် အရည် အဆောင် အယောင်၊ ခရိုင်မြို့ပြ ကျေးရွာ စသည့် ပေးမြဲဖြစ်သော မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတရပ် ကို လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရကလည်း လွတ်လပ်ရေးနေ့ များတွင် လွတ်လပ်ရေး ဘွဲ့တံဆိပ်ကို ထိုက်သင့်သည့် အမှုထမ်း အရာထမ်းတို့အား ပေးအပ်ချီးမြှင့်ခြင်းဖြင့် ပြန်လည်ဖော်ထုတ် လိုက်ပေသည်။
ပြည်ထောင်စုမြန်မာ နိုင်ငံတော် အစိုးရ သည် ပြည်သူ့ဝန်ထမ်း တို့ အား ဂုဏ်ထူး ဘွဲ့တံဆိပ်တို့ ချီးမြှင့်ရန် အတွက် လွတ်လပ်သော မြန်မာ နိုင်ငံတော်၏ အဆင့်အတန်း အခြေအနေ နှင့် လျော်ညီသော ဘွဲ့တံဆိပ် အမည် နာမတို့ကို ပြဋ္ဌာန်းရန် ကော်မတီ တရပ် ခန့်အပ် ကာ အကြံပေး အစီရင် ခံခဲ့စေ၍၊ ထိုကော်မတီက ထောက်ခံအကြံပေး သည့် အတိုင်း ယခု အခါဘွဲ့ထူးတံဆိပ်များကို အပ်နှင်း ချီးမြှင့် လျက်ရှိပေသည်။
ဂုဏ်ထူးဘွဲ့များကို ပိုင်းခြားသက်မှတ်ရန် စိစစ်အကြံပေးရာ၌ အဆိုပါကော်မတီသည် ဂုဏ်ထူးဘွဲ့ထူး အမျိုးအစား နည်းနိုင်သမျှနည်းအောင် သတ်မှတ်ထားရန် မြန်မာမင်းတို့လက်ထက်က သက်မှတ်ခဲ့သည့် ဘွဲ့တံဆိပ် အဆင့်အတန်းမှာ ပထမတန်းဘွဲ့(၁) အမှတ်ကစ၍ အနိမ့်အမြင့် (၁၁) ဆင့်ထိရှိသောဟူ၏။ ၎င်းတို့ကို မြန်မာ့ ယဉ်ကျေးမှုနှင့် ဝေါဟာရအသုံးအနှုန်းတို့ဖြင့် ညီစေလျက် ကမ္ဘာ့ထုံးတမ်းအစဉ်အလာ အဆင့်အတန်းများနှင့်လည်း ချင့်ချိန်နှိုင်းဆဘွယ်ရာဖြစ်စေခြင်းနှင့် သုံးနှုန်းခေါ်ဝေါ်မှုတွင်လည်း လွယ်ကူစေခြင်းတို့ကို အဓိကပြု၍ ကြံဆသတ်မှတ်ထားခဲ့ပေသည်ဟုဆိုသည်။
(၃) မျိုး (၃) စား
ဤသို့ဖြင့် နိုင်ငံတော်အစိုးရ၏ ဂုဏ်ထူးဘွဲ့ထူးနှင့် တံဆိပ်များကို သုံးမျိုးသုံးစား ခွဲခြားကာ ပြဋ္ဌာန်းပြီး ရှိလေသည်။ ၎င်းတို့မှာ (၁) သင်္ဂဟ၊ (၂) ဘွဲ့နှင့် (၃) တံဆိပ်တို့ ဖြစ်လေသည်။ အဆိုပါ ဂုဏ်ထူးဘွဲ့တံဆိပ်များကို နိုင်ငံတော် သမ္မတက သက်ဆိုင်ရာဌာနဝန်ကြီးများ၏ ထောက်ခံချက်အရ အပ်နှင်းချီးမြှင့်ရမည်ဖြစ်ပေသည်။
သင်္ဂဟ
သင်္ဂဟကို အုပ်ချုပ်ရေး ဝန်ထမ်းများနှင့် စစ်ဝန်ထမ်းများအတွက် သီးခြားသက်မှတ်ထားရှိ၏။ ၎င်းတို့မှာ အဆင့်အတန်းအားဖြင့် တူညီကြသော်လည်း အဆောင်အယောင်များ ကွဲပြားကြလေသည်။ သင်္ဂဟအဆင့်အတန်း ကို (၂) မျိုး (၂) စားသတ်မှတ်ထားရှိ၏။ ပထမအမျိုးမှာ “သုဓမ္မသင်္ဂဟ” ဖြစ်၍၊ ဒုတိယမှာ “ပြည်ထောင်စုသင်္ဂဟ” ဖြစ်လေသည်။
သုဓမ္မသင်္ဂဟ
တဖန် “သုဓမ္မသင်္ဂဟ” ကို အောက်ပါအတိုင်း သုံးဆင့်ခွဲခြားထားရှိ၏။ ပထမအဆင့်မှာ “အဂ္ဂမဟာ သီရိသုဓမ္မ” ဖြစ်၍ ယခင် (G.C.S.I) သို့မဟုတ် (G.C.M.G) ဟူသော ဗြိတိသျှသင်္ဂဟ အဆင့်အတန်းနှင့် တူညီလေသည်။ ဒုတိယ အဆင့်မှာ “သတိုးသီရိသုဓမ္မ” ဖြစ်၍၊ (K.C.S.I ) သို့မဟုတ် (K.C.M.G) အဆင့်အတန်းနှင့် တူညီလေ သည်။ “တတိယသုဓမ္မသင်္ဂဟ” အဆင့်အတန်းမှာ “မဟာသီရိသုဓမ္မ” ဖြစ်၍၊ (C.S.I) သို့မဟုတ် (C.M.G) ဆင့်အတန်းနှင့် တူညီလေသည်။
ပြည်ထောင်စုသင်္ဂဟ
ပြည်ထောင်စုသင်္ဂဟကိုကား ငါးဆင့်ငါးတန်း ခွဲခြားထားသည်။ ပြည်ထောင်စုသင်္ဂဟ ပထမအဆင့်အတန်းမှာ “အဂ္ဂမဟာသရေစည်သူ” ဖြစ်၍၊ ဗြိတိသျှသင်္ဂဟဖြစ်သော (G.C.I.E) သို့မဟုတ် (C.B.E) အဆင့်အတန်းနှင့် တူညီလေသည်။
ဒုတိယအဆင့်အတန်းမှာ “သတိုးမဟာသရေစည်သူ” ဖြစ်၍၊ (K.C.I.E) သို့မဟုတ် (K.B.E ) နှင့် တူညီလေသည်။
တတိယအဆင့်အတန်းကား “မဟာသရေစည်သူ” ဖြစ်၍၊ (C.I.E) သို့မဟုတ် (C.B.E) နှင့်တူညီပေသည်။
စတုတ္ထအဆင့် “သရေစည်သူ” ကို (O.B.E) အဆင့်အတန်းနှင့် လည်းကောင်း၊ ပဉ္စမအဆင့်မှ “စည်သူ” ကို (M.B.E) အဆင့်အတန်းနှင့်လည်ကောင်း တူညီအောင်ပြဋ္ဌာန်းထားပေသည်။
ဤပြည်ထောင်စု သင်္ဂဟငါးမျိုးအပြင် စည်သူတံဆိပ်ကိုလည်း သတ်မှတ်ထားရှိပေသေးသည်။ သင်္ဂဟ ဂုဏ်ထူး ချီးမြှင့်ခံရသူတို့အား စလွယ်များ၊ တံဆိပ်များ သီးခြားဆင်မြန်းရန်လည်း အဆောင်အယောင်တို့ကို သတ်မှတ်ထား ပေသည်။
ဘွဲ့ထူးများ
ဘွဲ့ထူးများကိုကား အချုပ်အားဖြင့် သုံးစားခွဲခြား ပြဋ္ဌာန်းထားရှိ၏။ ပထမအမျိုးအစားမှာ သာသနာရေးဘွဲ့ထူး ဖြစ်၍၊ ယခင်ကအတိုင်း “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့ဟု ပြဋ္ဌာန်းကာ ၎င်းဘွဲ့ချီးမြှင့်ခြင်းခံရသော ပုဂ္ဂိုလ်တို့အား ခပ်နှိပ်ရန် တံဆိပ်နှင့်တကွ ဝတ္ထုပစ္စည်း ထောက်ပံ့ကြေးကိုပါ သတ်မှတ်ထားပေသည်။
သီရိပျံချီဘွဲ့
အခြားကိစ္စအရပ်ရပ်တို့အတွက် ဘွဲ့ထူးချီးမြှင့်ရန်ကိုကား ယခင် (K.S.M) နှင့် အဆင့်အတန်းတူညီသည့် “သီရိပျံချီ” ဘွဲ့ကို သတ်မှတ်ထားလေသည်။ ဤဘွဲ့ထူးကို အုပ်ချုပ်ရေးဌာနမှလည်းကောင်း၊ စစ်ဘက်ဌာနမှလည်းကောင်း အရာရှိ အရာခံမဟုတ်သူများအားလည်းကောင်း ယောက်ျား၊ မိန်းမ မဟူ အပ်နှင်းချီးမြှင့်ခြင်း ခံနိုင်ပေသည်။
၎င်းတို့မှာ စစ်မှုထမ်းများအတွတ် “ဇေယျကျော်ထင်”၊ ရဲနှင့် အုပ်ချုပ်ရေးအမှုထမ်းများအတွတ် “၀ဏ္ဏကျော်ထင်”၊ စာပေနှင့် အနုပညာအတွတ် “အလင်္ကာကျော်စွာ”၊ သိပ္ပံနှင့် စက်မှုလက်မှုဆိုင်ရာအတွက် “သိပ္ပံကျော်စွာ” ဟူ၍ ဖြစ်ပေသည်။ ဤဒုတိယတန်းစားဘွဲ့များကား ယခင် (T.D.M, A.T.M နှင့် T.P) ဘွဲ့များနှင့် အဆင့်အတန်းတူညီ လေသည်။
တိုက်ပွဲဝင် ရဲရဲတောက် သူရဲကောင်းဘွဲ့တံဆိပ်များ
နိုင်ငံတော်အစိုးရက တိုက်ပွဲဝင်ရဲရဲတောက် သူရဲကောင်းများအား တံဆိပ်များချီမြှင့်ရန် ပြဋ္ဌာန်းထားချက်မှာကား အောက်ပါအကြောင်းအရပ်တို့ကို အခြေပြု၍ ချီးမြှင့်ရန် ဆုံးဖြတ်ထားရှိပေသည်။ ၎င်းတို့မှာ (၁) ရဲစွမ်းသတ္တိနှင့် ပြည့်စုံ၍ ရန်သူနှင့် ရင်ဆိုင်ရချိန်၌ အလုပ်ဝတ္တရားကို စွဲမြဲစွာ ဆောင်ရွက်ခြင်း၊ (၂) သူရဲကောင်းပီစွာ ဆောင်ရွက် ခြင်း၊ (၃) စစ်အတွင်း သို့မဟုတ် ငြိမ်းချမ်းနေသည့်အခါ၌ ထူးချွန်သော အမှုထမ်းရှိခြင်း၊ (၄) သစ္စာရှိစွာ အမှုထမ်း တာရှည်ခြင်းနှင့် တာဝန်ကြီးလေးသော တိုက်ပွဲ သို့မဟုတ် အောင်မြင်နိုင်နင်းသော တိုက်ပွဲများ၌ အမှုထမ်းဖူးခြင်း တို့ ဖြစ်လေသည်။
ရဲစွမ်းသတ္တိနှင့် ပြည့်စုံ၍ ရန်သူနှင့် ရင်ဆိုင်ရချိန်၌ အလုပ်ဝတ္တရားကို စွဲမြဲစွာဆောင်ရွက်ခြင်းအတွတ် ပြဋ္ဌာန်းထား သော တံဆိပ်များမှာ သုံးမျိုးသုံးဆင့်ရှိ၍ ပထမအဆင့်မှာ “အောင်ဆန်းသူရိယ” တံဆိပ်ဖြစ်၍ ဒုတိယတန်းအဆင့် အတန်းမှာ “သီဟသူရ” တံဆိပ်ဖြစ်သည်။ တတိယ အဆင့်ကား “သူရ” တံဆိပ် ဖြစ်သည်။ ကာကွယ်ရေးတပ်များ တွင် ဝင်ရောက်အမှုထမ်းသည့် သို့မဟုတ် ကူညီသည့် အရပ်သားများလည်း အထက်ပါတံဆိပ်များကို ရနိုင်ခွင့်ရှိသည်။
သူရသတ္တိနှင့် ပြည့်စုံ၍ အလုပ်ဝတ္တရား စွဲမြဲစွာဆောင်ရွက်သော်လည်း “သူရ” တံဆိပ်များ ချီးမြှင့်နိုင်လောက်သော အရည်အချင်းမရှိသူတို့အား သူရဲကောင်းမှတ်တမ်းဝင်အဖြစ် အသိမှတ်ပြုကာ “အောင်သပြေ” တံဆိပ်များ ချီးမြှင့်လေသည်။
အောင်ဆန်း နှင့် သီဟဗလတံဆိပ်
အသက်ကိုမငဲ့ဘဲ သူရဲကောင်းပီသစွာ အမှုထမ်းဆောင်ခြင်းအတွက်ကိုကား “အောင်ဆန်း” တံဆိပ်နှင့် “သီဟဗလ” တံဆိပ်နှစ်မျိုးသက်မှတ်ထားကား ၎င်းတို့ကို စစ်မှုထမ်းရော အပြင်လူများကိုပါ ချီးမြှင့်နိုင်လေသည်။ စစ်အတွင်း ရန်သူနှင့် ရင်ဆိုင်ရသော်လည်း ထူးချွန်စွာ အမှုထမ်းသူတို့အား စစ်မှုထမ်းကောင်း မှတ်တမ်းဝင်များ အဖြစ် အသိမှတ်ပြုနိုင်လေသည်။
စစ်မှုထမ်းကောင်းတံဆိပ်
သစ္စာရှိစွာဖြင့် ကာလတာရှည်စွာ အမှုထမ်းသူများအား စစ်မှုထမ်းကောင်းတံဆိပ်များကို ပထမ၊ ဒုတိယ၊ တတိယ အားဖြင့် သုံးမျိုးခွဲခြား၍ ချီးမြှင့်နိုင်သေးသည်။ စစ်မှုထမ်းကောင်း တတိယရရှိသူများအား အငြိမ်းစား ရိပ်ခါပေးသည့် အခါ၌ အမတော်ငွေကိုပါ ချီးမြှင့်ခံရလေသည်။
အထက်ဖော်ပြပါ တံဆိပ်များကို ရာထူးရာခံခွဲခြားခြင်းမပြုဘဲ အရည်အချင်းနှင့် ပြည့်စုံသောအမှုထမ်းမှန်သမျှ ထိုက်သင့်သည့်အလျောက် ချီးမြှင့်ခံရမည် ဖြစ်ပေသည်။
အောင်ဆန်းသူရိယ၊ သီဟသူရနှင့် သူရတံဆိပ်ရသူတို့သည် ငွေကြေးချီးမြှင့်ခြင်းကို ခံရပေမည်။ ၎င်းအနက် အောင်ဆန်းသူရိယအတွက် ချီးမြှင့်မည့် နှုန်းကိုဖော်ပြရပါမူ အသက်ဆုံးပါးသွားအောင် စွန့်စားသူများအတွက် ဆုငွေ (၅,ဝဝဝ) ကျပ် တကြိမ်နှင့် လစဉ်ကြေး (အရာရှိများအတွက်) (၁,ဝဝ၀) ကျပ်ဖြစ်ကာ အသက်ဆုံးပါးခြင်း မရှိသော လက်အောက်အမှုထမ်းတို့အား ဆုငွေ (၂,၅ဝဝ) ကျပ် တကြိမ်နှင့် လစဉ်ကြေး (၅ဝ) ကျပ် ချီးမြှင့်ရန် သတ်မှတ်ထားရှိလေသည်။
ပြဋ္ဌာန်းထားသောတံဆိပ်များအနက် ကာလအပိုင်းအခြားအားဖြင့် ချီးမြှင့်ခဲ့သောတံဆိပ်များကား တိုက်ပွဲဝင် တံဆိပ်များ၊ အရေးတော်ပုံတံဆိပ်၊ လွတ်လပ်ရေး စည်းရုံးရေးတံဆိပ်၊ လွတ်မြောက်ရေးတံဆိပ်၊ လွတ်လပ် ရေးတံဆိပ်နှင့် နိုင်ငံတော်စစ်မှုထမ်းတံဆိပ်တို့ ပါဝင်သည်။
၎င်းအပြင် ပြည်ထောင်စုရဲနှင့် မီးသတ်ဌာနများအတွက်လည်း ရွှေတံဆိပ်နှင့် ငွေတံဆိပ်များ သတ်မှတ်ထားကာ ၎င်းတံဆိပ်ချီးမြှင့်ခြင်းခံရသူတို့သည် လစဉ်ထေက်ပံ့ကြေးများလည်း ရရှိလေသည်။
ဤသည်တို့ကား လွတ်လပ်သောပြည်ထောင်စု မြန်မာနိုင်တော်အစိုးရ၏ ဂုဏ်ထူး၊ ဘွဲ့ထူးနှင့် တံဆိပ်များ ချီးမြှင့်ပုံပြဋ္ဌာန်းချက် အကျဉ်းချုပ်ဖြစ်ပေသတည်း။ ပေးအပ်သောဘွဲ့အမည် အရည်မှာ မြန်မာဆန်၍၊ အဆင့်အတန်း သတ်မှတ်ပိုင်းခြားထားပုံမှာ ကမ္ဘာ့ထုံးတမ်းစဉ်လာနှင့်အညီ စီစဉ်ထားသောကြောင့် ခေတ်မီသောဘွဲ့တံဆိပ် ချီးမြှင့်ဟု ဆိုနိုင်လောက်ပေသည်။
ဘွဲ့တံဆိပ်နှင့် ပတ်သက်သည့်အချက်အလက်များ
ဤတွင် ဘွဲ့တံဆိပ်ချီးမြှင့်မှုနှင့် ပက်သက်၍ မှတ်သားသင့်သည့် အချက်လက်များကို “ဝေါဟာရလိနတ္တ ဒီပဏီ” စသောကျမ်းများမှ ရှာဖွေကောက်နုတ်၍ ဖော်ပြလိုပေသည်။
ဘုရင်ဧကရာဇ်မင်းမြတ်က သင့်ရာဘွဲ့သနားတော်မြတ်ခံစေ အမိန့်တော်ရှိလျှင် လူအင်လူအား အမှုထမ်း အမှုရည် ကိုကြည့်၍ လက်ရုံးရည် အမှုထမ်းဘွဲ့နှင့် သင့်မည့်၊ နှလုံးရည် အရာထမ်းဘွဲ့နှင့် သင့်မည် ထောက်ချင့် ဆင်ခြင်၍ ဘွဲ့ကိုရခံရာသည်။
ဓမ္မပဒ အဋ္ဌကထာတွင်လာသော အရိယာမည်သောသံဃာကို မြတ်စွာဘုရားကဲ့ရဲ့တော်မူသကဲ့သို့ ဘွဲ့အမည်နှင့် လူရည်မလျော်ပညာရှိတို့ကို ကဲ့ရဲ့စရာမဖြစ်စေရာ။
ကမ္ဘာ့တန်းဆာ ရာဇမတ္တဏ် ကျမ်းတွင်လည်း “ယယာစာရံ၊ အမျိုးအကျင့်နှင့် လျော်သောတံနာမံ၊ ထိုအမည်ကို ကရေယျ ပြုရာ၏ မှည့်ရာ၏” ဟု ဆိုချေသည်။
“ခြေကသည်မြင်း၊ သန်လျင်းထမ်းစင်၊ ဆင်ကားပေါင်းချက် ရွှေကထက်ဝယ်” စပ်ဆိုသကဲ့သို့ ၎င်း “ခေတ္တံ ဝါဒေဟိဂါမံ ဝါဒေသံဂါမမသောဘဏံ” ဟူ၍ အလင်္ကာကျမ်းတွင်ပြသကဲ့သို့ ကမစ္စုတဒေါသ လွတ်ကင်းရာသည်။
ငယ်ဦးမှ ကြီးတက်သည်။ ကြီးလွယ်ချေက ငယ်တက်စွဟု ပညာရှိမင်း ရာဇာပြောဆိုဆုံးမဖူးသော စကားလည်း ထင်ရှားရှိသည်။
အမှုထမ်း မှူးမတ်တို့မှာလည်း ဘွဲ့၊ ထီး၊ အစီးအနင်း၊ အဆောင်အရွက် အရာဌာနကို တစတစ သူကောင်းပြုခံရမှ အရှည်အမှုတော်ကို ထမ်းကုန်နိုင်ရာသည်။
ဘွဲ့အမည်ကို ရှေးမင်းတို့ လက်ထက်ပေးခဲသည်။ ပွဲလမ်းရမှ ဘွဲ့အမည်ပေးကြောင်းကိုလည်း ရာဇဝင်တမ်း ထုံးစံများ တွင်လာသည်။
လယ်ယာမြေစားထက် ရွာစားကသာသည်။ ရွာစားထက် အမည်ရကကြီးသည်။ အမည်ရထက် ဋ္ဌာနန္တရနေရာက သာလွန်ကြောင်းကိုလည်း ပညာရှိမှူးကြီး မတ်ကြီးတို့ ပြောစဉ်ရှိသည်။
မဟာရာဇဝင်တွင် အနောက်ဘက်လွန်မင်းတရားကြီးလက်ထက် မှူးကြီးမတ်ကြီး သားသမီးတို့ကို ငယ်မည် ပျောက်အောင် ဒိုင်းမှူး၊ သင်းမှူး၊ သွေးသောက်ကြီး၊ မြင်းခန့်တော်မူ၍ ကျေးရွာခန့် ပေးတော်မူကြောင်းကိုသာ ဆိုသည်။ ဘွဲ့အမည်ပေးကြောင်းကိုမဆို။
သီရိသုဓမ္မရာဇာမဟာဓိပတိ တံဆိပ်နာမံတော်ရှိသော သာလွန် မင်းတရားကြီးသည် သက္ကရာဇ် ၉၉၁ ခု နန်းတက်တော် မူဦးက ငထင်ငယ်ကို “မဟာတရာ့ဖျား” ဘွဲ့အမိန့်တော်ရှိသည်ကို ဘုရားကျွန်တော်ထက် အမှုထမ်း ရင့်မာသူတို့ အများရှိပေသည်။ ကိုယ်တော်မြတ်ကို ထိုသူတို့က ငထင်ငယ်ကို ဘွဲ့ကြီးပေးလေ သည်ဟု ဝမ်းနည်းဖွယ်ရန်ရှိပါသည်။ ဘုရားကျွန်တော်ငယ်မည့် နှင့်ပင် အမှုကိုထမ်းပါမည်။ ကိုယ်ကိုနှိမ့်ချလျှို့ဝှက်၍ လျှောက် ခြင်းတပွဲဟူ၍ ဝန်ကြီးနန္ဒယော်ဓာခံ ငထင်ငယ်ကလေး ၁ဝ ရကြောင်းကိုဆိုသော ရှေးစာတမ်းဟောင်းတွင် လားသည်ကို ထောက်၍ ကိုယ်နှင့်လျောက်သော ဘွဲ့အမည်ကိုခံရမှ ဆံထုံးတန်- ပန်းတန်။ ထုပ်တန်- လျောက်တန် ဆိုသကဲ့သို့ ရှေကနောက်ကောင်းရာ၏။
သူဇာပျို့တွင်လည်း “ကျွန်တော်မျိုးများ၊ အခြားခြားကို၊ သနားကြည်ဖြူ၊ ချစ်စွာမူလည်း ဆူဆူပျိုးပျိုး၊ လည်ဖျိုးအားအင်၊ မရှိခင်ကို၊ အလျင်လျင်၊ မြှောက်တင်အံ့ငှာ၊ အရာမြင့်အောင်၊ ဆောင်ယောင်ကြီးကျယ် မပေးလွယ်နှင့်၊ မဆွယ်မငံ့၊ အနှံ့အပြား၊ ပေးလွန်ငြားအံ့၊ မြင်များသော်ငယ်၊ နမ်းများပြယ်ဟု၊ လူဝယ်စည်ရှည်၊ ဆိုသည်နှင့် လျော်တွင်ခေါ်မည်သာ၊ အရာအချက်၊ မင်းဆောင်ရွက်သည်၊ ပေါ့ပျက်သိမ်နွဲ့၊ မှက်ဖွဲ့လွယ်ကာ၊ ဖြစ်လေရ၏” ဟု စပ်ဆိုသည်များကိုလည်း နှလုံးထားကုန်မူလေရာသည်။
သီရိနန္ဒသူ၏ ရာဇဗလပျို့တွင်လည်း “ဘုန်းပွင့်အဝှန်၊ သာလွန်မင်တရား၊ နရဖျားလည်း၊ ဗညား ကျန်းတော၊ ကျော်စောထင်ပေါ်၊ အမတ်တော်လျှင်၊ စစ်သော်ထိုးသွား၊ ကျေးဇူးအားဖြင့်၊ သားနှစ်ယေက်မှာ၊ သညာထူးလည်း၊ ရွှေဘွဲ့ချည်၏၊ ပြန်သည်ကာလ၊ သားတို့ကလည်း၊ ဘွဲ့ရကြောင်းကို၊ ကြားလျောက်ဆိုက၊ ငါ့ကိုသို့သာ၊ မျက်နှာထောက်ထား၊ ငါ့သားများသည်၊ ရွှေဘွဲ့ချည်ဟု၊ စိတ်ရည်တွေချင့်မင်းတို့နှင့်ကား၊ ဘွဲ့ဖြင့်မတန်၊ အရှင့်ရန်ကို၊ တတန်သာမျှ၊ မအောင်ကြတည့်၊ မမျှစိတ်လို၊ ရွှေဘွဲ့ကိုလျှင်၊ အပ်ဆိုသက၊ ပြန်လေရ၏၊ သည်မှနည်းယူ၊ မှူးမတ် ဟူက၊ ကိုယ့်မူ၊ ကိုယ့်သား၊ မထောက်ငြားနှင့်၊ တိုင်းကားကိုသာ၊ မြတ်နိုးရာ၏၊ ရာဇာမင်းလည်း၊ ထိုးနည်းမှတ်ရည်၊ မည်မည်ဝါးဝါး၊ သူတို့အားကို၊ သနားသဖြင့်၊ မချီးမြှင့်နှင့်၊ သင့်တော်သည်သာ၊ ပေးကမ်းရာသည်၊ စာနာနှိုင်းရှင်သင့်သည်ဘုရား” ဟူ၍ ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းနှင့် ပတ်သက်သည့် ဥပဒေသကို ပြဆိုထားပေသည်။
ဤရာဇဗလပျို့လာ ဘွဲ့တံဆိပ်ပေးအပ်ခြင်းလင်္ကာနှင့် ညီစွာ၊ ရတနာသိင်္ဃမြို့တည် နန်းတည် အလောင်းမင်းတရားကြီးရှုတော်မူရန် အတုလဆရာတော် ဆက်သွင်းသည့် လောကဓမ္မထုံးဟောင်းတွင် စကားပြေနှင့် ဖော်ပြပါရှိသည်မှာ “သာလွန်မင်းတရား အမတ်ဗညားကျန်းတော တပါးသို့သွားစဉ်၊ သားနှစ်ယောက် ကို လွှတ်တော်ကခေါ်၍ ဘွဲ့အမည်ပေးနှင့်၏၊ အဘရောက်လျှင် ဘွဲ့အမည်ရကြောင်း ဝမ်းမြောက်ဝမ်းသာ ပြောကြ ၏။ ငါ့သခင် ငါ့မျက်နှာကိုထောက်၍ ငါ့သားများကို ဘွဲ့အမည်ပေးသည်ဖြစ်ခြေရာ၏၊ သည်ကဲ့သို့ပြု၍ ပြည်ရွာမဖြင်း ပြီလော၊ အရာလော၊ အရာမဟုတ်၊ မင်းတို့ကြောင့် ငါ့သခင် ရန်သူခွေးတကောင်ကိုမျှနိုင်ဖူးချေ၊ မင်းတို့သည် ဘွဲ့ကို ခံ၍ အရှင့်အမှုကို မပြက်စွန့်စား၍ ထမ်းပေသည်၊ သူတို့ဘယ်ဘွဲ့ကို ခံရမည်နည်း သူဘွဲ့ကို အပ်ပချေဆို၍ သားနှစ်ယောက် လွှတ်မှာ သွား၍အပ်ရ၏။
(၁) သည်ထုံးကိုထောက်၍ မင်းဧကရာဇ်တို့သည် အမှုမထမ်းသူကို အမှုထမ်းဘွဲ့ ကြီးကြီးမားမား ချီးမြှောက်လိုသည် ဟူ၍ မပေးရာချေ၊ ပေးသော်လည်း အခွင့်ကြီးကြီးမားမား မပေးရာချေ၊ တထုံးယူလေ။
(၂) ပေးသည်ဟူ၍ အင်မတန့်သည်ကို မခံရာချေ၊ တထုံးယူလေ။
(၃) မှူးကြီး မတ်ကြီးတို့လည်း ဗညားကျန်းတောကဲ့သို့ သားသမီးထက် ပြည်ထဲရေးရာကို ချစ်ရာချေ၏၊ တထုံးယူလေ။
ဤသည်တို့ဖြင့် ဘွဲ့တံဆိပ် ချီးမြှင့်မှု၌ ပုဂ္ဂိုလ်နှင့် ဘွဲ့တံဆိပ် အဘယ်မျှ အံကျဖြစ်ဖို့ လိုသည်ကို
သိနိုင်လောက်ပေသည်။
(လူထုဂျာနယ် အမှက် (၄၅) ဇန်နဝါရီ ၁၉၅၃ ပါဆောင်းပါးအား ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်)
No comments:
Post a Comment