Sunday, April 5, 2009

စစ်တွေမှ နာမည်ကြီး နေရာ ၄ ခုတွင် လုံခြုံ အထူးတင်းကျပ်

Narinjara News

မင်းအောင် (နိရဉ္စရာ) ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့မှ အထင်ကရ နေရာ ၄ ခုတွင် လုံခြုံရေးကို ယနေ့တွင် အထူးတင်းကျပ်ထားလိုက်သည်ဟု သတင်းရရှိသည်။

အမည်မဖေါ်လိုသူ ရှေ့နေ တဦးက “အဓိက ရဲတွေကို အပြည့်ချပြီး လုံခြုံရေးကို တင်းကျပ်လိုက်တာ ဖြစ်ပါတယ်။ ဘာကြောင်း တင်းကျပ်လိုက်သလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး”ဟု ပြောသည်။

လုံခြုံရေး တင်းကျပ်လိုက်သော နေရာများမှာ ဦးဥတ္တမ ပန်းခြံ၊ ဘုရားကြီး၊ ဝေသာလီ အားကစားကွင်းနှင့် ရဲချုပ်ရုံးတို့ဖြစ်သည်။

“ကျနော် အထင်တော့ နေရာ တခုစီမှာ ရဲသား ရာဂဏန်းလောက်စီ ရှိမယ် ထင်ပါတယ်။ ၀တ်စုံပြည့်နဲ့ စောင့်ကြပ်နေပါတယ်။ ဦးဥတ္တမ ပန်းခြံမှာတော့ ဒုရဲမှူးကြီး သက်နိုင်ကိုယ်တိုင် စောင့်နေတာကို တွေ့ရပါတယ်”ဟု အဆိုပါ ရှေ့နေမှ ပြောသည်။

မည်သည့် အတွက်ကြောင်း လုံခြုံရေးကို တိုးမြှင့် ချထားသည်ကို မသိရှိရသေးသော်လည်း ယနေ့တွင် ဘူးသီးတောင်မှ ပြန်ရောက်မည့် ပြည်ထဲရေး ဒုဝန်ကြီး ဖုန်းဆွေ ခရီးစဉ်နှင့် သက်ဆိုင်နိင်ကြောင်း အမည်မဖေါ်လိုသူ မြို့ခံ တဦးက ပြောသည်။

ပြည်ထဲရေး ဒုဝန်ကြီး ဖုန်းဆွေမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ သွားရောက်ခဲ့ပြီး မောင်တော နယ်စပ်တွင် ကာရံနေသည့် ခြံစည်းရိုးကို စစ်ဆေးခဲ့သည်ဟု အရပ်ဘက် ဆိုင်ရာ သတင်းရပ်ကွက်အရ သိရသည်။

ယခုအပတ်အတွင်း နဖအ ၀န်ကြီး အများအပြား ရခိုင်ပြည်နယ်သို့ လာရောက် လည်ပတ်ခဲ့ရာ ထိုအထဲတွင် ပြည်ထဲရေး ဒုဝန်ကြီး အပါအ၀င် လျှပ်စစ် (၁) ၀န်ကြီးနှင့် ပို့ဆောင် ဆက်သွယ်ရေး ၀န်ကြီးလည်း ပါဝင်ခဲ့သည်။

No comments: