ဒေါက်တာလွဏ်းဆွေ
နအဖကျွေးမည်ဆိုသည့် ၂၀၁၀ ရွေးကောက်ပွဲ မုန့်ဆီ ကြော် က ဘယ်ဆီနေမှန်းမသိ၊ အတိုက်အခံတွေနှင့် နိုင်ငံတကာ လူကြီးမင်းများဆီကတော့ နှုတ်ခမ်းနာနှင့် တည့်ပါ့မလားဆိုသည် မျိုး စိတ်ကူး ယဉ် မှန်းဆချက် မျိုးစုံ၊ အသံဗလံမျိုးစုံ ကြွက်ကြွက် ညံလို့နေသည်။
ကုလသမဂ္ဂ၊ အီးယူအပါအ၀င် နိုင်ငံတကာလူကြီးမင်းများက တမတ်သား အနုတ်ခံထားရသည့် အတုအယောင် အခြေခံဥပဒေကို အလေး မထားတော့ဘဲ (မေ့ချင်ယောင်ဆောင်နေသည်လားမသိ) ၂၀၁၀ ရွေးကောက်ပွဲ တွင် အားလုံးပါဝင်နိုင်ရေးကိုသာ လုပ်ဆောင်ဖို့ နအဖကို တိုက်တွန်းနေတော့သည်။
မသာအိမ် ဖဲတက်ရိုက်ရသည်ကို အရသာတွေ့နေသည့် တရုတ်၊ အိန္ဒိယနှင့် အာဆီယံ ငို့ဘများကလည်း နအဖလုပ်သမျှ ဆန့်ကျင်ပြော ဆိုခြင်း အလျဉ်းမရှိဘဲ နအဖဖြစ်ချင်သည့်ပုံစံ ရှောရှောရှူရှူ ဖြစ်မြောက်ရေးကိုသာ အသံတိတ် ဆုတောင်းပေးနေပုံပေါ်သည်။
နအဖဘက်က သွားချင်သည့် ပုံစံကိုတော့ ရှင်းရှင်းလင်းလင်း မြင်နေရသည်။ အာဏာကို အရပ်သားအစိုးရ စစ်စစ်ထံ လွှဲအပ်ပြီး စစ်တန်းလျားကိုပြန်ရန် လုံးဝစိတ်ကူးမရှိ။ မြန်မာ့နိုင်ငံရေးတွင် ဦးစီးဦးဆောင်အခန်းကဏ္ဍမှ ဆက်လက်ဗိုလ်ကျ ပါဝင်လိုသည့်အတွက် ပါလီမန်၏ ကိုယ်စားလှယ်တမတ်သားကို ၂၀၀၈ ညောင်နှစ်ပင် အခြေခံဥပဒေအား မျက်နှာပြောင်တိုက် ဇွတ်အတင်း အတည်ပြုခြင်းဖြင့် ကြိုတင်ရယူထားသည်။
ထို့အပြင် စစ်တပ်မှ အရပ်ဘက်ပြောင်းကာ ကိုယ်စားလှယ်အရွေးခံမည့် ဘောင်းဘီချွတ်များ၊ နအဖအကြိုက် ခေါင်းညိတ်ခေါင်းခါလုပ်မည့် စွမ်းအားရှင်၊ ကြံ့ဖွံ့၊ ၈၈ မျိုးဆက်အတု၊ အန်အယ်လ်ဒီခွဲထွက် အမတ်တွေလို ပုတ်သင်ညိုများနှင့်လည်း ကျန် (၇၅) ရာခိုင်နှုန်းကို ရာနှုန်းပြည့်နီးပါးရရှိအောင် နအဖက အကွက်ချ လုပ်ဆောင်နေသည်။ တနည်းအားဖြင့် စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်နေမှုအား နိုင်ငံတကာက တရားဝင် အသိအမှတ်ပြု လက်ခံလာရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ကျင်းပပြီး မျက်လှည့်ပြ လိုခြင်းဖြစ်သည်။
လွှတ်တော်ထဲတွင် ရာခိုင်နှုန်းအနည်းငယ်သော အတိုက်အခံများ အဖြစ် တချိန်က နအဖနှင့် မဟာမိတ်ဟောင်းဖြစ်ခဲ့သည့် တစညပါတီ၊ လက်နက်ချငြိမ်းအဖွဲ့များ၊ ရွေးစရာလမ်းမရှိ ထွက်ပေါက်ပိတ် နေသည်ဟု ယူဆ၍ အကြံကုန်ဂဠုန်ဆားချက် မည့် ပြည်တွင်းမှ ဆရာမောင်စူးစမ်း၊ ပြည်ပမှ ဦးအောင်သူငြိမ်းတို့ လိုင်းဝင် ရသလောက်ယူရေးသမားများနှင့် နအဖစစ်ဘောင်းဘီ အောက် ခေါင်းဝင်လျှိုကာ ကိုယ်ကျိုးစီးပွားရှာမည့် သိုက်သမား အချို့လောက်ကိုသာ မြင်ရကောင်းမြင်ရနိုင်သည်။
နအဖကတော့ ဖြစ်နိုင်လျှင် ကျန်သည့် (၇၅) ရာခိုင်နှုန်းကိုလည်း သူတို့လျာထားသည့် ကိုယ်စားလှယ်တွေ ချည်း အကုန်နီးပါး အနိုင်ရရှိအောင် ဇာတ်ကြမ်းတိုက် လုပ်ဆောင်ဦးမည်ဖြစ်သည်။ ဆန္ဒခံယူပွဲနမူနာကို ကြည့်ခြင်းအားဖြင့် နအဖတွင် လုပ်ဆောင်နိုင်သည့် အနေအထား၊ အင်အားရှိနေသည်ကို တွက်ဆနိုင်သည်။
နအဖအတွက် အသက်တမျှ အရေးပါသည့် လမ်းပြမြေပုံအဆင့်ဖြစ်၍လည်း ဆန္ဒခံယူပွဲထက် ပိုလိမ်၊ ပိုညစ်၊ ပိုဇာတ်ကြမ်းတိုက်မည်မှာ ဗေဒင်မေးစရာလိုမည်မထင်။ ပါလီမန်တွင် နေရာအနည်းငယ် ရလိုရငြား ၀င်ရောက် ယှဉ်ပြိုင်မည့် ရသလောက်ယူရေးသမားများ၊ သိုက်တူးမည့်သူများ၊ တစညများ၊ ငြိမ်းအဖွဲ့များ အနေဖြင့် နအဖ၏ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်ပြု ၀င်ရောက်ယှဉ်ပြိုင်သည်ဆိုသည့် သမိုင်းအမည်းစက်ကြီးသာ အဖတ်တင်ကျန်ဖို့များပြီး အနိုင်ရဖို့ မသေချာ။
၂၀၁၀ ရွေးကောက်ပွဲကျင်းပဖြစ်လျှင် အထက်တွင်ပြောခဲ့သလို နအဖအနေဖြင့် ဆန္ဒခံယူပွဲတုန်းကကဲ့သို့ သူထင်ရာ စိတ်ကြိုက်ကြဲနိုင်သည့် အခင်းအကျင်းမျိုးရအောင် လုပ်ဆောင်နိုင်သည့် အနေအထားရှိသော်လည်း နအဖ အခက်တွေ့နေသည့် အကျပ်အတည်းတွေလည်း ရှိနေသည်။ ထိုသို့အကျပ်အတည်းတွေ ရှိနေသည့်အတွက် နအဖအနေဖြင့် အခုအချိန်အထိ ပါတီများတည်ထောင်ခွင့်နှင့် ရွေးကောက်ပွဲဥပဒေကို မထုတ်ပြန်ရဲသေးတာ ဖြစ်နိုင်သည်။
နအဖအတွက် နံပါတ် (၁) အကျပ်အတည်းသည် နိုင်ငံတကာက ပြောဆိုနေသော အားလုံးပါဝင်ဖို့ လိုသည်ဆိုသည့် အခင်းအကျင်း (အတုဖြစ်ဖြစ်) မျိုးရရှိအောင် သူတို့ပါဝင်ယှဉ်ပြိုင်စေချင်သည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို စည်းရုံးသိမ်းသွင်းနိုင်ခြင်း၊ ဖိအားပေး သိမ်းသွင်းနိုင်ခြင်းမျိုး မလုပ်ဆောင်နိုင်သေးသည့် အကျပ်အတည်းဖြစ်သည်။
ဥပမာအားဖြင့်ဆိုရလျှင် နအဖအနေဖြင့် သူတို့လုပ်သည့် ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြု လက်ခံလာစေရေးအတွက် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီနှင့် အခြားတိုင်းရင်းသားပါတီများ၊ ကေအန်ယူ၊ မွန်၊ အက်စ်အက်စ်အေ၊ ၀ အဖွဲ့တို့လိုမျိုး လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်ယှဉ်ပြိုင်ဖို့လိုသည်ဟု ခံယူထားပုံပေါ်သည်။ ထို့အတွက်လည်း နည်းအမျိုးမျိုးနှင့် လိုက်လံစည်းရုံး သိမ်းသွင်း ဖိအားပေးလုပ်ဆောင် နေသည်။
သို့သော် ယခုအချိန်အထိ အန်အယ်လ်ဒီပါတီအပါအ၀င် မြေပေါ်အဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့များ အားလုံးက နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ်ပေးရေး၊ ရွေးကောက်ပွဲဥပေဒေကို ပြန်လည်သုံးသပ်ရေးနှင့် တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ကိုသာ တညီတညွတ်တည်း ရပ်ခံတောင်းဆိုနေကြသည်။ နအဖအနေဖြင့် သူတို့လည်ပင်းကြိုးကွင်းစွပ်မည်ဟု ယူဆသည့် ထိုတောင်းဆိုမှုများကို လိုက်လျောနိုင်ခြင်းမရှိသည့်အတွက် ရှေ့မတိုးသာ နောက်မဆုတ်သာ အကျပ်အတည်းမျိုး ဆိုက်နေခြင်းဖြစ်နိုင်သည်။
နအဖအတွက် ကြီးမားသည့် နံပါတ် (၂) အကျပ်အတည်းမှာ သူတို့အချင်းချင်း အဝေမတည့်သေးသည့် အတွင်းစည်း အကျပ်အတည်း ဖြစ်နိုင်သည်။ စစ်တပ်အရာရှိများအနေဖြင့် အထက်အမိန့်အရ စစ်တပ်မှ ထွက်ပြီး အရပ်သားအဖြစ် ကူးပြောင်းကာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ငြင်းဆန်မှုများ၊ စိတ်မပါလက်မပါ ဖြစ်နေမှုများ ရှိနိုင်သည်။
အရာရှိအများစုက သူတို့အနာဂတ်အတွက် လုံခြုံစိတ်ချရသည့် တပ်ရာထူးတွင်သာ နေမြဲဆက်နေလိုမှုများကြောင့် အမိန့်မနာခံမှု၊ အာခံမှုများ ရှိလာနိုင်သည်ကို နအဖ အစိုးရိမ်ကြီးနေပုံပေါ်သည်။ တပ်တွင်းမတည်ငြိမ်မှုဖြစ်လျှင် အဆိုးဆုံးအနေအထားနှင့် အလျင်အမြန် ရင်ဆိုင်သွားရနိုင်သည်ကို နအဖစစ်အုပ်စု သဘောပေါက်သည့်အတွက် လည်း ထိုပြဿနာကို ဖြေရှင်းရန်အတွက် အချိန်ယူနေရသည့် အကျပ်အတည်းဆိုက်နေခြင်း ဖြစ်နိုင်သည်။
နံပါတ် (၃) အကျပ်အတည်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက် ကျောင်းသားများ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်မပေးဘဲ ရွေးကောက်ပွဲ ကျင်းပသင့် မသင့် နအဖ ခေါင်းခဲနေပုံပေါ်သည်။ နိုင်ငံရေးအကျဉ်းသားများကို လွှတ်မပေးဘဲ ရွေးကောက်ပွဲကို ဇွတ်ကျင်းပလျှင် လက်နက်အားကိုးဖြင့် ဖိနှိပ်ကျင်းပမှုကြောင့် ပြီးမြောက်သွားမည်ဖြစ်သော်လည်း ထွက်ပေါ်လာသည့် ရလဒ်ကို နိုင်ငံတကာက လက်မခံလျှင် လုပ်မောကြီးဖြစ်သွားမည်ကို နအဖစိုးရိမ်ပုံ ပေါ်သည်။ နိုင်ငံတကာက လက်ခံယုံကြည်အောင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးလိုက်ပြန်လျှင် လည်း အတိုက်အခံအင်အား ပိုမိုတောင့်တင်းလာမည်ဖြစ်သည့်အတွက် ဆုပ်လည်းစူး စားလည်းရူး အကျပ်အတည်းမျိုး နအဖဆိုက်နေနိုင် သည်။
နအဖအနေဖြင့် နံပါတ် (၂) အကျပ်အတည်းကို စစ်မိန့်စစ်သံနှင့် မီးသေသေ ကျော်လွှားနိုင်ပြီဆိုလျှင်တောင် နံပါတ် (၁) နှင့် နံပါတ် (၃) အကျပ်အတည်းကို အပြည့်အ၀ ကျော်လွှားနိုင်ရေးကတော့ နအဖအတွက် လုံးဝလွယ်ကူ နိုင်မည့် အခြေအနေမရှိပေ။ ဥပမာ - ကေအန်ယူအား ထိုင်းအစိုးရကတဆင့် ဖိအားပေး ခိုင်းနေသော်လည်း အဆင်ပြေမည့်ပုံမရှိ။ ကေအန်ယူအပါအ၀င် လက်နက်ကိုင်ထားဆဲ အဖွဲ့အစည်းများ သည် အခြားငြိမ်းအဖွဲ့များ ကဲ့သို့ လက်နက်ချကာ ပူးပေါင်းမည့်သဘောမျိုးနှင့် အညံ့ခံမည်မဟုတ်ဘဲ တန်းတူတွေ့ဆုံဆွေးနွေးရေးမှတဆင့် သာ ရွေးကောက်ပွဲကို စဉ်းစားမည်ဆိုသည့် ရပ်ခံချက်မျိုးနှင့် တိုက်ပွဲ ဆက်ဝင်နေမည်မှာ သေချာနေခြင်းကြောင့် ဖြစ်သည်။
အန်အယ်လ်ဒီပါတီအနေဖြင့်လည်း နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို နအဖက မလုပ်ဆောင်သရွေ့ ရွေးကောက်ပွဲကို မစဉ်းစားဟု ဆိုထားသဖြင့် နအဖအနေဖြင့် မလွယ်ရေးချမလွယ် ဖြစ်နေသည်။
ထိုသို့သော အခက်အခဲများရှိနေသည့်အတွက် နအဖက နိုင်ငံတကာမျက်စိလည်အောင် တ၀က်တပျက် ဖဲ့ထုတ်သည့်နည်းဖြင့် ကျုံးသွင်းနေသည်။ အန်အယ်လ်ဒီထဲက နည်းနည်း၊ အခြားလက်နက်ကိုင် အဖွဲ့အစည်းများ ထဲက နည်းနည်းစီပဲ့လာပြီး သက်ဆိုင်ရာ အဖွဲ့အစည်းဆိုင်းဘုတ်များနှင့် ရွေးကောက်ပွဲ ၀င်ပြိုင်အောင် လုပ်ဆောင်လာနိုင်သည်။ ထိုသို့ နည်းနည်းစီပဲ့ပါလာအောင်လုပ်ကာ ပါတီထောင်ခိုင်းဖို့ အိုကေပြီဟု အထင်ရောက်လေမှ ရွေးကောက်ပွဲဥပဒေနှင့် ပါတီထောင်ခွင့် နအဖ တရားဝင်ကြေညာမည်ဟု ယူဆရသည်။
နအဖအနေဖြင့် အန်အယ်လ်ဒီအပါအ၀င် အခြားမြေပေါ်အဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၏ တောင်းဆိုချက်များကို မလိုက်လျောဘဲ ရွေးကောက်ပွဲဥပဒေနှင့် ပါတီထောင်ခွင့်ကို ကြေညာချက် ဇွတ်အတင်း ထုတ်ပြန်လိုက်ပြီဆိုလျှင်တော့ အာဏာမစွန့်ချင်သည့် နအဖကျားငစဉ်းလဲနှင့် ပြည်သူလူထု၏ မန်းဒိတ်ရထားသည့် အန်အယ်လ်ဒီဆင်တို့ လယ်ပြင်မှာ (တွေ့ချင်ချင် မတွေ့ချင်ချင်) ထိပ်တိုက်တွေဆုံရနိုင်သည့် အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်သည်။
အန်အယ်လ်ဒီပါတီထဲမှ တချို့တလေ ရွေးကောက်ပွဲဝင်မည့်ဘက် ပဲ့ပါကောင်း ပါသွားနိုင်သော်လည်း အများစုက ရွေးကောက်ပွဲကို သပိတ်မှောက်ပြီး ၉၀ မန်းဒိတ်ကိုကိုင်ကာ လူထုတိုက်ပွဲဖော်လာနိုင်သည်။ နောက်ဆုံးအနေဖြင့် အန်အယ်လ်ဒီသမိုင်းလှစေရေးအတွက် ရထားသည့် မန်းဒိတ်နှင့် ထိပ်တိုက်ရင်ဆိုင်ဖို့ ပြင်ဆင်လာနိုင်သည်။
ထိုအချိန်တွင်မှ ထိပ်တိုက်ရင်မဆိုင်လျှင်တော့ ၉၀ ရလဒ်အတွက် အဓိကတာဝန်ရှိသည့် အန်အယ်လ်ဒီ ပါတီ အနေဖြင့် သမိုင်းကွေးရုံသာမက နောင်ရွေးကောက်ပွဲအဆက်ဆက်တွင်လည်း နာလန်ထူနိုင်မည့် အခြေအနေ ရှိတော့မည်မဟုတ်ပေ။
အန်အယ်လ်ဒီ သတ္တိရှိရှိလုပ်မည်ဆိုလျှင် ရွေးကောက်ပွဲကို ဆန့်ကျင်သည့် အခြားအတိုက်အခံအဖွဲ့ အစည်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးနှင့်အတူ ပြည်သူလူထုကလည်း မုချလိုက်ပါလာမည်မှာ သေချာသည်။
ထိုနောက်ဆုံးထိပ်တိုက်ရင်ဆိုင်ပွဲမှတဆင့် လူထုတိုက်ပွဲဖော်ကာ အဆုံးသတ်တိုက်ပွဲအထိ တက်လှမ်းနိုင်သည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြမည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းအားလုံးအနေဖြင့် အဆုံးသတ်တိုက်ပွဲအတွက် အဆင်သင့်အနေအထား ဖြစ်အောင် ပြင်ဆင်ထားကြဖို့ လိုကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။
No comments:
Post a Comment