Thursday, June 4, 2009

မနက်ဖြန်အတွက် မြန်မာလူထု ဘာဆက်လုပ်မလဲ


မေးခွန်းသည် ကြီးမားကျယ်ပြန့်လှသည်။ မည်သည့်အပိုင်းကို ဆိုလိုသနည်း။ မည်သည့်ပန်းတိုင်ကို ဦးတည်သနည်း။


လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေကို တိတိပပ ပြောကြမည်ဆိုလျှင် စစ်အုပ်ချုပ်ရေးနှင့် စစ်အစိုးရကို တိုက်ဖျက်လိုသော၊ ရွံမုန်းသော စိတ်ဓာတ်များ ပြည်သူလူထုအတွင်း ကြီးမားစွာ ကိန်းအောင်းနေဆဲဖြစ်သည်။ အချုပ်အနှောင်ဖြင့် နေနေခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထု၏ ကြည်ညိုလေးစားမှုက အံ့မခန်း များပြားဆဲ။

သို့သော် ဆိုးရွားလှသော ဖိနှိပ်မှုအောက်မှ အတိုက်အခံများမှာ အားအဖြစ် မစုစည်း၊ မတည်ဆောက်နိုင်သေး။ တိုင်းရင်းသား အဖွဲ့အစည်းများကလည်း သက်ဆိုင်ရာ မူနှင့် ယုံကြည်ချက်တိုင်း ကိုယ်ပိုင်နယ်မြေတွင်သာ ဆက်လက်၍ ရပ်တည်နေသည်။ တိုင်းရင်းသား အဖွဲ့အများအကြား အောင်မြင်သော၊ ယုံကြည်မှုခိုင်မာသော ပေါင်းကူးတံတား မထိုးနိုင်ကြသေး။

စစ်တပ်၏ သြဇာသက်ရောက်သော၊ ချုပ်ကိုင်ထားသော ပြည်တွင်း ပြည်မနေရာများရှိ ပြည်သူလူထု အများစုမှာ တိုင်းရင်းသားတို့၏ ရပ်တည်မှုကို ပြည့်ဝစွာ နားမလည်နိုင်ကြသေး။

ပြည်တွင်းရှိ လက်ရှိ အသက်ဝင် လှုပ်ရှားနေသော NLD နှင့် ဟိုဟိုသည်သည်တွင် လှုပ်ရှားနေသော ကျောင်းသား လူငယ်အဖွဲ့များကြားတွင်လည်း ခိုင်မာသော ဆက်စပ်မှု မဖြစ်ထွန်းသေးပါ။ ထိုအဖွဲ့အစည်းများနှင့် ပြည်ပရောက် အဖွဲ့အစည်းများ ကြားတွင်လည်း လူထုမျက်စိထဲ နားထဲ ဝင်သွားမည့် ပေါင်းစပ်မှုမျိုးကိုလည်း မဖန်တီးနိုင်သေးပါ။

အကဲခပ်နေကြသော ပြည်တွင်းရှိ မြန်မာ့အရေးကို စိတ်ဝင်စားနေသူများ၊ လှုပ်ရှားဖို့အတွက် ခြေကုပ်ဖန်တီးနေသော ရုန်းကန်နေကြသော ရွက်ပုန်းသီး အင်အားစုများမှာလည်း ဟိုသည် နားစွင့်နေကြ၊ မျက်လုံးဖြဲ ရှာကြည့်နေကြဆဲ။

ဤသို့ အခြေအနေတွင် ထိုလှုပ်ရှားသက်ဝင်သော အင်အားစု NLD ၊ ကျောင်းသား အဖွဲ့ငယ်လေးများ၊ အကဲခတ်ပြီး စောင့်ကြည့်နေသော၊ နေရာရှာနေသော ရွက်ပုန်းသီးများ စသူတို့အတွက် အကောင်းဆုံးသော ခြေလှမ်းသည် မည်သည့် ပုံစံအနေအထား၊ အချိန်နှင့် ဦးတည်ရာတို့ကို အကောင်အထည်ဖော်ကြမည်နည်း။

ပြည်တွင်းတွင်လည်း တောင်ပေါ်နှင့် မြေပြန့် အင်အားစုများကြား အချိန်ယူ အစီအစဉ်ချပြီး၊ စည်းရုံးမှု တည်ဆောက်သော အခြေခံမူများ အလုပ်များကို သတ်မှတ်ခွဲဝေယူနိုင်မည့် စီမံကိန်းမျိုးကို ဤနှစ်ပေါင်း ၂ဝ ကျော်အတွင်း လမ်းမခင်းနိုင်သေး။

ယုတ်စွအဆုံး ပြောရလျှင် မြို့နယ်အသီးသီးရှိ NLD အဖွဲ့များတွင်လည်း ဆက်စပ်ပတ်သက်မှု၊ လုပ်ငန်းစဉ် ချမှတ်မှု၊ အကောင်အထည် ဖော်ဆောင်မှုတို့ကို ပံ့ပိုးပေးနိုင်သော အခြေခံ ယုံကြည်မှုနှင့် မလူးသာ မလွန့်သာ အခြေအနေတွင် လမ်းစဖော်ဖို့အတွက် ကြိုးပမ်းအားထုတ်မှုများမှာလည်း သွေးတိုးစမ်းဆဲ ရှိနေသေးသည်။

မနက်ဖြန်သည် မြန်မာလူမျိုးတို့အတွက် မည်သည့် အဓိပ္ပာယ်ကို သက်ဝင်စေမည်နည်း။ လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဘဝင်မကျနိုင်သည့် ပြည်တွင်းပြည်ပ အင်အားစုများ၊ လက်ရှိ နှောင်ဖွဲ့ခံနေရသော လူထုခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးယုံကြည်ချက် အားကောင်းသူများ အားလုံး အပါအဝင် လူထုကြီးသည် မည်သည့် အစပျိုးတည်ဆောက်မှုများ၊ ပြည်သူ့အားနှင့် ပြည်သူ့ဆန္ဒ၊ ပြည်သူ့ စိတ်ဓာတ်ကို ရိုက်ခတ်ထင်ဟပ်စေမည့် လှုပ်ရှားမှုများ ဖန်တီးလုပ်ယူကြမည်နည်း။

အနာဂတ်သည် ယနေ့ ကြိုးပမ်းအားထုတ်မှု၏ အကျိုးဆက်ဖြစ်သောကြောင့် ယနေ့ ပြည်တွင်း အင်အားစုများ၏ လှုပ်ရှားမှုသည် မနက်ဖြန်၏ အဓိပ္ပာယ်ကို ဖော်ကျူးပေလိမ့်မည်။ မျိုးဆက်တို့သည် တဆင့်ပြီးတဆင့် ကူးပြောင်းလာခဲ့ပြီ။ နှစ် ၂ဝ ကျော် သက်တမ်းသည် လှိုင်းတံပိုးကဲ့သို့ တရွေ့ရွေ့ ရှေ့သွားနေသော မျိုးဆက်ကို မည်ကဲ့သို့သော အုတ်မြစ်များ တည်ဆောက်ပေးခဲ့သနည်း။

မြန်မာလူမျိုးတို့၏ အနာဂတ်အတွက် မည်သို့သော စွန့်လွှတ်ပေးဆပ်မှုများ၊ မည်သို့သော တဦးကောင်းပုံစံများ၊ အဖွဲ့လိုက်ပုံစံများ၊ မည်သို့သော လမ်းကြောင်းများဖြင့် အကောင်အထည်ဖော် တည်ဆောက်ကြမည်နည်း။

အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ မျိုးချစ်လူငယ် ၃ဝ ၊ အမှန်တရားကို မြတ်နိုးသည့် ၈၈ ကျောင်းသား အင်အားစု စသည်များသည်လည်း သမိုင်းကို တောက်ပြောင်စေခဲ့လေပြီ။

၂ဝဝ၉ ၊ ၂ဝ၁ဝ တွင် မည်သည့်သူရဲကောင်းများကို မျှော်ကြရမည်နည်း။

ကျောင်းသားထုလော၊ လူထုလော၊ နိုင်ငံရေးသမားထုလော၊ တိုင်းရင်းသားထုလော၊ ပြည်ပ၏ လှုပ်ရှားမှုလော။

မျှော်လည်း မျှော်ပါသည်။ ကိုယ်တိုင်လည်း ဝင်ပါချင်သည်။ နံနက်လင်းမည့် နေကို အမှောင်မှ စောင့်မျှော်ရဦးမည်။

No comments: